ကြွက်နှင့်ခွေး
မနေ့ညက ၁၂ နာရီလောက်တွင် ကြွက်လှောင်အိမ်ထောင်ချက်ထဲ ကြွက်တကောင် မိသည်။ ငါးပေါက်စကို ချိတ်ထားသော သွပ်နန်းကြိုးကို ကြွက်က လှမ်းဆွဲလိုက်သောအခါ လှောင်အိမ်တံခါး၏ ဗြုန်းခနဲ ပိတ်သွားသံသည် ၎င်းကြွက်အား အလွန့်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေမည် ထင်သည်။ ၎င်းအသံကြောင့် ကျနော်သည် စာဖတ်နေရာမှ ထ၍ လှောင်အိမ်ကိုကြည့်သောအခါ ကြွက်သည် လှောင်အိမ်အတွင်း ကြောက်လန့်တကြား ပြေးလွှားနေရာမှ ရပ်၊ ငြိမ်သက်လျက် မည်းနက်နေသော မျက်လုံးအစုံဖြင့် ကျနော့်အား ပြန်လည် စိုက်ကြည့်နေလေသည်။ ထိုမျက်လုံးကို ကျနော် ကြာကြာမကြည့်ရဲပါ။ ကျနော်သည် ဘာသာရေးကို လိုက်စားတတ်သူမျိုးမဟုတ်လှသော်လည်း ဝဋ်လိုက်တတ်ခြင်းမျိုးကို ကြောက်လှသည်။ ကိုယ်ကိုယ်တိုင်လည်း နာကျင်ဒုက္ခမရလို အခြားလူများ၊ သတ္တဝါများကိုလည်း နာကျင်လိုစိတ် ဒုက္ခရောက်စေလိုစိတ် မရှိပါ။ (ခြင်များကိုတော့ မကြာ မကြာ ရိုက်သတ်ပါသည်) မနက်လင်းလျှင် ၎င်းကြွက်အား ခပ်ဝေးဝေးတနေရာသို့ သွားရောက်လွှတ်ပေးမည် ဖြစ်သော်လည်း သူကတော့ သိမည်မဟုတ်ပေ။ သူ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေရပြီဟု ထင်နေပေမည်။ ကြွက်မှာ အတော်ငယ်သေးသည်။ ၁လ ၂လသားလောက်ပင် ရှိဦးမည်လား မပြောတတ်။ အစာအဖြစ် မျှားထားသော ငါးသလဲထိုးလား ငါးလူးလား မသိသော ငါးပေါက်စကလေးသည် ကြွက်ခန္ဓာကိုယ် တခုလုံး၏ လေးပုံတပုံမျှလောက် ရှိသည်။ လွန်ခဲ့သည့် တနှစ်လောက်က စ၍ ကျနော့်အိမ်တွင် ကြွက်များ စတင် လှုပ်ရှားနေခဲ့ကြ၏။ (ကြွက်များဆိုသည်မှာ ကြွက်များကိုသာ ဆိုလိုပြီး ရဲဟု မထင်မှတ်စေလို) အဝတ်အစား၊ အသုံးအဆောင်တို့ကို ကိုက်ဖြတ်သည့် အဆင့်သို့ မရောက်သေးသော်လည်း အစားအသောက်ပန်းကန်များကို စားပွဲပေါ်တွင် မဖုံးမဖိပါဘဲ ပစ်မထားရဲတော့။ သို့သော် မျက်စိရှေ့တွင်ပင် လှစ်ခနဲ လှစ်ခနဲ အကြိမ်ကြိမ် ဖြတ်ဖြတ်ပြေးသည်ကို မြင်ရသည့်အခါတွင် စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။ ဦးနှောက်၏ သိမှုကလည်း ထိုမျှဖြင့် ရပ်မနေပေ။ ဥရောပတိုက်ကြီး၏ လူဦးရေအတော်များများ၏ အသက်ကိုနှုတ်ယူသွားသော ပလိပ်ရောဂါ။ ကမ္ဘာကျော်စာရေးဆရာ အဲဘတ်ကမူး၏ စာအုပ်ကို ဘာသာပြန်သော ဆရာထင်လင်း၏ ပလိပ် စသည်တို့က အလိုလို တွေးမိလာပြီး ဘာမျှ မဖြစ်လောက်သော ကြွက်ကလေး တကောင်စ နှစ်ကောင်စကို ရှင်းလင်းဖယ်ရှားရန် ဆုံးဖြတ်မိတော့သည်။ သို့သော် ကျနော်သည် ရက်စက်တတ်သူ မဟုတ်၊ အစာတုံးကို ထိမိသောအခါ ကြွက်၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာရိုက်မည့် သံမောင်းပါရှိသော ကြွက်ထောင်ချောက်ဖြင့် မဖမ်းလို။ လှောင်အိမ်ကလေးနှင့်ဖမ်း၊ မိသောအခါ အမှိုက်ပုံ သို့မဟုတ် အခြား အဝေးတနေရာ သို့ ပြန်လည်လွှတ်ပေးရန်သာ ဆန္ဒရှိခဲ့သည်။ အဝေးတနေရာ ဆိုသည်မှာ ကျနော်၏ အိမ်နှင့် ဝေးလံသောတနေရာ၊ တော်ရုံနှင့် ကျနော့်အိမ်သို့ ဤကြွက် ပြန်မရောက်နိုင်သော နေရာမျိုးကို ဆိုခြင်းဖြစ်ပါသည်။ ဆရာကြီးဒဂုန်တာရာတို့ခေတ်က ထောင်ဟု ရေးမရသောကြောင့် ရေးရသော ဆိတ်ဖလူးရနံ့သင်းရာ၊ နရသိန်၊ မဲဇာ၊ အဝေးတနေရာ စသည်တို့ကို ဆိုလိုခြင်း မဟုတ်ပါ။ ယခုတော့ အလွန်သေးငယ်သော ကြွက်ကလေးတကောင် ထောင်ချောက်တွင် မိခဲ့ပါပြီ။ ကံဆိုးသော ၎င်းကြွက်ကလေးမှာ ညကြီး ၁၂ နာရီခန့်တွင် ထောင်ချောက်မိခြင်း ဖြစ်၍ တညတော့ လှောင်အိမ်ထဲ အိပ်ရပေဦးမည်။ ညကြီးသန်းခေါင်တွင် အနည်းငယ်လှမ်းသော အဝေးတနေရာသို့၊ အမှိုက်ပုံသို့ သွားပစ်ရန် မဖြစ်နိုင်ပါ။ ဤတညသည် ၎င်းကြွက်ကလေး၏ ဘဝတွင် ကံအဆိုးဆုံး ညတည ဖြစ်ပေလိမ့်မည်။ ထိုအဖြစ်ကို စဉ်းစားမိသောအခါ ကျနော်သည် ယန်းပေါဆတ်၏ နံရံ ဟူသော ဝတ္ထုကို သတိရမိသည်။ (ဆရာဒီနိုဗို ဘာသာပြန်သည် - ဤကားစကားချပ်) မနက်မိုးလင်းလျှင် ဖက်ဆစ်တို့၏ သေနတ်ဖြင့်ပစ်သတ်ခြင်းကို ခံရမည့် လူသုံးယောက် အချုပ်ထဲတွင် သေချာပေါက် သေရတော့မည့် အရေးအတွက် ထိတ်လန့်နေကြရပုံကို ရေးဖွဲ့ထားသည့် ဖြစ်တည်မှု ပဓာနဝါဒ ဝတ္ထုဖြစ်ပါသည်။ ထိုဝတ္ထုထဲမှ လူသုံးယောက်တွင် တယောက်က အလွန်ကံအားလျော်စွာ လွတ်သွားခဲ့သည်။ (ဘယ်လို အလွန်ကံအားလျော်စွာ သလဲ သိချင်ပါက ရှာ၍ ဖတ်ကြပါ) ကံဆိုးသော ကြွက်ကလေးမှာ ထို သေခြင်းမှလွတ်သွားသော လူကဲ့သို့ မနက်မိုးလင်းလျှင် ခံစားဝမ်းသာရပေလိမ့်မည်။ ယခုတော့ လှောင်အိမ်ထဲ နေပေဦးတော့။ ရက်စက်ရာ ကျပေသော်လည်း မတတ်နိုင်။
ကျနော်၏ ဘဝတွင် တိရစ္ဆာန်များနှင့် ပတ်သက်၍ ကိုယ်ချင်းမစာနာစွာ ပြုမူခဲ့သည်များမှာ ယခုအခါသည် ပထမဆုံးအကြိမ် မဟုတ်သကဲ့သို့ နောက်ဆုံးလည်း ဖြစ်မည်မထင်ပါ။ ထိုပြုမူမှုများထဲမှ ကျနော်၏ စိတ်သဏ္ဌာန်တွင် ယနေ့အထိ စွဲထင်နေသော ဖြစ်ရပ်တခုမှာ၊ တခါက ကျနော့်အိမ်တွင် မောင်ဖြူဟူသော ခွေးမလေးတကောင် မွေးခဲ့ဖူးပါသည်။ ကျနော်သည် မွေးခါစ ခွေးများကို အထီးအမ မခွဲတတ်ပါ။ ထို့ကြောင့်ပင် ဖြူဖြူလုံးလုံးနှင့် ထိုခွေးကလေးကို မောင်ဖြူဟုပင် ခပ်လွယ်လွယ် ပေးခဲ့ပြီး နေ့စဉ် ရေချိုး အစာကျွေးဖြင့် တဖြည်းဖြည်းကြီးပြင်းလာခဲ့ပြီး တခုသော တော်သလင်းအရောက် ကျနော့်အိမ်လေးအနီးတွင် ခွေးထီးတရုန်းရုန်းနှင့် မောင်ဖြူကလေး မိတ်အလိုက်ခံနေရသည်ကို တွေ့မှ မောင်ဖြူဟူသော ခွေးကလေးမှာ အမ ပါတကား ဟူ၍ သိရှိခဲ့ရတော့သည်။ သို့သော် အမည်ကား မပြောင်းချင်တော့ မောင်ဖြူမှာလည်း သူ့နာမည် မောင်ဖြူမှန်း သိရှိနေပြီးဖြစ်ပြီး လက်ခံနှစ်သက်သလား လက်မခံသလားဟူ၍ မသိနိုင်ပါ။ သို့ဖြင့် ၎င်း မောင်ဖြူကလေးမှ သားသမီးခွေးရတနာ ခြောက်ကောင် ပေါက်ဖွားခဲ့လေသည်။ အထီး လေးကောင် အစ်မ နှစ်ကောင် (ကျနော်ကား ခွေးထီးခွေးမ ခွဲခြားတတ်ခဲ့လေပြီ) ကျနော်ကား စဉ်းစားရချေပါပြီ။ ယခင်က မောင်ဖြူတကောင်တည်း ရှိစဉ်က ကျွေးမွေးမပျက် ဆောင်ရွက်စီမံခဲ့သော်လည်း ယခုအခါ မောင်ဖြူကလေး၏ မွေခံထိုက်စေများပါ တိုးပွားလာသည့်အခါတွင်မူ ချောင်လည်လှသည် မဟုတ်သော ကျနော်တို့ လင်မယားနှစ်ယောက်ကား ဆက်လက်ကျွေးမွေး မွေးမြူရန်ကား အခက်တွေ့ပေမည်။ ခွေးပေါက်စကလေးများမှာလည်း အစာအာဟာရ မလုံလောက်ပါက အသက်ရှည်မည်မဟုတ်ပေ။ ထို့ပြင် ခွေးကလေးခြောက်ကောင်တွင် အမကလေးနှစ်ကောင် ပါလာသေးသည် ဖြစ်ရကား နောင် တော်သလင်းတွင်လည်း ဇာတ်လမ်းရှုပ်ပေဦးမည် ဖြစ်ရာ အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ပြီးနောက် ခွေးမလေးနှစ်ကောင်အား ဘုန်းကြီးကျောင်းသို့ ၂လသား အရွယ်အရောက်တွင် စွန့်ပစ်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။ ဆုံးဖြတ်ပြီးပါက မဆိုင်းမတွ ပြုလုပ်တတ်သော ကျနော်၏ ဓလေ့အတိုင်းပင် နှစ်လပြည့်သောညတွင် အစားအသောက် ဝလင်စွာ ကျွေးမွေးပြီးနောက် မနက် ဝေလီဝေလင်းတွင်ပင် စွန့်ပစ်ရန် ထွက်ခွာခဲ့ပါသည်။ ဤနေရာတွင် ကြားဖြတ်ပြောလိုသည်မှာ ခွေးမလေးနှစ်ကောင်အား ကျနော်က နာမည်ပေးထားပြီး ဖြစ်သည်ကိုပင် ဖြစ်၏။ တကောင်မှာ အနက်ရောင်တွင် နှင်းစက်ကဲ့သို့ အဖြူစက်ကလေးများ ပါ၍ စနိုး၊ နောက်တကောင်မှာ အသည်းပုံအကွက်ကလေးပါ၍ မေသဲ ဟူ၍ ဖြစ်ပါသည်။ နာမည်ကလေးများမှာ ခေတ်ဆန်ပြီး လှပ၍ ၎င်းတို့ ကြိုက်နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ရှိစေတော့။ လွှင့်ပစ်ရမည့် ဘုန်းကြီးကျောင်းရှေ့ရောက်သည့်အခါတွင် ကျနော်သည် ခြင်းထဲမှ စနိုးကလေးကို မြေသို့ချလေသည်။ အချိန်ကား ဇန်နဝါရီကုန်ခါနီး နှင်းစက်တို့ ကျသည်ကို သဲသဲကွဲကွဲ မခံစားရသော်လည်း ပတ်ဝန်းကျင်ကား မှိုင်းမှုံရီဖြူဝါးလျက်။ စနိုးကလေးသည် ကျနော်၏ ခြေထောက်ကို ခေါင်းဖြင့် တိုးဝှေ့လျက် "မထားခဲ့ပါနဲ့ သခင်ရယ်" ဟူ၍ ဆိုနေလေသလား . . ။ ကျနော်သည် စနိုးကို ပြန်လှည့်မကြည့်တော့ ဆိုင်ကယ်ပေါ် ပြန်တက်ကာ စက်နှိုးလျက် မောင်းထွက်ခဲ့ပါသည်။ နောက်ထပ် ဘုန်းကြီးကျောင်းတခုသို့ လင်းအရုဏ်ကလေးမလာခင် သွားရပေဦးမည်။ ဆိုင်ကယ်ခြင်းထဲမှ မေသဲကလေးသည် ကျနော့်အား နားမလည်နိုင်ဘူး ဟူသော အကြည့်ဖြင့် ငေးစိုက်ကြည့်နေလေသည်။ သူ့အစ်မလား ညီမလား သေချာမသိသည့် စနိုးကလေး ပါမလာတော့သည့်အတွက် သူသည်လည်း သူ၏ ကံကြမ္မာကို ကြိုသိနေသကဲ့သို့ ငြိမ်ဆိတ်စွာ လိုက်ပါလာပါတော့သည်။ နောက်ထပ် ဘုန်းကြီးကျောင်းတကျောင်း ရှေ့သို့ ရောက်သောအခါ မေသဲကလေးကို ရင်ခွင်ထဲပိုက်၍ နောက်ဆုံးအကြိမ်အဖြစ် နမ်းရှုံ့လိုက်ပါသည်။ ထို့နောက် မြေပြင်သို့ ချလိုက်သောအခါ မေသဲကလေးသည် တလှမ်း နှစ်လှမ်း ရှေ့သို့လှမ်းကာ ခွေးထိုင်ထိုင်၍ ကျနော့်အား ကြည့်နေလေသည်။ မေသဲ၏ အနက်ရောင်မျက်လုံးမှ အနီရောင် မျက်ဆံကလေးသည် ကျနော်၏ မျက်ဆံနက်သို့ တူရှု ငြိမ်သက်စွာ။ ကျနော်သည် ဆိုင်ကယ်ပေါ်တက်၍ မောင်းထွက်ခဲ့ပါသည်။ ထိုညက ကျနော် မျက်ရည် ကျမိသလား မပြောနိုင်တော့ပါ။ သို့သော် ကျနော့်ဘဝတွင် ထိုဆောင်းတညကို မည်သည့်အခါမှ မေ့နိုင်တော့မည် မဟုတ်သည်ကား သေချာပါသည်။
အမှန်တော့ ကျနော်သည် ဤခွေးဇာတ်လမ်းကို မပြောလိုပါ။ အလျဉ်းသင့်၍ ပြောခြင်းသာ ဖြစ်ပြီး ခွေးများနှင့်ပတ်သက်လျှင်လည်း ကျနော့်တွင် အခြားနာကျင်ဖွယ် ဇာတ်လမ်းများ ရှိနေပါသေးသည်။
ထားတော့။ လူ့ဘဝဟူသည်ကိုက နာကျင်စရာတခု ဖြစ်နေသည့်နောက်တော့ အခြားဇာတ်လမ်းများဖြင့် မွမ်းမံအစာသွပ်၍ မနာကျင်စေချင်တော့ပါ။ ကျနော်၏ စိတ်သဘောထားမှာလည်း မည်သူ့ကိုမှ မျှဝေ ဝေဒနာများ မပေးလိုပါ။ ရှိပါစေလေတော့။
ယခုစာကို ကျနော် ရေးသားနေစဉ်အတွင်းမှာပင် ကြွက်လှောင်အိမ်ထောင်ချောက်တွင် နောက်တကောင် ထပ်မိပြန်ပါသည်။ မနက်က အမှိုက်ပုံတွင် လွှတ်ပေးလိုက်သော ကြွက်ကလေးနှင့် ညီအစ်ကို တော်မည် ထင်ပါသည်။ ယခုအကောင်က အကောင်နည်းနည်းကြီးပြီး တည်ငြိမ်မှုနှင့် သတ္တိလည်း ပိုရှိပေသည်။ လှောင်အိမ်ကို မယူ၍ ကြည့်ရှုနေသော ကျနော့်အား ပြန်လည်ကြည့်သော သူ၏ မျက်လုံးထဲ၌ အကြောက်တရားကို မမြင်ရ။ ရဲရင့်လှပေစွ။ ညက ကြွက်ကလေးထက်လည်း သူက ပိုကံကောင်းပါသည်။ နေ့လည်ခင်းတွင် မိခြင်း ဖြစ်သောကြောင့် ကျနော်သည် ချက်ချင်းပင် သွားရောက်လွှတ်ပေးမည် ဖြစ်ပါ၏။ ကျနော့်လှောင်အိမ်ကလေးအတွင်း၌ တညအိပ်ကာ ဖြစ်တည်မှုပဓာနဝါဒ ကြွက်တကောင် ဖြစ်ရန် မလိုအပ်။ မနက်က ကံဆိုးသူ ကြွက်ကလေးအား လွှတ်ပေးခဲ့သည့် အမှိုက်ပုံနေရာ၌ပင် လွှတ်ပေးမည်ဖြစ်သောကြောင့် ၎င်းတို့ ကြွက်ညီအစ်ကို နှစ်ကောင် ပြန်လည်ဆုံစည်းနိုင်ပါရန် အလို့ငှာလည်း ကျနော်က ဆုတောင်းမေတ္တာပို့သပေးပါဦးမည်။ လူသား၏ သဘောထားကြီးမားမှုအား ကျနော်က ကိုယ်စားပြုနိုင်ပါမည်လား မပြောတတ်။ မည်သို့ပင်ဆိုစေ ကျနော့်မှာ နှိုင်းယှဉ်စရာကား များများစားစားလည်း ရှိလှသည် မဟုတ်ပါ။ အရာရာသည် ယေဓမ္မာ အစချီဂါထာကဲ့သို့ အကြောင်းကြောင်းတို့ကြောင့် အကျိုးဖြစ်ရချေသည် မဟုတ်ပါလားခင်ဗျာ။ ဤတွင် ကျနော်၏ ကျနော်နှင့် ကြွက်နှစ်ကောင် ခွေးနှစ်ကောင် လွှတ်ခြင်း ဇာတ်လမ်း နိဌိတံပြီ ဖြစ်ပါသည်။
လင်းခါး
၈-၆-၂၀၁၆