ကောင်မလေးသုံးယောက်
လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်လောက်က ကောင်မလေးတယောက်ကို ကျနော် သတိရနေမိတယ်။ ကောင်မလေးက ငယ်သေးတယ်။ တော့်တော်ကို ငယ်သေးတာ။ အလွန်ဆုံးမှ ဆယ့်ရှစ်နှစ်ပေါ့။ အဲဒီတုန်းက တလကို လေးငါးရက်လောက်တော့ဖြင့် သူတက်နေတဲ့ တက္ကသိုလ်ကျောင်းရဲ့ တူညီ၀တ်စုံကလေးနဲ့ ကျနော့်စာအုပ်ဆိုင်ကလေးကို သူရောက်လာတတ်တယ်ထင်တယ်။ ရောက်လာရင် တော်တော်နဲ့ မပြန်တော့ဘူး။ စာအုပ်စင် တစင်နဲ့တစင်ကို ကူးလူးနေတယ်။ စာအုပ်တွေ တအုပ်ပြီးတအုပ် လှန်လှောဖတ်ကြည့်နေမယ်။ သူကြိုက်တဲ့ စာအုပ်တအုပ်ကို တွေ့ရင် စာအုပ်စင်ပေါ်ကချ၊ လမ်းနံဘေးမို့ ဖုန်းတသောသောဖြစ်နေတဲ့ ကျနော့်ဆိုင်ကြမ်းပြင်က ဖယောင်းကော်ဇောပေါ်ထိုင်ရင်း ပေါင်ပေါ်မေးထောက်လို့ ထိုင်ဖတ်နေတတ်တယ်။ အရုပ်မလေးတရုပ်လို တကယ့်ကို ငြိမ်သက်စွာ။ တကမ္ဘာလုံး သူတယောက်သာ ရှိနေတော့သလို ငြိမ်သက်အေးဆေးစွာပေါ့လေ။
အဲဒီအတိုင်းပဲ ငြိမ်သက်ပြီး တနာရီ၊ နှစ်နာရီ ကြာချင်ကြာသွားတတ်တယ်။ သူ အဲဒီလို စာထိုင်ဖတ်နေတဲ့အချိန်တွေမှာ များသောအားဖြင့်တော့ ကျနော်လည်းပဲ စာထိုင်ဖတ်နေမိတာများတယ်။ တခါတလေမှာ သူရှိနေတာကိုတောင် မေ့နေတတ်တယ်။ ဘာစကားမှလည်း မပြောဖြစ်လှပါဘူး။ အလွန်နည်းတဲ့ တကြိမ်နှစ်ကြိမ်လောက်မှာ စာအုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ သူမေးချင်မေးတယ်။ အဲဒီအခါမှာ ကျနော်ကလည်း သိရင် သိတယ်၊ မသိရင်လည်း မသိဘူးပေါ့။ အမေးတခွန်း၊ အဖြေတခွန်း။ ပြီးတော့ ပြန်ငြိမ်သက် စာထိုင်ဖတ်နေပြန်ရော။ ဒီတော့ သိပ်ခင်လှတယ်ရယ်လည်း မဆိုနိုင်ဘူးပေါ့။ ဒါပေမယ့် အတော်ခင်ခဲ့တယ် လို့လည်း ဆိုချင်ဆိုနိုင်ပါလိမ့်မယ်။ သူစာဖတ်နေချိန် တခါတရံမှာတော့ ကျနော် လက်ဖက်ရည်ကလေး ပါဆယ်ပြေး၀ယ်ချင်တာ၊ ကွမ်းယာကလေးသွားထုပ်ချင်တာများရှိရင် ခဏစောင့်ပေးဦးနော်လို့ ဆိုင်ကို သူနဲ့ထားခဲ့တာမျိုးလည်း ရှိတော့ရှိတတ်ပါတယ်။ အဲဒီနောက်တော့ သူ၀ယ်မယ့် စာအုပ်တအုပ်အတွက် ကျသင့်ငွေပေးပြီး သူ့ဆိုင်ကယ်ကလေးနဲ့ ပြန်သွားတာပဲ။ အလ္လာပသလ္လာပ စကားပြောခဲ့တာမျိုးတော့ မရှိသလောက်ပါပဲ။
သူ အဲဒီလို ကျနော့် စာအုပ်ဆိုင်မှာ စာလာလာဖတ်လေ့ရှိတာ တနှစ်၊ တနှစ်ခွဲကာလ လောက်ကလေးများ ရှိမလားတော့ အတိအကျ မမှတ်မိနိုင်တော့ပါဘူး။ အဲဒီလောက် ကာလကလေးပါပဲ။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်၊ ကလေးသာသာ အပြစ်ကင်းတဲ့မျက်နှာကလေးနဲ့ ချစ်စဖွယ်ကောင်မလေး တယောက်။ ဆိုင်ကိုရောက်ရောက်လာ ငြိမ်သက်စွာ စာလာလာဖတ်တတ်တဲ့ အဲဒီကောင်မလေးခမျာ ကံမကောင်းအကြောင်းမလှစွာပဲ ယာဉ်မတော်မဆမှုနဲ့ ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။ အဲဒါ သိပ်ကြာလှပြီတောင် မဆိုနိုင်ဘူး။ သုံးလောက်နှစ်လောက်တော့ ရှိပြီပေါ့။
ကျနော့်မှာ အတော်လေးကို ထိတ်လန့်အံ့အားသင့်ပြီး ၀မ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ငယ်ရွယ်လွန်းလှလို့ နှမျောတသ ဖြစ်မိတယ်။ ဆုံတွေ့နေရချိန် ကျနော့်ဆိုင်မှာ စာလာလာဖတ်နေချိန်တွေတုန်းကတော့ စိတ်ထဲထူးထူးခြားခြား ပြောပလောက်အောင် စိတ်အတွေးမရှိခဲ့၊ စာအုပ်စာပေနဲ့ ဝေးနေကြတဲ့ လူငယ်တွေကြား ဒီကောင်မလေးကတော့ စာအလွန်ဖတ်တဲ့ ကောင်မလေးတယောက်လို့သာ ဖြစ်မိပေမယ့်၊ သေဆုံးခဲ့ပြီးပြီ ဆိုတဲ့အသိက တဘ၀လုံး မေ့ဖို့ခက်လှအောင်ကို မှတ်ဥာဏ်ထဲ အဲဒီကောင်မလေးရဲ့ ပုံရိပ်တွေဟာ ပြတ်သားထင်ရှားလို့သာနေတယ်။ စာဖတ်နေတဲ့ မိန်းကလေးငယ်တွေကို တွေ့တိုင်း သူ့ကို ကျနော် သတိရလို့လာတယ်။ အမြဲပါပဲ။
xxx
နောက်ထပ် ကျနော်အမြဲအမှတ်ရနေတဲ့ ကောင်မလေး တယောက်ရှိသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက တနှစ်လောက် ဆုံတွေ့ခဲ့ရဖူးတဲ့ ကောင်မလေး။ သူမကိုလည်း မကြာမကြာ ကျနော် အမှတ်ရနေဆဲ။ အဲဒီတုန်းက သူမဟာ ဆယ်တန်းတက်မယ့် ကျောင်းသူကလေးပဲရှိသေးတယ်။ ကျနော့်ထက် ခြောက်နှစ် ခုနစ်နှစ်လောက်တော့ ငယ်လိမ့်မယ်။ အဲဒီတုန်းက ကျနော်က ဓာတ်ပုံဆရာ မဟုတ်တဲ့ ဓာတ်ပုံတပည့်၊ ဓာတ်ပုံပညာသင်ယူနေတဲ့ အချိန်ပေါ့။ နောက်ပြီး ကဗျာတွေရေးတယ်။ မဂ္ဂဇင်းတွေမှာ ကဗျာဖော်ပြခံရဖို့ ဓာတ်ပုံပညာသင်ယူဖို့ထက် ပိုပြီး အပြင်းအထန်အားထုတ်နေခဲ့တာ။
သူမဟာ ကျောင်းလစ်လစ်ပြီး ကျနော့်အလုပ်သင်ဆိုင်ကလေးကို ရောက်ရောက်လာတတ်တယ်။ ကဗျာအကြောင်းတွေ ကျနော်တို့ ပြောတယ်။ ဘာစာအုပ်တွေဖတ်နေလဲ အပြန်အလှန် စာအုပ် ဖလှယ်ကြတယ်။ ဆယ်တန်းကျောင်းသူတယောက်နဲ့ မလိုက်အောင် မော်ဒန်ကဗျာတွေနဲ့ ပတ်သက်ပြီး သူ့သိမှုက မြင့်မား တယ်လို့ ကျနော်တော့ ပြန်တွေးမိပြီး အံ့သြနေမိတယ်။ ကျနော့်ထက်လည်း စာပိုဖတ်နိုင်တယ်။ အကြောင်းပြချက်ပေးတာမဟုတ်ပေမယ့် အဲဒီတုန်းက ကျနော်ဟာ မွဲလွန်းလို့ နှစ်ဆယ့်လေးနာရီမှာ ဆယ့်လေးနာရီလောက်က အလုပ်နဲ့ပဲ နပန်းလုံးနေရတယ်။ ငွေရှာနေရတယ်ပေါ့။ သူမကတော့ ဒီလိုမဟုတ် သူမရဲ့ မိဘတွေဟာ အချမ်းသာကြီးမဟုတ်ပေမယ့် ဆင်းရဲတယ်ဆိုတာနဲ့ဝေးလှတဲ့ ကုန်သည်တွေ။ ဒီတော့ သူမ ကျောင်းစာမဟုတ်တဲ့ ကဗျာတွေ၊ ၀တ္ထုစာအုပ်တွေ ၀ယ်၀ယ်ဖတ်နေတာကို သဘောကျသလိုရှိပေမယ့် ကဗျာရေးတာကို နှစ်သက်လက်ခံဖို့ မတတ်နိုင်ကြဘူး၊၊ သူမမှာ ကဗျာတွေခိုးခိုးရေးရတယ်၊၊
ဓာတ်ပုံဆိုင်ကလေးကို ရောက်လာတိုင်း သူမ ရေးထားတဲ့ ကဗျာတွေ ကျနော့်ကိုပေးဖတ်တယ်။ သူမကဗျာတွေဟာ ကျနော့်ကဗျာတွေထက် ကောင်းတာ ငြင်းမရဘူးပေါ့။ ဒါပေမယ့် သူမဟာ ကျနော့်ကို ပေးဖတ်တဲ့ ကဗျာတွေထဲက ကျနော်က ကောင်းတယ်လို့ ယူဆမှတ်ချက်ပြုတဲ့ကဗျာတွေကိုပဲ ကျနော့်ဆီ ထားခဲ့တတ်တယ်။ အဲဒါတွေကို မဂ္ဂဇင်းတွေကို ပို့ပေးဖို့ ကျနော့်ကို သူတောင်းဆိုလေ့ရှိတယ်။ အဲဒီလို အချိန်တွေအတိုင်း ကျနော်ကလည်း ပွင့်ပွင့်လင်းလင်းပဲ စာအိတ်ဖိုး၊ အချောကူးရေးဖို့ စာရွက်ဖိုး တောင်းရတယ်။ ကျနော့်မှာ ကိုယ့်ကဗျာကိုယ် မဂ္ဂဇင်းပို့ဖို့ကိုတောင် ခဲယဉ်းနေတဲ့ ကာလတွေကိုး။ ပြီးတော့ ကျနော့်လိပ်စာနဲ့ပဲ မဂ္ဂဇင်းတွေဆီ ကဗျာပို့ပေးလိုက်တယ်။ သူမရဲ့ ကလောင်နာမည်က တစုံတယောက် တဲ့။ ထူးခြားတဲ့ ကလောင်နာမည်တခုပါပဲ။
သူမရဲ့ ကဗျာတွေ မဂ္ဂဇင ်းတွေမှာ မပါခဲ့ဖူးလို့ ကျနော်ထင်ပါတယ်။ အနည်းဆုံးတော့ ကျနော် စောင့်ကြည့်နေတဲ့ လများအတွင်းမှာတော့ ဖော်ပြမခံခဲ့ရတာ သေချာတယ်။ အဲဒီတုန်းကတော့ မဂ္ဂဇင်းတခုခုမှာ ကဗျာပါဖို့က သိပ်ခက်ခဲ သိပ်ကြာမြင့်တတ်တာကိုး။ ကျနော့်ကဗျာတပုဒ်ဆိုရင် ပို့ပြီး နှစ်နှစ်ခွဲကျော်ကြာမှ မဂ္ဂဇင်းမှာ ပါလာတာ ကြုံခဲ့ဖူးတယ်။ ဘာဖြစ်လို့ အဲသလောက်တောင် ကြာရတယ် မစဉ်းစားတတ်နိုင်အောင်ပါပဲ။ သူမ ဘယ်ကိုမှန်းမသိ ပျောက်ကွယ်ထွက်ခွာသွားရတဲ့နောက်ပိုင်း ကျနော်ပို့ပေးခဲ့တဲ့ သူမကဗျာတွေ မဂ္ဂဇင်းတွေမှာ ဖော်ပြလာလေမလား စောင့်ကြည့်ခဲ့တာတော့ တစုံတယောက် ရဲ့ ကဗျာတွေဟာ ပါမလာခဲ့ဖူးပါဘူး။
ဆယ်တန်းဖြေပြီးတဲ့နောက်မှာ သူ့အဖေ ဆုံးပါးသွားတယ်။ အဲဒီနောက် သူမတို့ မိသားစု တနယ်တကျေးကို ပြောင်းရွှေ့သွားတယ်လို့ ကြားလိုက်ရတယ်။ နှုတ်တောင် မဆက်လိုက်ရလို့ ဘယ်မြို့ကို ပြောင်းရွှေ့သွားတယ်လည်း ကျနော်မသိခဲ့ဘူး။ ယနေ့အထိလည်း ပြန်မဆုံဖြစ်ကြတော့ဘူး။ သူမ ကဗျာတွေ မရေးဖြစ်တော့ဘူး ထင်တယ်။ ဒါမှမဟုတ် ယနေ့အထိ သူမ ကဗျာတွေ ရေးနေတုန်းလား မဂ္ဂဇင်းတွေကိုများ ပို့နေလေဦးမလားလို့ တခါတလေ ကျနော် တွေးနေမိတယ်။ ကဗျာတွေရေးနေဆဲပဲဆိုရင် ကလောင်နာမည်ကလည်း တစုံတယောက် ပဲလား။ တစုံတယောက်ဆိုတဲ့ ကလောင်နာမည်လိုပဲ ထူးခြားတဲ့ နာမည်တခုခုကို ပြောင်းလဲလိုက်ပြီလားလို့ ကျနော် ရော်ရမ်းတွေးဆလို့နေမိတယ်။
သူမရဲ့ ကလောင်နာမည်အကြောင်းကို မှန်းဆနေမိရာက နေပါဦး ဒါနဲ့ သူမ နာမည်အရင်းက ဘာပါလိမ့်လို့ စဉ်းစားကြည့်ခဲ့မိတော့ အံ့သြစရာပဲ။ သူမရဲ့ နာမည်အရင်းကို ကျနော် မမှတ်မိ မသိဘူး။ ဒီတော့မှ ကျနော်နဲ့ သူမဟာ ခင်ခဲ့တဲ့ တနှစ်ကျော်ကာလလေးအတွင်း ကဗျာအကြောင်းကလွဲလို့ အခြားဘာမှထွေထွေထူးထူး မပြောခဲ့ကြဖူးပါလားလို့ သိသွားတယ်။ နာမည်ကလေးအကြောင်းတောင် မပြောဖြစ်ခဲ့ကြတာ။ ကုန်လွန်ခဲ့တဲ့ နှစ်ကာလတွေကို ပြန်ကြည့်ရင်တော့ ခဏလေးလိုပဲ ထင်မိတယ်။ ခဏလေးဆိုပေမယ့်လည်း တချို့အရာတွေကတော့ သိပ်ကြာခဲ့ပါပြီ။ အဲဒီ တစုံတယောက်ကိုတော့ ကျနော် ခုထိ တိုက်ဆိုင်ရင်ဖြင့် သတိရနေမိတုန်း။ ကဗျာတွေ ခိုးခိုးရေးနေခဲ့တဲ့ ကောင်မလေးပေါ့၊၊
xxx
နောက်ထပ် နောက်ထပ်သော ကောင်မလေးတယောက်ကို ကျနော် မှတ်မိနေသေးတယ်။ အချိန်ကာလအားဖြင့်တော့ သူက ပိုကြာသွားခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက ကျနော့် ငယ်သူငယ်ချင်းကောင်မလေးတယောက်ပေါ့။ လေးတန်းအရွယ် ကလေးဘ၀တရက် ကျောင်းဆင်းချိန်မှာ သူ့ရဲ့ ကိုးနှစ်ပြည့်မွေးနေ့ပွဲလေးကျင်းပဖို့ သူ့ရဲ့အမေက အတန်းထဲကခင်တဲ့ သူငယ်ချင်းလေးငါးယောက် ခေါ်ခဲ့ဖို့ပြောတယ်။ အဲဒီမတိုင်ခင်က သူနဲ့ကျနော်ဟာ တတန်းတည်းဆိုပေမယ့် မခင်ကြဘူး။ ငါ့ မွေးနေ့ ငါ့အိမ်ကို နင်လိုက်ခဲ့မလားလို့ သူကမေးတယ်။ ကျနော် ကြောင်ကြည့်နေခဲ့တယ်။ “ကိတ်မုန့်လည်း ကျွေးမှာ ကာတွန်းကားလည်း ကြည့်မှာ” သူဆက်ပြောတယ်။ ကိတ်မုန့်နဲ့ ကာတွန်းကားက ကျနော့်ကို ဆွဲဆောင်နေလို့ ပါသွားခဲ့တယ်။
သူ့အိမ်ရောက်တော့ ကျနော်ရယ်အခြားသူငယ်ချင်းတွေရယ် သူရယ်ဟာ ဖယောင်းတိုင်လေး ကိုးတိုင်ထွန်းထားတဲ့ ကိတ်မုန့်လေးဘေးမှာ ဝိုင်းလို့ထိုင်ကြတယ်။ ပြီးတော့ ကိတ်မုန့်စားတယ်။ တီဗွီကြည့်တယ်။ ထို့နောက် သူ့အမေဟာ စာအုပ်ကလေးတအုပ်ကိုင်လို့ ကျနော်တို့ကို ပုံပြင်တွေဖတ်ပြတယ်။ အပြန်မှာ မွေးနေ့လက်ဆောင်အဖြစ် ပုံပြင်စာအုပ်တအုပ်စီ ပေးလိုက်သေးတယ်။ ကျနော် ပျော်သွားတယ်။ ကိတ်မုန့်နဲ့ကာတွန်းကားကို ကြိုက်တာထက် ရုပ်ပုံကလေးတွေပါတဲ့ ပုံပြင်စာအုပ်ကလေးက ကျနော်တို့ကို ပိုပြီး အံ့သြမင်သက်စေ ခဲ့တယ်။
အဲဒီသူ့မွေးနေ့ကစလို့ သူနဲ့ကျနော်ဟာ အတန်းထဲအတူတူထိုင်ရင်း ခင်မင်ခဲ့ကြတယ်။ သူ့ဆီကနေ ပုံပြင်စာအုပ်တွေ ငှားငှားပြီးဖတ်တတ်လာခဲ့တယ်။ အလယ်တန်းတလျှောက်လုံး သူ့ဆီကနေ စာအုပ်အငှား မပြတ်ခဲ့ဘူး။ သူကလည်း အမြဲတမ်း ကျနော့်အတွက် စာအုပ်တွေ ယူယူလာတတ်တယ်။ အဲဒီကနေ အထက်တန်းမှာ ကျနော်တို့ ကျောင်းမတူတော့။ ဒါပေမယ့် သူ့ရဲ့မွေးနေ့မှာ ရရှိခဲ့တဲ့ လက်ဆောင်စာအုပ်ကလေးမှစလို့ ကျနော် စာဖတ်ခြင်းကို စွဲလန်းသွားခဲ့တယ်။
အဲဒီနောက် နှစ်တွေကြာသွားတယ်။ ကျောင်းမတူတော့လည်း အနေဝေး စိမ်းသလိုလို ဖြစ်သွားတယ်။ ကျနော်လည်း ဆယ်တန်းအောင်ပြီး တက္ကသိုလ်တောင် မတက်ရသေး မွေးရပ်ဇာတိကနေ မိသားစုလိုက် အခြားမြို့တမြို့ကို ပြောင်းလာခဲ့ကြရတယ်။ ကလေးဘ၀တခုလုံးလိုလို အငွေ့ပျံသွားတယ်။ ဘာမှမကျန်သလောက်ပဲ။ ဒါပေမယ့် က ျနော့်ကို ပုံပြင်စာအုပ်လက်ဆောင်ပေးခဲ့တဲ့ သူ့ရဲ့ မွေးနေ့ ရက်ကလေးကိုတော့ မေ့လို့မရနိုင်ဘူး။ ပုံပြင်စာအုပ်ကလေးတွေမြင်ရတိုင်း မပီဝိုးတဝါးဖြစ်နေတဲ့ သူ့မျက်နှာကလေးကို ပြန်မြင်ယောင်မှန်းဆကြည့်မိတုန်း။
ကျနော့်မှတ်ဥာဏ်ကို နက်နက်နဲနဲ ကုပ်ခြစ်တူးဆွကြည့်ပါမှ အာရုံမှာအလွန်ဆုံး ပေါ်လာနိုင်ရင် သူမရဲ့ ဆံပင်တိုကုပ်ဝဲကလေးရယ်၊ မေးစေ့အောက်က မှဲ့နက်ကလေးရယ်ကိုပဲ မြင်ယောင်အောက်မေ့နိုင် တော့တယ်။ သိပ်ကြာလွန်းခဲ့ပြီကိုး။ ယနေ့အထိ ဘယ်မြို့ ဘယ်နေရာက ဘယ်အချိန်ချိန်မှာဖြစ်ဖြစ် မေးစေ့အောက်မှာ မှဲ့နက်ကလေးနဲ့ မိန်းကလေးများမြင်ရရင် သူမများလားလို့ သံသယ၀င်မိတုန်းပဲ။ စာတွေဖတ်နေတဲ့ မေးစေ့အောက်က မှဲ့နက်ကလေးနဲ့ကောင်မလေးတယောက် ဘယ်များရောက်နေမှာပါလိမ့်လို့ တခါတခါ အောက်မေ့ အမှတ်ရနေဆဲပါ၊၊
လင်းခါး