စောင့်သူကိုယ်နိူက်က ဘေးထွက်ဆိုးကျိုး
lkessayden 96အလင်းရောင်တောက်တောက်ပပရှိနေသေးပြီး ပူလောင်နေသေးတဲ့ တနေ့သောညနေမှာ အမိုးနိမ့်လွန်းတဲ့ လက်ဖက်ရည်ဆိုင်ကလေးတဆိုင်အတွင်းထဲ ကျနော် ထိုင်နေခဲ့တယ်။ ကျနော်ရေးထားတဲ့ ကဗျာတပုဒ်အတွက် မဂ္ဂဇင်းကိုယ်စား စာမူခ ငါးထောင်ထုတ်ပေမယ့် လူတယောက်ကို စောင့်မျှော်နေခဲ့တာ။ “လာတော့မယ် ရောက်တော့မယ် တံတားပေါ်ရောက်နေပြီ” လို့ လွန်ခဲ့တဲ့ တနာရီလောက်ကတည်းက ဖုန်းထဲမှာ ပြောခဲ့တဲ့လူတယောက်ပဲ။ ဘယ်တံတားပေါ်လဲလို့ ကျနော် မမေးလိုက်ရတော့ ကမ္ဘာပေါ်က ရှိရှိသမျှသော တံတားတိုင်းရဲ့အပေါ်မှာ ရောက်နေတာဖြစ်နိုင်တယ်။ စောင့်ရတာကြာပြီမို့ ကျနော်ရှေ့က လက်ဖက်ရည်ခွက်ရဲ့ အတွင်းအောက်ခြေက မြောင်းကလေးထဲမှာသာ လက်ဖက်ရည်ကလေးနည်းနည်းကျန်တော့မယ်။ ဂိုဒေါ့ကိုစောင့်မျှော်ခြင်းအလားပဲ။ ဒါပေမယ့် ဂိုဒေါ့ကို စောင့်မျှော်သူတွေက ပိုက်ဆံမပါဘဲ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်မှာသောက်မထားလို့ လက်ဖက်ရည်ဖိုး ရှင်းစရာ ပိုက်ဆံမလိုဘူး။ ကျနော်ကတော့ လိုတယ်။
ခပ်ကျဉ်းကျဉ်း ရှည်မျောမျောလက်ဖက်ရည်ဆိုင်ရဲ့ ဟိုးအတွင်းဆုံးမှာတော့ မျက်နှာကျက်ကနေ ချိတ်ဆွဲပြသထားတဲ့ တီဗွီပြားတပြားရှိတယ်။ တီဗွီပြားပေါ်မှာတော့ ရုပ်သံလိုင်းတခုကနေ ဗင်ဂိုးဘဝဇာတ်လမ်း Lust For Life ဇာတ်ကားလာနေတယ်။ အဲဒီဇာတ်ကားကို ကျနော်ဆယ်ကြိမ်လောက် ကြည့်ပြီးသား။ သို့သော်လည်း လက်ဖက်ရည်ဆိုင်တွင်းမှာ ကျနော်အပါအဝင် လူဆယ်ယောက်လောက် ရှိပေမယ့် အဲဒီဇာတ်ကားကို ကြည့်နေသူက ကျနော်တယောက်တည်းရယ်။ ဗင်ဂိုး စိတ်ကျန်းမာရေးဆေးရုံ တက်နေရတဲ့ အခန်းကို ရောက်နေပြီ။ ဗင်ဂိုးဟာ ပြတင်းပေါက်က မြင်ရတဲ့ ဂျုံခင်းကိုကြည့်လို့ ပန်းချီရေးဆွဲနေတယ်။ သူနာပြု ရောက်လာပြီး သိပ်ကောင်းတဲ့ ပန်းချီကားပဲလို့ ပြောတယ်။ တဆက်တည်းပဲ ဒါပေမယ့် အပြင်မှာ အဲဒီအခင်းကို ရိတ်နေတဲ့ လူမရှိဘူးလေလို့ ဗင်ဂိုးကို အဲဒီသူနာပြုက စောဒကတက်နေ သေးတယ်။ ဗင်ဂိုးကရှင်းပြတယ်။ ဒီလူဟာ မျှော်လင့်ခြင်းကို ထင်ဟပ်တဲ့အနေနဲ့ ဆွဲထားတာ တဲ့။
အဲဒီလို ဗင်ဂိုးတကယ်ပဲရှင်းပြခဲ့သလားတော့ ကျနော်လည်းမသိဘူး။ အနုပညာပစ္စည်းတခုဆိုတာ ရှင်းပြလို့ အကျိုးထူးတဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အဲဒါတော့ ကျနော်သိတယ်။ အဲဒီအခန်းဟာ အမြဲတမ်း ကျနော်မုန်းတဲ့အခန်းပဲ။ သို့သော်လည်း ကျနော့်မှာ ဒီပြင်လဲ အခြားလုပ်စရာမရှိတာနဲ့ပဲ တယောက်တည်းပဲ အဲဒီအခန်းကို ဆက်ကြည့်နေမိတယ်။ ဆိုင်ရှင်ဟာ နေ့လယ်နေ့ခင်းမို့ လူသိပ်မကျပေမယ့် ဘာအတွက်အလုပ်ရှုပ်နေတယ် မသိ၊ အဲဒီဇာတ်ကားကနေ တခြားဇာတ်လမ်းတခုကို ပြောင်းဖို့အချိန်မရသေးလို့သာ။ ဒီလိုဇာတ်ကားမျိုးဟာ ဒီလိုနေရာမှာ ဘယ်သူမှ စိတ်မဝင်စားဘူးဆိုတာ သူသိမှာ။ လောလောဆယ်မှာ တီဗွီပြားပေါ်ဘာပဲလာနေနေ သူ့ခမျာ ဂရုမစိုက်နိုင်သေးလို့သာ။ နောက်ပြီး ဆိုင်ထဲ လူသိပ်မများသေးလို့သာ ဒီအတိုင်းလွှတ်ထားပုံရတယ်။ ဆိုင်ထဲကလူတွေမှာလည်း ဖုန်းစခရင်ကို ကြည့်ရင်း တစက္ကန့်နှစ်စက္ကန့်လောက် ငြီးငွေ့သွားတဲ့အချိန်ကလေး ခေါင်းမော့လို့ တီဗွီပြားကို တချက်ငေးလိုက်ပြီး ချက်ချင်းပဲ ဖုန်းကို ပြန်ငုံ့ကြည့်တယ်။ ဒီဆိုင်ကလေးထဲမှာတော့ ဗင်ဂိုးဘဝဇာတ်လမ်းကို စိတ်ဝင်စားသူ နတ္တိ။ “လူတွေက လုံးဝ နားမလည်ကြဘူးလေ ဒီည ငါ ကြေကွဲနေပြီ” ထူးအိမ်သင်ဆိုတဲ့ ဗင်းဆင့်ဗင်ဂိုးတမ်းချင်းသီချင်းတောင် အပြေးအလွှားသတိရစရာ။ သေပြီးတဲ့နောက် နှစ်ပေါင်းများစွာအထိ သနားဖို့ကောင်းနေသေးတဲ့ ဗင်းဆင့်ဗင်ဂိုးပါပဲ။
အပြင်မှာ နေကတော်တော်ပူတယ်။ သစ်ပင်တချို့က သစ်ရွက်တွေတောင် သိသိသာသာကြီး နွမ်းလို့နေတယ်။ သို့သော်လည်း သူတို့ခြောက်သွားမှာတော့ မဟုတ်ဘူး။ တော်တော်အံ့သြဖို့ကောင်းတယ်။ အစိမ်းရောင်ရှိပြီး ဟိုဘက်ဒီဘက်ဖောက်မြင်ရမတတ် အဲဒီသစ်ရွက်ပါးပါးကလေးတွေဟာ ပြင်းထန်လွန်းတဲ့ အပူချိန် လေးဆယ့်နှစ်ဒီဂရီဆဲစီးယပ် အောက်တည့်တည့်မှာ အရှုံးမပေးဘဲ ကြံ့ကြံ့ခံနေနိုင်တာ။ အဲဒါဟာ သူ့ကို ထောက်ပံ့ပေးနေတဲ့ ရေသောက်မြစ်တွေကြောင့်ပဲ။ လူတယောက်အနေနဲ့ဆိုရင် အဲဒီအပူချိန်အောက်မှာ အင်္ကျ ီမပါ ကျောဗလာနဲ့ ရပ်ခံနေဖို့ဟာ မဖြစ်နိုင်သလောက်ပဲလို့ ထင်ရတယ်။ ဒါပေမယ့်လည်း အဲဒီလို နေနိုင်တဲ့လူတွေလည်း တကယ်ရှိတယ်။ ညနေခင်းကျနေရောင်ခြည်အောက်မှာ ကွန်ကရစ်ရေမြောင်း ဖောက်ဖို့ မြေကျင်းတူးနေသူတွေ အစုလိုက်။ သူတို့ကျောဟာ လူချမ်းသာတွေရဲ့ ပါတီပွဲမှာ တည်ခင်းထားတဲ့ စားပွဲအလယ်က ကောင်လုံးကင်တကောင်ရဲ့ အရေပြားတွေလို မဲညစ်လို့။ သူတို့နဲ့စာရင် အရိပ်ရတဲ့ လက်ဖက်ရည်ဆိုင်ထဲမှာထိုင်လို့ ဘယ်တော့လာမယ်မှန်းမသိတဲ့ လူတယောက်ကို စောင့်နေရတဲ့ ကျနော့်အဖြစ်က အများကြီးသာသေးတာပေါ့။ ကဗျာ စာမူခကလေး ငါးထောင်ကျပ်အတွက်ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ကျနော်စောင့်နိုင်ပါတယ်။ သူမလာမှသာ ကျနော့်မှာ ပြဿနာရှိလာမှာ။
လက်ဖက်ရည်ကတော့ ကုန်သွားတာကြာပြီ။ ဆေးပေါ့လိပ်ကတော့ ပထမတလိပ်ကုန်လို့ ဒုတိယတလိပ်ယူပြီး ထပ်ဖွာတာမှာ တံဆိပ်နဲ့ တလက်မလောက်အကွာကိုရောက်လာခဲ့တဲ့အထိ ကျနော် စောင့်နေရတုန်းပဲ။ လူတော်တော်များများကတော့ စောင့်ရတဲ့အလုပ်ဟာ ကမ္ဘာပေါ်မှာ ငါအမုန်းဆုံးအလုပ်ပဲလို့ ဘဝတလျှောက် အကြိမ်ကြိမ်ပြောကြမှာ။ ဒါပေမယ့်လည်း သူတို့ စောင့်ရတာပါပဲ။ ကမ္ဘာပေါ်မှာ စောင့်ရခြင်းအလုပ်ကို မလုပ်ဖူးတဲ့လူရယ်လို့ တယောက်မှကို မရှိတာ။ လူမွဲတယောက်အနေနဲ့ မျှော်မှန်းမကြည့်နိုင်လောက်အောင် ချမ်းသာတဲ့ လူတွေကတော့ စောင့်ရတဲ့ အလုပ်ဘယ်တော့မှမလုပ်ဘူးကွ၊ စောင့်မယ့်စောင့် မင်းတို့က ငါ့ကို စောင့်ရမှာလို့ မာန်ပါပါ ပြောတတ်ကြတယ်။ သို့ပေမယ့် သူတို့လည်း သေဖို့စောင့်နေကြရတာပဲမဟုတ်လား။
ကျနော်ကတော့ စောင့်ရတဲ့အလုပ်ကို သဘော ကျလှတယ်မဟုတ်ပေမယ့် ကျေနပ်ပါတယ်။ စောင့်နေရတယ်ဆိုကတည်းက လာမှာရှိလို့ပဲ။ တကိုယ်တည်း အထီးကျန်မဟုတ်ဘူး။ ကဗျာစာမူခ ငွေကလေးငါးထောင်ပဲဖြစ်ဖြစ် အဲဒါကျနော့်အတွက်တော့ အရေးပါတဲ့ ကိန်းဂဏန်းတခုပဲ။ မျှော်လင့်ချက် ရှိနေသေးတယ်ဆိုတဲ့သဘော။ တချိန်မဟုတ် တချိန်တော့ စောင့်နေရတဲ့ တယောက်ယောက်ဟာ၊ တစုံတခုသော အဖြစ်အပျက်ဟာ ရောက်လာမှာ၊ ကိုယ်လုပ်ဖို့က စောင့်နေဖို့ပဲ။ ကိုယ်လုပ်နိုင်တာကလည်း စောင့်နေဖို့ပဲ ရှိတဲ့နောက် အဲဒီအပေါ် ညည်းညူနေလို့ကတော့ ဘဝဆက်တိုင်း နာကျင်ရဖို့ချည့်ပေါ့။ နာကျင်ရမယ့်အစား မျှော်နေမယ်။ ညည်းညူနေမယ့်အစားတော့ စောင့်နေလိုက်မယ်။
ကျနော့်မှာ အချိန်တွေရှိပါတယ်။ အချိန်တွေရှိလို့လည်း ဒီနေရာမှာ ဒီလိုထိုင်စောင့်နေနိုင်တာ။ ရုပ်ရှင်တခုထဲမှာ ဘာသာဗေဒ ပါမောက္ခတယောက်ပြောတဲ့စကားလေး တခွန်းကို မှတ်မိနေတယ်။ “အချိန်ရဲ့ လှပခြင်းဟာ အဲဒါပဲ ဘယ်တော့ဖြစ်ဖြစ် တကျော့ပြန်ဖို့ အချိန်တွေအမြဲရှိနေတယ်” တဲ့။ ဒါပေမယ့်လည်း တဦးချင်းစီအတွက်ဆိုရင် ရှိတဲ့အချိန်ဆိုတာ အကန့်အသတ်နဲ့ပါ။ ပင်ပန်းဆင်းရဲစွာ ရပ်တည်နေရတဲ့ ဒီလိုတတိယနိုင်ငံတနိုင်ငံက လူတယောက်ရဲ့ပျှမ်းမျှသက်တမ်းဟာ ခြောက်ဆယ်တောင် မပြည့်ဘူး။ အဲဒီပျှမ်းမျှသက်တမ်းရဲ့ တဝက်ကို ကျနော့်အနေနဲ့ ကျော်လွန်လာခဲ့တာကြာပြီမို့ အချိန်တွေရှိနေသေးတယ်ဆိုပေမယ့် ကြီးစွာသော အကန့်အသတ်နဲ့ ရှိနေတဲ့အချိန်မျိုးပါ။ ကိုယ်ဆက်ပြီး နေရမယ့်အချိန်ဟာ ကြည့်ဖူးတဲ့ ရုပ်ရှင်တခုထဲကလို လက်ဖျံမှာ နာရီ မိနစ် စက္ကန့်နဲ့ အတိအကျပေါ်နေမယ် ဆိုရင်တော့ တမျိုးပေါ့။ အခုဟာက မရေရာလှဘူး။ ကျနော်ဟာ အမိုးနိမ့်နိမ့်လက်ဖက်ရည်ဆိုင်ကလေး တဆိုင်ရဲ့ ခွေးခြေပုကလေးပေါ်မှာထိုင်ရင်း ဖြုတ်ခနဲ နှလုံးရပ်သွားတာမျိုးက ရာခိုင်နှုန်းအများကြီးမဟုတ်ရင်တောင် ဖြစ်နိုင်ခြေကတော့ ရှိနေတာပဲ။
သို့သော် ကျနော်စောင့်ပါတယ်။ နေက တဖြည်းဖြည်း မမြင်ရတဲ့တဘက်ခြမ်းကို ထွက်သွားမှာ။ အဲဒီနောက် အေးလာမှာ။ အရင်တုန်းကတော့ လေညှင်းကလေးဆိုတာ ကျနော် သိပ်ကြိုက်တဲ့ စကားလုံးပဲ။ စကားလုံးအရရော အနှစ်သာရအားဖြင့်ပါ အူလှိုက်သည်းလှိုက်ကြိုက်ခဲ့တာ။ ခုရော မကြိုက်တော့ဘူးလား ဆိုရင်တော့ မဟုတ်ပါဘူး။ ငါးကျပ်ဖိုးလောက်ပဲ ရရ လိုချင်နေတုန်းပဲ။ ဒါပေမယ့် ခက်သွားပြီ။ လေညှင်းကလေးဆိုတာ ရှိမှရှိသေးရဲ့လားလို့တွေးရမတတ်ပဲ။ ဟိုးတလောက သေဆုံးသွားခဲ့တဲ့ ကမ္ဘာ့နောက်ဆုံး ကြံ့ဖြူကြီးလိုပဲ၊ မျိုးများတုံးသွားပြီလားလို့ တွေးနေမိတယ်။
အမိုးနိမ့်နိမ့်လက်ဖက်ရည်ဆိုင်ကလေးထဲ ထိုင်စောင့်ရင်း တချက်တချက်မျက်နှာကို ဖြတ်တိုက်သွားတဲ့ လေကိုက လေညှင်းကလေးမဟုတ်ဘဲ လေဖျင်းကလေး ဖြစ်လို့နေတယ်။ ကန္တာရကြီးတခုလို နေ့စဉ်နဲ့ အမျှ လေပူတွေချည့် ဖြတ်ဖြတ်တိုက်တော့ ဆဲလ်တွေခမျာလည်း သေလိုက်တာနိုင်းချင်းပဲ။ အသစ်ပြန်ပြုလုပ်တဲ့ ဆဲလ်တွေမှာ အမှားတွေ ခဏ ခဏ ပါလာတော့ လူတွေဟာ အိုမင်းလွယ်လာတယ်။ တချို့ကတော့ ပြောနိုင်တာပေါ့။ နိုဝင်ဘာလို ဒီဇင်ဘာလို လမျိုးကျတော့လည်း ဒါတွေကို လွယ်လွယ်မေ့သွားမှာပဲလို့။ ဒါပေမယ့် အဲဒီတော့အခါ အဲဒီတော့ပဲ။ ခုခါမှာတော့ ပူတာက ပူတာပါပဲ။ အုတ်ရေမြောင်းတူးနေသူတွေကို အားနေပေမယ့် ကျနော့်အနေနဲ့လည်း တကယ့်ကိုပူတာပါ။ ဘုရားစူး။
တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်ကုန်သွားခဲ့တယ်။ တံတားပေါ်ကလူအနေနဲ့ လူကိုယ်တိုင် မလာနိုင်ရင်တောင် ဖုန်းခေါ်ဦးမလားလို့ ကျနော်စောင့်နေတုန်းပဲ။ ကျနော့်အနေနဲ့ ပြန်ခေါ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ ချေးထားတဲ့ ရှစ်ရာကျပ် ကုန်သွားတာကိုက နှစ်ရက်ရှိပြီ။ အဲဒီနောက် နေဝင်သွားတယ်။ နေဝင်သွားတော့ အပူချိန ်ကလည်း သိသိသာသာလျော့ကျသွားတယ်။ ဟိုရှေ့က အုတ်ရေမြောင်းတူးနေတဲ့ လူတွေရဲ့ ဥတုအပေါ်တည်တဲ့ ရယ်သံအချို့တောင် လွင်လွင်ကလေး ထွက်လာကြတယ်။ တကယ့်ကို ရယ်သံလွင်လွင်ကလေးတွေ။ လေညှင်းကလေးမဟုတ်သေးပေမယ့် လေပူကြီးမဟုတ်တော့တဲ့ လေကလေးတချို့ ဆိုင်ထဲလှည့်ဝင်လာကြတယ်။
အချိန်တွေရှိသေးတယ်ဆိုပေမယ့်လည်း လာတော့မယ်မသေချာတဲ့လူကို စောင့်နေဖို့ကတော့ မလောက်ငဘူးထင်ပါတယ်။ မဂ္ဂဇင်းကိုယ်စားလှယ်သာ ရောက်မလာခဲ့ဘူးဆိုရင် အဲဒီနောက်မှာ ကျနော့်အနေနဲ့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေရှိလာမှာ။ ဥပဓိကောင်းပေမယ့် စိတ်ပုပ်တဲ့ ဆိုင်ရှင်ဘိုးတော်ကို အကြွေးမှတ်ထားဖို့ ကျနော် တောင်းပန်ရမယ်။ အဲဒီအချိန် ကျနော့်မျက်နှာကို နေပြင်းပြင်းအောက် ရှိနေတုန်းက သစ်ရွက်ကလေးတွေလို နွမ်းလျထားရလိမ့်မယ်။ ဒါပေမယ့် ကြွေသွားမှာမဟုတ် ကျနော့်မှာလည်း ရေသောက်မြစ်တွေရှိနေသေးတယ်။ ပြီးတော့ ကျနော် အိမ်ပြန်ရမယ်။ ဒီနေ့မိုးရွာမယ်ထင်တယ်။ ကောင်းကင်ကနီနေတယ်။ ကောင်းကင်က နီနေပေမယ့် ကျနော့်အိမ်က မီးဖိုချောင်လေး ဒီနေ့ နီနိုင်မှာမဟုတ်တော့ဘူးလို့များ ဆိုလိုက်ရင် တော်တော်ကလေးတကြောင်းဆွဲ ဖြစ်သွားမယ်။ တချို့များဆိုရင် ထိထိခိုက်ခိုက်ဖြစ်ကြရလိမ့်မယ်ထင်တယ်။ ဒါပေမယ့် အဲဒါ ကျနော့်ဘဝမဟုတ်ပါဘူး။ တကယ်ရှိနေတာ သေချာတဲ့ အခြားသောဘဝများကို ကိုးကားတာဖြစ်သွားမှာ။ ကောင်းကင်ကနီနေတယ်။ ကျနော်တော့ အိမ်ပြန်ရောက်တဲ့အခါ မိုးရေချိုးမယ်။ မိုးရွာမယ့်အချိန်ကို စောင့်နေရဦးမှာပဲ။
ကျနော့် စာမူခကလေးငါးထောင်ဟာ ဒီနေ့တော့ ရတော့မှာမဟုတ် ပြန်မယ်လို့ စိတ်ကူး၊ ဥပဓိကောင်းကောင်း စိပ်ပုပ်ပုပ်နဲ့ ဆိုင်ရှင်ဘိုးတော်ကို တောင်းပန်မယ်လို့ ဖင်ထိုင်ခုံက ထလိုက်မှ မဂ္ဂဇင်းကိုယ်စားလှယ်ရဲ့ ဆိုင်ကယ်ဟာ ဆိုင်ရှေ့ ရောက်လာခဲ့တယ်။ ကျနော် ပျော်သွားတယ်လို့ ထင်ပါတယ်။ ပျော်တယ်လို့ ပြောရတော့လည်း ခက်ပါတယ်။ နာရီပေါင်းများစွာကြာအောင်စောင့်နေရတဲ့အချိန်တုန်းက ဒေါသရှိနေပေမယ့်လဲ တော်ပါပြီကွာလို့ မျှော်လင့်ချက်ရုပ်သိမ်းလိုက်တဲ့အချိန်ရောက်တော့ ကျနော့်မှာ အတော်လေးတော့ အာဃာတ ကင်းစင်သွားခဲ့တယ်။ မျှော်လင့်ချက်ဟာ လူကို တကယ်ပူလောင်စေတယ်။ အဲဒီလို စိတ်လျှော့ပြီးမှ အဲဒီလူရောက်လာလေတော့ ကျနော့်မှာ စိတ်ခံစားချက်က အဘက်ဘက်က လျော့သွားပြီမို့သူ့ကို ရန်တွေ့ဖို့ပဲလဲ စိတ်မရှိတော့ဘူး။ နောက်ဆုံးတော့ ငါ့ကဗျာလုပ်အားခကလေးရပြီပေါ့လို့ တွေးပြီး သက်ပြင်းသာချလိုက်မိတယ်။
သို့သော် မဂ္ဂဇင်းကိုယ်စားလှယ်မှာ ကျနော့်ကို ပေးဖို့ ပိုက်ဆံ ပါ မလာတော့။ လမ်းမှာ အခြားသောကိစ္စတခုအတွက် မလွှဲမရှောင်သာ သုံးလိုက်ရတာမို့ နက်ဖြန်မှ ယူပါတော့လို့ တောင်းပန်စကား ဆိုလာတယ်။ လူ့ဘဝဟာ အဲဒါပဲလို့ ကျနော်ပြောချင်တယ်။ ကျနော်တို့ အစောင့်ကြီးစောင့် အမျှော်လင့်ကြီးမျှော်လင့်ခဲ့ရပြီးတဲ့နောက် တွမ်းတိဝမ်းအဆင်ကြီးကို ဘေးကွက်ကြီးတက်ချင်တက်လာတက်တယ်။ ဘာတတ်နိုင်မှာလဲ။ အနည်းဆုံးတော့ ကျနော်အနေနဲ့ သူ့ကို လက်ဖက်ဖိုးရှင်းခိုင်းလိုက်နိုင်တယ်။ ပြီးတော့ နီနေတဲ့ကောင်းကင်အောင်ကနေ အိမ်ပြန်လာခဲ့တယ်။ မိုးကြီးချုပ်တော့ မိုးတကယ်ရွာတယ်။ ဒီတော့ ကျနော်လဲ ကလေးတယောက်လိုပဲ အော်ဟစ်လို့ မိုးရေချိုးနေလိုက်တော့တယ်။ အဲဒီအချိန်လေး ပျော်စရာပါ။
လင်းခါး