ငယ်ငယ်တုန်းက အစ်ကိုကြီးတွေ

၂၁.၀၁.၂၀၂၃

ရှေးဟောာင်းမျောက်မနှင့်အခြားအက်ဆေးများ

ငယ်ငယ်တုန်းကအကိုကြီးတွေ

ကျနော်ငယ်ငယ် လေးငါးခြောက်တန်း ခုနစ်တန်း အရွယ်က ရပ်ကွက်ထဲ နှစ်ဆယ့်ကိုး သုံးဆယ်အရွယ်၊ အဲဒီကနေ သုံးဆယ့်ငါးအရွယ် အကိုကြီးတွေကို စိတ်၀င်တစား စောင့်ကြည့်ခဲ့ဖူးတယ်။ သူတို့ နေပုံထိုင်ပုံ စကားပြောပုံ စီးကရက်ဖွာပုံ လက်ခလယ်နဲ့ လက်မကိုသုံး သောက်လက်စ စီးကရက်ကို တောက်ထုတ်လိုက်ပုံ လက်လွှဲလမ်းလျှောက်ပုံ ဟန်ပါပါခါးထောက်ရပ်နေပုံ စသဖြင့် အစစအရာရာကိုပဲ။ လူကြီး ဖြစ်ချစ်လှပြီဖြစ်တဲ့ ကလေးတယောက်ရဲ့ အားကျစိတ်နဲ့ စူးစမ်းလေ့လာမှုပေါ့။ လူငယ် လူလတ်တွေ အများကြီးဆိုပေမယ့် ခေတ်ကြီးကတော့ တခေတ်ထဲ။ တမိုးအောက် တခေတ်ထဲဆိုတော့ ကျနော် ဆုံရဖူးတဲ့ ငယ်ငယ်တုန်းက အကိုကြီးတွေဟာ များသောအားဖြင့် ဆွေးဆွေးမြေ့မြေ့ ငေးငေးငိုင်ငိုင်တွေ ချည့်ပါပဲ။ ခြားနားတဲ့ တခြား ဟန်ပန်တွေ တက်ကြွမှုတွေလည်း ရှိနေနိုင်ခဲ့ပေမယ့် ကျနော်နဲ့ ရေစက်သိပ်မပါဘူး ဆိုရမယ်။ ကလေးဘ၀ကတော့ အဲဒီအရွယ်ရောက်ရင် အဲဒီလို လေးလံထိုင်းမှိုင်းရတဲ့ အရသာကို တဝြကီး ခံစားဦးမယ် လို့ တွေးခဲ့တာပဲ။ ဒါပေမယ့် ဒီနေ့ ပြန်စဉ်းစားကြည့်မိတဲ့အခါကျတော့ တခုခုတော့ မှားနေခဲ့တယ် ဆိုတာကို ခံစားသိမိခဲ့ရတယ်။ ကျနော့် ပတ်၀န်းကျင်က အကိုကြီးတွေဟာ ဘာတွေနဲ့ လေးလံ နေခဲ့ကြတာပါလိမ့်။

တခါတရံများမှာတော့ အောင်ဆန်းကွင်းက ထွက်လာတဲ့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်အလုံးအဖန်တောင့်တောင့်နဲ့ ဘောလီဘော ဘတ်စကတ်ဘော ကစားတတ်ကြတဲ့ အားကစားသမား အကိုကြီးတွေကိုလည်း တွေ့ရတတ်တယ်ဆိုပေမယ့် ခပ်ရှားရှားပဲ။ သွက်လက်ဖျတ်လတ်မှု၊ ကြမ်းတမ်းတဲ့ ရေစီး စတဲ့ အသုံးအနှုန်းတွေနဲ့ ခပ်ဝေးဝေးက လူတွေပဲများတယ်။ ပျင်းစရာကောင်းလောက်အောင် အိတွဲနေတဲ့ ပိန်းကြာရွက်တွေလိုမျိုးပဲ။ အိမ်ကထွက်လိုက်တာနဲ့ လမ်းထိပ်က အုတ်ခုံပေါ်မှာ ဆံပင်အရှည်ညှင်းသိုးသိုးနဲ့ အကိုကြီးတယောက် ဂစ်တာတလက်ကို ခေါက်ရင်း `တကယ်ပါမေရယ် ကိုယ်ကတော့ သေတ္တာအခွံပဲရှိတယ်`တဲ့။ အဲဒီစာသားကိုပဲ အမှန်လို့ နှစ်များစွာ ထင်ခဲ့ ဖူးတယ်။ နောက်ထပ်အကိုကြီးတယောက်က `အရည်တွေပျော်ကုန်ပြီ ကိုယ့်ရဲ့ အိပ်မက်တွေ` တဲ့။ တချို့က ခပ်ကျဉ်းကျဉ်းခပ်မှောင်မှောင် ဘီအီးဆိုင်ထဲ စားပွဲခုံကို လက်နဲ့တတောက်တောက် ခေါက် နေလေရဲ့။

တခါတုန်းကများတော့ ကျနော်ချစ်တဲ့ ကျနော့်ကိုလည်း ညီငယ်လေးတယောက်လို ချစ်တဲ့ အကိုကြီးတယောက်ဟာ ရုတ်တရက်ဘယ်ကိုမှန်းမသိ ဘာကြောင့်မှန်းလည်း မသိ သူ့အိမ်ကနေ ထွက်ခွာသွား။ ယနေ့ကျနော်ဟာ အဲဒီအကိုကြီး အရွယ်ရောက်တဲ့အထိ သူ့ကို ပြန်မတွေ့ရတော့။ ဆရာ မြင့်သန်းရဲ့ အကိုလေး ကိုကြည်နူး ပါတဲ့ ၀တ္ထုတိုလေးကို ပြန်ဖတ်ရတိုင်း၊ ဆရာမောင်တင်မြရဲ့ ကိုကျော်စိန် ဆိုတဲ့ ဝတ္ထုတိုကလေးကို ဖတ်ရတိုင်း ကျနော်ဟာ အဲဒီအကိုကြီး ကိုမျိုးသန့်ကို ကျနော် သတိရနေမိပါတယ်။ သူဟာ ကျနော့်ရဲ့ ကိုကျော်စိန်၊ ကျနော့်ရဲ့ အကိုလေး ကိုကြည်နူးပေါ့။

အဲဒီလို သူ အပြီးထွက်ခွာမသွားခင် နေ့တွေမှာ ကျနော်ဟာ သူနဲ့အတူတူ သုံးရာသီ အဖျော်ယမကာဆိုင် ဆိုတဲ့ တဲကုပ်ကလေးဆီ လိုက်လိုက်သွားတတ်တယ်။ သူဟာ ငါးကြင်းဖန်ခွက်ထဲက အာမီရမ်ကို တရှိန်ထိုးမော့လိုက်ရင်း၊ ပဲပြားဖတ်ကလေးတဖတ်ကို ကောက်ဝါးလိုက်ရင်း ငြိမ်သက်နေနေခဲ့တဲ့ အချိန်တွေကို ပြန်ပြန်အမှတ်ရနေမိပါတယ်။ မိုးကလည်း တဝုန်းဝုန်းရွာလိုက် တပေါက်ပေါက်ဖွဲလိုက်စဲလိုက်၊ ဆိုင်အပြင်ဘက်က မြေသားလမ်းရဲ့ တချို့နေရာတွေမှာ အချင်းခြောက်ပေခုနစ်ပေရှိတဲ့ ဝိုင်းစက်နေတဲ့ ရေအိုင်ကြီးတွေ ဖြစ်ထွန်းလာ။ အဲဒီ သစ်ရွက်ခြောက်ရောင်သမ်းနေတဲ့ ရေအိုင်ကြီးငယ်တွေထဲမှာ မြင်နေရတဲ့ တိမ်မည်းအုပ်ကြီးတွေကို ကိုမျိုးသန့်ဟာ ငေးမောနေလို့ပဲ။ သက်ပြင်းတွေ မှုတ်မှုတ်ထုတ်နေလို့ပါပဲ။

နောက်ထပ် နှစ်ပက်ပေးပါဦး လို့ သူဟာ ထပ်မှာတယ်။ ပြီးတော့ လက်မကို ပါးစပ်ထဲထည့်တဲ့ဟန် လုပ်ပြပြီး မင်းရော ကစ်ဦးမလား တဲ့ ပြုံးပြီး မေးပါသေးတယ်။ တကယ်က သူဟာ ဘယ်တုန်းကမှ ကျနော့်ကို အရက်မတိုက်ခဲ့ဖူးပါဘူး။ သောက်ဖို့ကိုလည်း မတိုက်တွန်းခဲ့ဖူးပါဘူး။ အဲဒီလို အရက်ဆိုင်ကို ကျနော်လိုက်လိုက်လာတာကိုတောင် မကြိုက်သူပါ။ ကျနော်ကတော့ ကျနော့်အတွေးနဲ့ကျနော်၊ ငယ်စဉ်အတွေးနဲ့ ကျနော့်ရဲ့ စံပြလူသားနောက် တကောက်ကောက်လိုက်နေချငသူကိုး။ သူ ကျနော့်ကို စတာပါ။ ကျနော်က သောက်မယ်ဗျာ လို့ တခါတရံ ပြန်ပြောမိရင် မသောက်ပါနဲ့ကွာ အရက်က မကောင်းပါဘူး မင်းက ငယ်ပါသေးတယ် လို့ မိုးသံကြား ကျယ်ကျယ်လောင်လောင် ပြောနေပါသေးရဲ့။ မိုးစက်တွေကလည်း ခေါင်မိုးက မိုးကာစကြားကနေ သစ်သားခုံပုကလေးပေါ် တစက်စက်နဲ့ ကျရောက်နေတယ်။ တချို့ရေစက်ရေပေါက်ကြီးတွေဟာ ကြီးလွန်းလို့ စားပွဲခုံပေါ်ကျ ရေစက်အ မှုန်အမွှားလေးတွေအဖြစ် ကွဲထွက်သွားပြီး ကျနော့်မျက်နှာကိုလည်း စင်၊ ပယင်းရောင်လဲ့နေတဲ့ ဖန်ခွက်ကြီးထဲလည်း တချို့တ၀က် ကျကျသွားပေါ့။ ရေစက်ရေပေါက်တွေ ကျလွန်းတော့ သူဟာ ဖန်ခွက်က တချက်တချက် လက်ဝါးနဲ့ ပိတ်ပိတ်အုပ်လိုက်သေးတယ်။ ပြီးတော့ သူ့မုတ်ဆိတ်ပါးမြိုင်းမွှေးတွေပေါ်က ရေနဲ့ အရက်ရောနေတဲ့ ရေကြည်သီးစကလေးတွေကို လက်ခုံနဲ့ သုတ်ရင်း များသောအားဖြင့်တော့ ဆူညံပွက်လောက်ရိုက်နေတဲ့ လောကကမ္ဘာအကြား ငြိမ်သက်လျက်ပါပဲ။ ထို့နောက်၊ ထိုမှ လေးငါးရက်၊ တပတ်လောက်အကြာမှာတော့ ကိုမျိုးသန့်ဟာ တနေရာရာကို ထွက်သွားပါတော့တယ်။

ကျနော့် အသက် ဆယ့်လေးငါးနှစ် အရွယ်မှာ ကျနော် ရင်းနှီးချစ်ခင်ခဲ့တဲ့ အပေါင်းအသင်းလုပ်ခဲ့တဲ့ အကိုကြီးတော်တော်များများဟာ တနည်းမဟုတ်တနည်းနဲ့ ပျောက်ကွယ်သွားကြတာချည့်ပါပဲ။ သူတို့ ကံကြမ္မာနဲ့ ကျနော့်ဖြတ်သန်းမှုအကြားက ဆန်းကြယ်နေတဲ့ အတွေ့အကြုံတခုပေါ့။ မျှော်လင့်ချက်တွေနဲ့ ကျောက်တူး၊ ရွှေတူးထွက်သွားတဲ့ အကိုကြီးတွေ အချို့ကတော့ ငှက်ဖျားနဲ့ စုတ်ချွန်းချွန်း ပိန်ညှော်ညှော်နဲ့ ပြန်ရောက်လာ ပိုတိတ်ဆိတ်သွားတတ်၊ အချို့ကတော့ သေဆုံးကွယ်လွန်သွားကြ။ ပိုပိုတိတ်ဆိတ်ငြိမ်သက်သွားကြရတော့။ မလေးရှား၊ စင်ကာပူ မပျော်ခရီး ထွက်သွားကြတဲ့ အကိုကြီးတွေ။ မပျော်ကြတော့လို့ ပျော်များပျော်ရမလားလို့ မပြန်လမ်းခရီးကို ထွက်သွားကြတဲ့ သူတွေ။ အချို့ကျန်ရစ်ခဲ့ကြသူတွေဟာလည်း ဘီအီးဆိုင်ထဲက ခွေးခြေပေါ်မှာ ဖောသွပ်ရင်း ကျန်ရစ်ခဲ့ကြတယ်။ နွေလယ်ခေါင် ကတ္တရာလမ်းပေါ်မှာ မျက်လုံးကြီးပြူးလျက် ကျန်ရစ်ခဲ့ကြတယ်။ အဲဒီလို ကျနော်တို့ အကိုကြီးတွေ ဘယ်လိုဖြစ်ကြတာပါလိမ့်လို့ အရင်ကတော့ စဉ်းစားရလောက်အောင်လည်း မသိတတ်ခဲ့ပါဘူး။

အဲဒီနောက် ကျနော်ဟာလည်းပဲ ငယ်ငယ်တုန်းက အကိုကြီးတွေအရွယ်ကို ရေစီးထဲမျောပါလာသလို ရောက်လာတယ်။ မြန်မြန်အရွယ်ရောက်ချင်လှတဲ့ ဟိုတုန်းက စိတ်ကို ဖြစ်တတ်တဲ့သဘောပဲလို့ ပိုက်မိလာတယ်။ ငယ်ငယ်တုန်းက ဒီလောက်မပူဘူးကွာလို့ ညည်းတတ်တဲ့ အရပ်သုံး စကား ကို နားလည်လာတယ်။ ဗားတော့ပရက်ရဲ့ အနာဂတ်အတွက် ကဗျာကို ဖတ်တတ်လာတယ်။ အဆုံးတနေရာမှာ ရွှံ့ညွှံအိုင်ကြီးတွေ ရှိလာလိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်မဲ့မှုကို သိလာတယ်။ တခေတ်လုံး မဟုတ်ပေမယ့် အချို့တွေအတွက်ကတော့ ပိန်းပိတ်နေတဲ့ လမ်းတွေရှိနေတယ် ဆိုတာကို သိလာတယ်။ စစ်ပွဲတွေ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လူအဖွဲ့အစည်းရဲ့ ဒီခေတ်မှာတော့ ပြုပြင်လို့မရနိုင်တော့ဘူးလို့ သိလာတဲ့ အပြုအမူဆိုးတွေ၊ ရှက်ဖွယ်ကို ဂုဏ်ယူစွာ၀တ်ဆင် ထားတဲ့ အကျင့်ပျက်မှုတွေ။ သြော် သူ့နှမ ကိုယ့်နှမ ဖာဖြစ်သွားနိုင်တဲ့ ငယ်ငယ်တုန်းက အစ်ကိုကြီးတွေရဲ့ နှစ်တွေ၊ သူ့ညီ ကိုယ့်ညီ သူ့အဖေ ကိုယ့်အဖေ လွယ်လွယ်လေး ပျောက်ဆုံးသွားနိုင်တဲ့ ငယ်ငယ်တုန်းက အကိုကြီးတွေရဲ့ နာကျည်းမှုတွေ။

ပြတင်းပေါက်ကို ဖွင့်မယ်ကြံလိုက်တိုင်း ငှက်ဆိုးထိုးသံကို အရင်ကြားရ။ ကျွတ်ကျွတ်အိတ်တွေဟာ ရေပေါ်လမ်းလျှောက်ပြနေတဲ့ ဘုရားသခင်တပိုင်း၊ မျက်လှည့်ဆရာတပိုင်း လိုလို။ မြစ်ထဲ လာမယ့်နှစ်ကြီးတခုလုံး မျောလာ၊ ဘယ်သူတွေ ဘာတွေပြောနေနေ အားလုံးဟာ အပိုဆာဒါးတွေချည့်။ ၀က်ဝံလက်ထဲက ပျားရည်ကို လုယူရမယ်ဆိုရင်တောင် တန်ဦးမယ်။ တကယ့်ဘ၀ဟာ စကားပြောနေရင်း မျက်လုံးကနေ မျက်ရည်တွေတွေဆင်းလာတဲ့ လူကြမ်းမင်းသားဟောင်းကြီးတယောက် အကြောင်းပဲ။ တကယ့်ဘ၀ဟာ မွေးမြူရေး၀က်တွေကြက်တွေ အကြောင်းပဲ။ တကယ့်ဘ၀ဟာ အသားတုံးကလေးကို သွားဆွဲမိလို့ ဗြောင်းခနဲ သံမောင်းတံကြီးကျလာတဲ့ ကြွက်ထောင်ချောက်တခုပဲ။ ငယ်ငယ်တုန်းက အကိုကြီးတွေရဲ့ ခေတ်ကြီးဟာ စိတ်ကျရောဂါရပြီး သူ့အရိပ်ကို သူပြန်ကြောက်နေရလေတယ်။

အဲဒီခေတ်ကြီး ပြီးသလိုလို ရှိပြီးတဲ့နောက် ဖြတ်သွားတဲ့ ကြယ်တံခွန်ရဲ့ နောက်မြီးကို မြင်ရသလို နှစ်များ `မင်းအကိုကြီးရော ဘယ်လိုလဲ တနယ်တကျေးမှာ အဆင်ပြေရဲ့လား` လို့ မေးတော့ အရက်သောက်များလို့ ရေဖျင်းဆွဲပြီး ဗိုက်ကြီးပူနေတဲ့ လူငယ်က `မသိပါဘူးကွာ ဒီကောင်က အလကား ကောင်ပါ ဒီကောင့်အလုပ်က ဘာရှိလဲ ငါ့ကို ဆူမယ် ငေါက်မယ် ရန်ရှာမယ်၊ ပြဿနာလုပ်မယ်၊ ငါဟာ သူ့အတွက် မွေးလာရတဲ့ လူလိုပဲ` တဲ့။ နိုင်ငံခြားကိုသွား တအိမ်လုံးအတွက် ပိုက်ဆံရှာပြီး ပြန်ပြန်ပို့ပေးနေတဲ့ အကိုတယောက်ကို ရေသေအိုင်ထဲက လူငယ်တယောက် စိတ်ပေါက်ပေါက်နဲ့ ပြောနေပုံ။ အဲဒါ ကျနော့်သူငယ်ချင်းတယောက်ရဲ့ သူငယ်ချင်းတယောက်အကြောင်းပါ။ ကျနော့် သူငယ်ချင်းတွေကရော။ ကျနော့် သူငယ်ချင်းတွေကတော့ ဘာမှမပြောကြပါ။ မပြောနိုင်ကြတော့ပါ။ အပြီးမသတ်သေးတဲ့ အပူမီးလက်ကျန်နဲ့ အငွေ့ပျံခဲ့ပြီးပြီ။ သူတို့ သေခဲ့ကြပြီးပြီ။ ထာဝရမပြေလည်နိုင်ကြတဲ့ မိသားစုတွေထဲက သံသရာအဖြစ် သားသမီးကို ဖိအားပေး၊ သားသမီးဟာ အလုပ်ခွင်ကနေ အိမ်၊ အိမ်နဲ့ အလုပ်ခွင်ကြား ထွက်ပေါက်အဖြူတခုခုဆီကိုရောက်အောင်သွား၊ တကယ်တော့ အမှောင်ကြီးပါ။ ဗားတော့ပရက်ရဲ့ အနာဂတ်အတွက်ကဗျာ အစ စာသားက `တကယ်တော့ ငါခေတ်ဟာ အမှောင်ခေတ်ကြီးပါ` တဲ့။ အဲဒီကဗျာကြီးက ကြာလှပါပြီနော်။ ဒါပေမယ့် မကြာသေးသလိုပဲ။

ကျနော် သိပ်ကြိုက်တဲ့ ကဗျာဆရာလှသန်းရဲ့ ကဗျာတပုဒ် ရှိတယ်။ ကဗျာခေါင်းစဉ်က `ငါတို့ မျိုးဆက်` တဲ့။ ကဗျာက ဟောဒီလို -

ပန်းဆိုးတန်းတံတားအောက်က

ဆံပင်စုတ်ဖွား

ဘောင်းဘီအစုတ်နဲ့ စိတ်ရောဂါသည်ဟာ

ငါတို့ မျိုးဆက်ပေါ့။

အရက်ဆိုင်ထဲ

စွတ်ကယ် စွတ်ကယ် ၀င်သောက်

ဆံပင်အရှည်နဲ့ ဂျာနယ်လက်ပွေ့ရောင်းတဲ့ကောင်က

ငါတို့ မျိုးဆက်ပေါ့။

သြော် . . . ငါတို့မျိုးဆက်

ပိုးစိုးပက်စက် နိုင်လိုက်တာ`` တဲ့။

သြော် ကျနော်တို့ ငယ်ငယ်တုန်းက အကိုကြီးတွေရဲ့ မျိုးဆက်ပဲ။ ပုံမလောင်းနိုင်သေးခင် အေးစက်သွားတဲ့ ပုံပျက်သံတုံးသံစကြီးတွေလိုပါပဲ။ ခေါက်ပိုက်ဆံအိတ်လေးတွေရဲ့ ဓာတ်ပုံထည့်အကန့်လေးထဲမှာသာ ပြုံးခဲ့ပျော်ခဲ့ကြရတဲ့ မှုန်ဝါးဝါးလူငယ်တွေပါပဲ။ လမ်းတဆုံးငေးမိသော်လည်း အော်ဟစ်လို့မှ ပဲ့တင်သံ ပြန်မလာနိုင်တဲ့ ကာလတရားပါပဲ။ ထိုကာလတရားထဲ ကျနော်တို့ ငယ်ငယ်တုန်းက အကိုကြီးတွေဟာ အထီးကျန်မှုနဲ့ မျှော်လင့်ချက်မဲ့မှုဆိုတဲ့ ကြီးမားတဲ့ ဝက်အူကြီးနှစ်လုံးက ကိုယ်ထဲ လိင်ဆက်ဆံသလို ရက်ရက်စက်စက် ရစ်သွင်းတာကို ခံခဲ့ကြရပါတယ်။


လင်းခါး

မေလ ၇ ရက် ၂၀၁၈

ရှေးဟောင်းမျောက်မ အက်ဆေးများ စာအုပ်မှ

အမျိုးအစား -အက်ဆေး
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.