ကျောပေါက်သရဲ
#lkessayden 18
တခါတလေ ကျနော့်မှတ်ဥာဏ်ထဲမှာ ကျနော် တော်တော်ကြီးကို ငယ်တုန်းက ပုံရိပ်တခုပြန်ပြန်ပေါ်လာတယ်။ ဘာပုံရိပ်လဲဆိုတော့ မနက်ခင်းအစောကြီး အလင်းရောင်တောင် မရှိသေးတဲ့အချိန် အမေက တစ်ပေလောက်ရှိမယ့် သံပိုက်လုံးမီးပြောင်းနဲ့ မီးဖိုမီးကိုတောက်လာအောင် မှုတ်နေတယ်။ ကျနော်က မီးဖိုနံဘေးက မီးခိုးပြာတွေထဲ အိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ပုံ။ အံ့သြစရာကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ မီးဖိုနံဘေးမှာ အိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ ကျနော်ဟာလေးနှစ်သားလောက်ပဲ ရှိဦးမှာမို့ပဲ။ အဲဒီပုံရိပ်ဟာ ကျနော့်ဘ၀တသက်တာ ငယ်ဘ၀ကို မှတ်မိသမျှတွေထဲက ကျနော်အငယ်ဆုံးပုံရိပ်မို့ပဲ။ ဒီပြင် မှတ်မိသမျှတွေဟာ အဲဒီထက် ကြီးတဲ့အရွယ်တွေချည့်။
အဲဒီပုံရိပ်ကို မှတ်မိတယ်ဆိုရာမှာလည်း အကြောင်းတိုက်ဆိုင်တာမျိုးတွေကြောင့် မဟုတ်ဘူး။ သူ့ဘာသာသူ ပေါ်လာတာမျိုးပဲ။ နောက်ပြီး အဲဒီပုံရိပ်နဲ့ ပတ်သက်လို့ ကျနော်ဟာ အဲဒီပုံရိပ် သက်သက်ကိုသာ မှတ်မိတာဖြစ်ပြီး ဘာဖြစ်လို့ ကျနော့်အမေဟာ မီးဖိုမီးတောက်အောင် လုပ်နေတာလဲ။ ကျနော်ကလည်း ဘာဖြစ်လို့ မီးဖိုနံဘေး ဘောင်းဘီတိုကလေး၀တ်ပြီး အိပ်ငိုက်နေရသလဲ စသဖြင့် ကျနော် မသိဘူး။ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်ကတော့ အမေ့ကို မေးကြည့်ဖူးတယ်။ အမေရယ် ကျနော်ဖြင့် ဒီလို ဒီလိုပဲ သတိရရနေတယ်။ အဲဒီတုန်းက အမေက ဘာလုပ်နေတာလဲ လို့ မေးတော့ အမေက အဲဒါကို ကျနော်မှတ်မိလို့ အံ့သြနေတယ်။
ငါ့သား အဲဒီတုန်းက သုံးနှစ်ခွဲလောက်ရှိသေးတာတဲ့။ အဲဒီနေ့က ကျနော့်အကို (ကျနော်ထက် နှစ်နှစ်ကျော်ကြီးတယ်) ဖျားနေလို့ ကျနော့်ကို အဖော်အနေနဲ့ ခေါ်တာတဲ့။ မနက်ခင်းအစောကို အမေက အကြော်ကြော်ရောင်းတာပေါ့။ အဖေလည်း ပါပေမယ့် အဖေက အိမ်နဲ့ဆိုင် အခေါက်ခေါက်အခါခါ ပစ္စည်းတွေသယ်သယ်ပေးနေရတော့ အဖေ အိမ်ပြန် ပစ္စည်းသယ်နေတဲ့အချိန် အမေက သရဲကြောက်တတ်တော့ ကျနော့်အကိုကို ကူဖော်လောင်ဖက်ရဖို့ ခေါ်တာ။ အဲဒီနေ့က ကျနော့်အကိုဖျားတော့ ကလေးပဲဆိုပေမယ့် အဖော်ရှိရင် အမေက မကြောက်တော့ဘူးဆိုတော့ ကျနော့်ကို ရအောင်နိုးခေါ်လာသ တဲ့။ အဲဒါလည်း အဲဒီတကြိမ်ပါပဲတဲ့။ ငါ့သားက ခုထိမှတ်မိသေးတာပဲတဲ့။ အမေက ရယ်နေတယ်။
ကျနော်လည်း အဲဒီအဖြစ်အပျက်ကို မှတ်မိနေလို့ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ မယုံနိုင်ဘူး။ သိပ်ငယ်သေးတာကိုး။ ငယ်ဘ၀ အမှတ်ရချက်တွေထဲ ဒုတိယလိုက်တဲ့ အသက်အငယ်ဆုံးအဖြစ်အပျက်ဆိုရင် သုံးနှစ်ခွဲဆိုတဲ့အရွယ်နဲ့ တော်တော်ကို ကွာသွားပြီ။ ကျနော်ရှစ်နှစ်ကိုးနှစ် လောက်က ကြက်ကိုသွားစမိလို့ ကြက်လိုက်ခွပ်ခံရတာက ဒုတိယ အငယ်ဆုံး အမှတ်ရချက်ပဲ။ ကျနော်က ဥာဏ်တွေဘာတွေသိပ်ကောင်းတဲ့ ကလေးမျိုးလည်း မဟုတ်ဘူး။ ငယ်တုန်းက အဖြစ်အပျက်တွေဆိုတာကလည်း ဓာတ်ပုံများလို ဟိုတကွက် ဒီတကွက်ပဲ။ တခါတလေ ကျနော်တို့ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်ကြတဲ့အခါမျိုးမှာ ပြန်စဉ်းစားကြရသလိုမျိုးပေါ့။ ငါ အဲဒီတုန်းက ဘာဖြစ်လို့ ရယ်နေတာပါလိမ့်၊ ငါက ဘာဖြစ်လို့ စိတ်ကောက်တဲ့ပုံ ဖြစ်နေတာလဲ တို့ပေါ့။ ဘာကြောင့်ဆိုတာ စဉ်းစားလို့ မရတော့ဘူး။
စဉ်းစားမရတဲ့ဟာမျိုးကိုသာ စဉ်းစားမရပေမယ့် တချို့အဖြစ်အပျက်တွေကိုကျတော့လည်း အဖြစ်အပျက်တင်မဟုတ်ဘဲ အဲဒီအချိန် အတွေးကိုပါ ပြန်မှတ်မိနေတာမျိုး ရှိသေးတယ်။ ကျနော်တို့ ငယ်ငယ်က အရပ်ထဲ စျေးလိုက်ရောင်းတဲ့ စျေးသည်ကြီးတွေ တော်တော်များများကို မှတ်မိနေတယ်။ ညဆိုရင် စက်ဘီးကလေးပေါ် နှီးတောင်းကလေးတင်ပြီး မုန့်ဖက်ထုပ်၊ အီကြာကွေး ရောင်းတဲ့ အသည် (အဲဒီအသည်ဟာ အီကြာကွေးကို အီကြာ…ကွေ့ ဆိုပြီး ကြာ နေရာကိုသံရှည်ဆွဲ ကွေ့ ဆိုတဲ့ အသံကျတော့ ဖြတ်ချလိုက်ပြီး အော်တာမျိုးကို ခုထိ နားထဲကမထွက်ဘဲ နားထောင်လို့ ကောင်းနေတုန်း)။ နောက် ထမ်းပိုးအထမ်းလေးနဲ့ ကရေကရာ စာကလေးခွေ ရောင်းတဲ့ အသည်ရယ် ဦးချိန်တီလျက်ဆားရောင်းတဲ့ အသည်။ အသည်တွေက တယောက်ကိုအသံတမျိုးစီနဲ့ ကျနော်တို့ကို စွဲဆောင်နိုင် ခဲ့ကြတယ်။
ကလေးအချင်းချင်း လက်တို့ပြောကြတဲ့ တချို့အတွေးတွေဟာ ထူးထူးဆန်းဆန်းတွေရယ်။ လျက်ဆား ရမယ် လျက်ဆား ဆိုတဲ့ ဦးချိန်တီ ရောင်းတဲ့ ဦးလေးကြီးကို ဆိုရင် ကျနော်တို့က အမြဲ စီအိုင်ဒီတို့ ဘာတို့က ထောက်လှမ်းရေး ရဲလို့ ထင်ကြတယ်။ ဘယ်သူက အစပြုပြောဆိုကြတယ်တော့ မမှတ်မိ မသိတော့ဘူးပေါ့။ အဲဒီ ရဲထောက်လှမ်းရေးကြီးဟာ လျက်ဆားသည်အယောင်ဆောင်ပြီး တမြို့နယ်၀င် တမြို့နယ်ထွက် လိုက်စုံစမ်းနေတယ်လို့ပဲ တွေးကြတယ်။ ဘာအကြောင်း ထောက်လှမ်းတယ်ဆိုတာကိုလည်း ထုံးစံအတိုင်း မသိဘူးပေါ့။ တကယ် ရယ်စရာပါ။ ဒါပေမယ့် နောင်မှ ဒါတွေဟာ ရယ်စရာ မဟုတ်ပါလားရယ်လို့ သိရတဲ့အကြောင်းတွေလည်း ရှိခဲ့ပါတယ်။
ကျနော် ငါးတန်းကနေ ဆယ်တန်းအထိ နေခဲ့ရတဲ့ ကျောင်းက ယောက်ျားလေးကျောင်း။ ဘေးနားကပ်ရပ်မှာ အုတ်တံတိုင်းမြင့်မြင့်ကြီး သာ ခြားပြီး မိန်းကလေးကျောင်းလည်း ရှိတယ်။ ကျနော် မူလတန်းကျောင်းကနေ ကျောင်းပြောင်း ငါးတန်းကို စတက်တော့ အဲဒီကျောင်းကြီးဟာ အရင်နေခဲ့တဲ့ကျောင်းထက်လည်း အများကြီး ကြီး၊ အများကြီးကျယ်၊ ကျောင်းသားတွေကလည်း အများကြီးဆိုတော့ ကျောင်း စတက်ရတဲ့နေ့ဟာ တကယ့် အတွေ့အကြုံထူးကြီးပါပဲ။ ကလေးကလည်း ကလေးဆိုတော့ အားလုံးကို ခပ်ရွံ့ရွံ့ ခပ်ကြောက်ကြောက် သိမ်ငယ်စွာနဲ့ပဲ စခဲ့ရတယ်။
အတန်းကြီးကျောင်းသားတွေကို ကြောက်တယ်။ တခါမှ မသင်ဖူးသေးတဲ့ ဆရာ၊ ဆရာမတွေကို ကြောက်တယ်။ မှောင်မဲနေတဲ့ စင်္ကြန်လမ်းကိုလည်း ကြောက်တယ်။ ရုပ်ဆိုးဆိုးနဲ့ ကျောင်းညစောင့် အဘိုးကြီး ကိုလည်း ကြောက်တာပဲ။ ဘာဖြစ်ဖြစ် အကုန်လုံးဟာ ကြောက်စရာတွေချည့် ဖြစ် နေတာပါပဲ အဲဒီလို ကြောက်စရာတွေချည့် ပြုံနေတဲ့ ကျောင်းမှာ နောက်ထပ် ကြောက်စရာ တခုထပ်တိုးပါတယ်။ ကျောပေါက်သရ ဲ တဲ့။ နာမည်ကြားရတာနဲ့တင် ကျောစိမ့်စရာ ပေါ့။
အတန်းကြီး ကိုးတန်းဆယ်တန်းကျောင်းသားတွေဟာ အိမ်သာထဲ ဆေးလိပ်ခိုးသောက် အတန်းချိန်လစ်ဆိုတော့ အဲဒီအိမ်သာထဲကို အောက်တန်းက ချာတိတ်တွေလာတာ သိပ်ကြည့်ရပုံ မပေါ်ပါဘူး။ ကျနော်တို့ အိမ်သာထဲရောက်ပြီဆိုရင် မီးခိုးငွေ့တွေကြားမှာ အိမ်သာတံခါးကို မှီရပ်နေတဲ့ ကျောင်းသား ကြီးတွေဟာ အိမ်သာတံခါးကိုလည်း ဖယ်မပေး ထုံပေပေရပ်ရင်း အမြဲပြောလေ့ရှိတဲ့ စကားက မင်းတို့ကောင်လေးတွေနော် အိမ်သာထဲကို ခဏ ခဏလာ ဒီမှာ ကျောပေါက်သရဲ ရှိတယ် မင်းတို့ မသိဘူးလား ငါတို့တောင် တယောက်ထဲ မလာရဲဘူး တဲ့။ သတင်းပေးသလိုလိုနဲ့ ခြောက်ပါတယ်။ သူတို့ အဲသည်လို ခြောက်တာဟာလည်း တကယ့်ကို ထိရောက်လှပါတယ်။
ကျနော်ဆိုရင် ငါးတန်းကနေ ဆယ်တန်းသာအောင်သွားခဲ့တယ်။ ကျောင်းအိမ်သာကို ဘယ်တုန်းကမှ တယောက်တည်း မသွားရဲခဲ့ဘူး။ ပြောမယ့်သာပြောရတယ် တကယ်တမ်းက အဲဒီကျောပေါက်သရဲဆိုတာကို ဘယ်သူကမှ မြင်ဖူးကြတာလည်း မဟုတ်ပါဘူး။ ကလေးဆိုတာက ကိုယ့်ကို သူများကလည်းပြော၊ ကိုယ်ကလည်း သူများကို လက်ဆင့်ကမ်းပြန်ပြော ပြောရင်းပြောရင်းနဲ့ ကိုယ်တိုင်ပဲ တကယ်ကြုံခဲ့ဖူးသလို ယုံကြည်ပြီး ကြောက်တော့တာကိုး။ ဒီကြားထဲ အဆိုးဆုံးက ကလေးကလေးချင်းပြောတာတင်မဟုတ်ဘဲ တခါတလေ ညစောင့်အဘိုးကြီးကလည်း ကျောပေါက်သရဲအကြောင်းကို ကျနော်တို့ကို ကြုံရင်ကြုံသလို ပို့ချသင်ခန်းစာပေးပါတယ်။ အဲဒီတော့ ကျနော်တို့က အချင်းချင်းလည်းပြော၊ နောက်တက်လာတဲ့ ချာတိတ်ကျောင်းသားသစ်လေးတွေကိုပြန်ပြော ကျောပေါက်သရဲဇာတ်လမ်းဟာ ကျောင်းတွေရဲ့ အထူးခြားဆုံး ဒဏ္ဌာရီ ဖြစ်ခဲ့တယ်။ တယောက်နဲ့ တယောက် ပြောကြဆိုကြတဲ့ ဇာတ်လမ်းကလေးတွေဟာ အနည်းငယ် ကွဲပြားခြား နားသွားကြပေမယ့် ကျောရိုးဇာတ်လမ်းကတော့ ဒီလိုပါ။
တခါက ကျောင်းသားတယောက်ဟာ ကျောင်းဆင်းတဲ့အချိန် အိမ်ကိုပြန်ချင်ဇောနဲ့ အပြန် ကျောင်းမှာ ကွန်ပါဗူးကျန်ခဲ့တယ်တဲ့။ အိမ်ပြန်မရောက်ခင် သတိရလို့ ကျောင်းကိုပြန်လာတော့ ကျောင်းမှာ ကျောင်းစောင့် အဘိုးကြီးကိုလည်းမတွေ့၊ ဆရာ၊ဆရာမတွေလည်း ပြန်ကုန်ကြပြီ။ ကျောင်းကြီးကလည်း တိတ်ဆိတ်လို့ နေတာပဲတဲ့။ သူလည်း ကြောက်ကြောက်နဲ့ပဲ သူ့အတန်းကိုပြန် ကွန်ပါဗူးယူပြီး ကျောင်းပေါက်ဘက်ကို ပြန်လာတော့ လမ်းမှာကျောင်းသားတယောက်နဲ့ တွေ့သတဲ့။ ကျောင်းသားတယောက်ကိုတွေ့ရတော့ သူလည်း အားတက်သွားတာပေါ့။ ကျောင်းသားကို လှမ်းနှုတ်ဆက်သတဲ့။ ဟေ့ကောင် မင်း ဘယ်အတန်းကလဲ မပြန်သေးဘူးလား လာအတူတူ ပြန်ရအောင် ဆိုတော့ ဟိုက သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေသတဲ့။ ပြီးတော့ သူက ဆက်ပြောတယ်။ ငါတော့ ကျောပေါက်သရဲ ကြောက်လို့ကွာ မင်းကိုတွေ့မှပဲ စိတ်အေးတော့တယ်ပေါ့။ အဲဒီတော့ ဟိုကျောင်းသားက ကျောပေါက်သရဲ ဟုတ်လား ဒီလိုမျိုးလား ဆိုတဲ့ပြီး နောက်ကျောကို လှည့်ပြတယ်တဲ့။ ကြည့်လိုက်တော့ အမယ်လေး သူ့ ကျောကုန်းက အပေါက်ကြီးနဲ့တဲ့ဗျာ။ အခုကို ပြန်တွေးရင်း ကြက်သီးတောင် ထမိတယ်။
စသဖြင့်ပေါ့ဗျာ။ အဲဒီဇာတ်လမ်းပေါ့။ ထူးဆန်းတာက ကျနော်တို့ကျောင်းတင် အဲဒီကျောပေါက်သရဲက ခြောက်တာမဟုတ်ဘဲ ဘေးကပ်လျက်က မိန်းကလေးကျောင်းမှာဆိုရင်လည်း အဲဒီ ကျောပေါက်သရဲ ရှိတာပဲ။ ကျူရှင်မှာတွေ့တဲ့ မိန်းကလေးသူငယ်ချင်းတွေက ပြောပြတာကိုး။ အံမယ်လေး သူ့ကျောပေါက်သရဲက ပိုကြောက်ဖို့ကောင်းတယ် ငါ့သရဲက ပိုကြောက်ဖို့ကောင်းတယ်နဲ့ ဂုဏ်တုဂုဏ်ပြိုင်တောင် လုပ်ခဲ့ကြသေး။ ငယ်တုန်းကတော့ သြော် ဟုတ်မှာပေါ့ သူတို့့ကျောင်းနဲ့ ငါတို့ကျောင်းက အုတ်တံတိုင်းလေးတင်ခြားတာ သရဲလည်း ဟိုဘက်ဒီဘက် ကူးချင် ကူးနေမှာပေါ့ လို့ တွေးတာပေါ့။
ထားပါတော့ဗျာ ဒီလိုနဲ့ ကျနော်လည်း ဆယ်တန်းတွေဘာတွေအောင် တက္ကသိုလ်ရောက်တယ်ပေါ့။ ခက်တာက အဲဒီတက္ကသိုလ်မှာလည်း ကျောပေါက်သရဲဟာ ခပ်ဆင်ဆင် ဇာတ်လမ်းတမျိုးနဲ့ ရှိနေပြန်တာပဲ။ ပြီ းတော့ ကျနော် ကျောင်းတွေဘာတွေပြီး တခြားတမြို့တရွာကိုပြောင်းတော့လည်း အဲဒီမြို့က သူငယ်ချင်းအသစ်တွေနဲ့တွေ့ပြန်တော့ သူတို့ကျောင်းတွေမှာလည်း ကျောပေါက်သရဲက ရှိနေပြန်လေရော။ ဟာ ခက်ပြီ ဒီသရဲဟာ မြန်မာတပြည်လုံးမှာရှိတဲ့ ကျောင်းတိုင်းမှာ ရှိနေတာပါလားလို့ အံ့သြရတယ်။ ဒါပေမယ့် သေချာတာကတော့ ဘယ်နေရာမှပဲ ကျောပေါက်သရဲ ရှိနေနေ ဘယ်သူမှ မြင်ဖူးကြတာတော့ မဟုတ်ပါဘူး။
အခုတော့ ကျောင်းဆိုတာနဲ့ ဝေးနေတာကလည်း ကြာပါပြီ။ စားဝတ် နေရေး ရုန်းကန်ရင်း ကျောပေါက်သရဲဆိုတာကိုလည်း သတိတောင်မရ မေ့နေပါပြီ။ ကျောပေါက်သရဲထက် ပိုကြောက်ဖို့ကောင်းတဲ့ လူတွေအများကြီးကို မြင်ခဲ့ကြုံခဲ့ရပြီးပြီကိုး။ တလောက ဆရာ ထက်မြက်ရေးတဲ့ စစ်အချစ်နဲ့ ကျွန်း(နိုင်ငံရေးဖြတ်သန်းမှုများ)ဆိုတဲ့ စာအုပ်ကို ဖတ်ရင်း ငယ်ငယ်က ကျောပေါက်ကြီ းနဲ့ သရဲ ဆိုတဲ့ ဇာတ်လမ်းရဲ့ မြစ်ဖျားခံရာ အဖြစ်အပျက်ကို ဝမ်းနည်းစွာ သိလိုက်ရပါတယ်။
သြော် ကျနော်တို့ သိခဲ့ရတဲ့ ကြောက်စရာသရဲဇာတ်လမ်းဟာ ၁၉၆၂ ဇူလိုင် ၇ ရက် တက္ကသိုလ်ကျောင်းသားတွေကို နောက်ကနေ သေနတ်နဲ့ ပစ်သတ်လို့ ကျောမှာကျည်ဆန်အပေါက်တွေနဲ့ သေဆုံးခဲ့ရတဲ့ အဖြစ်က လာတာပါလား။ အရင်တုန်းကတော့ ဒီရင့်နင့်ဖွယ်ရာအဖြစ်အပျက်ကို မှတ်တမ်းတင်ခွင့်မှ မရခဲ့ဘဲကိုး။ ဒါကြောင့် ဒဏ္ဌာရီဇာတ်လမ်းပုံစံနဲ့ ဒီနေ့ အထိ ခေတ်အဆက်ဆက် ကျောင်းသားကလေးတွေ သိသည်ဖြစ် စေ မသိသည်ဖြစ် စေ သယ်ဆောင်လာကြတာပါလား။ ဆဲဗင်းဇူလိုင် အဖြစ်အပျက်နဲ့ ကျောပေါက်သရဲဇာတ်လမ်းကို အရင်က တွဲစပ်မမြင် မတွေးခဲ့ဖူးပါဘူး။ အခုတော့ ငယ်ငယ်က ကြောက်ခဲ့ရတဲ့ အဖြစ်ကိုတွေးပြီး ဝမ်းနည်းနာကျင်စွာ သိရပါပြီ။
လင်းခါး