တယောက်တည်းမဟုတ်ပါဘူးလို့ တယောက်တည်းပြောပြောပြီး ငိုကြရတဲ့အကြောင်းများ
#lkessayden 97
မိုက်ကယ်ဂျက်ဆင်ရဲ့ ဗီဒီယိုဖိုင်တွေ အတော်များများ ငါကြည့်ဖူးတယ်။ moonwalking ကို ပထမဆုံး စင်ပေါ်မှာ စကတဲ့ဗီဒီယိုကနေ မင်းသမီးကလေးဒိုင်ယာနာနဲ့တွေ့ပြီး အနေခက်နေတဲ့ ဟန်အထိ king of pop ကို ငါအလွတ်ရတယ်။ ၁၉၉၇ မြူးနစ်ရှိုးမှာ you are not alone ဆိုတော့ အကုန်လုံး မီး အမှောင်ချထားတယ်။ လူတွေက မိုက်ကယ်ဂျက်ဆင်နဲ့ အသားကျနေပြီ။ သူတို့အိတ်ကပ်တွေထဲက မီးခြစ်ကလေးတွေထုတ်ပြီး မီးခြစ်ထားကြတယ်။ အဲဒီနောက် အဖွင့်တီးလုံးလာတယ်။ စင်ပေါ်ကနေ ရိုက်ပြတယ် မီးတောက်ကလေးတွေ ယိမ်းနွဲ့လာကြတာကို မြင်ရတယ်။ အဲဒီနောက် ပေါ့ဂီတရဲ့ဘုရင်ဟာ စည်းချက်အတိုင်း လမ်းလျှောက်လို့ စင်ပေါ်ရောက်လာတယ်။
လူတွေ ငိုလိုက်တာအရမ်းပဲ။ အထူးသဖြင့် ကောင်မလေးတွေ။ အူလှိုက်သည်းလှိုက် ငိုကြတာ။ ငါငယ်ငယ်က အဲဒီရှိုးကို ဗီဒီယိုတိတ်ခွေကြီးနဲ့ စကြည့်ဖူးတာ။ အတူထိုင်ကြည့်တဲ့ သူငယ်ချင်းက တကယ့်ကိုအလိုက်မသိတဲ့ ငဒူပုံစံနဲ့ မေးတယ်။ သူတို့က ဘာလို့ ငိုနေကြတာလဲတဲ့။ ဒီကောင့်ကို ငါ ဘာပြန်ပြောရမယ်မှန်း မသိဘူး။ အဲဒီတုန်းကသာ eminen သီချင်းထဲက stan ဆိုတဲ့ နာမည်ကို အဘိဓာန်မှာ ထည့်သွင်းခဲ့မယ်ဆိုရင်တော့ ရှင်းရလွယ်တာပေါ့။ (အခုထည့်သွင်းလိုက်ပြီဆိုတဲ့ သတင်းဖတ်လိုက်ရတယ်) ဒါပေမယ့် ဒီကောင် အဲဒီလို မေးလိုက်ချိန်မှာ ငါ တော်တော်ကြောင်သွားခဲ့တယ်။
ငါက အဲဒီငိုကြွေးမှုတွေကြားမှာ စီးမျောနေတာ။ ငါ့နားထင်မွှေးတွေတောင် ထောင်နေပြီ။ ကြက်သီးတွေလဲ အပြင်းအထန်ထလို့။ စင်ပေါ်တက်လာတာ မိုက်ကယ်ဂျက်ဆင်မဟုတ်ဘဲ ငါ ဖြစ်တော့မှာ နည်းနည်းပဲ လိုတော့တဲ့အချိန်။ ဒီကောင်မေးခွန်းကြားလိုက်ရတော့ ကြက်သီးထရာကနေ ကြက်သေသေသွားတယ်။ အဲဒီတုန်းက ဖီးလ်ကွေးတယ်ဆိုတဲ့ ဘန်းစကားမပေါ်သေးဘူး။ အဲဒါနဲ့ ငါလဲ ဒီကောင်နားလည်အောင် ပြောတော့ ပြောကြည့်တယ်။ သူတို့ဝမ်းသာလို့ငိုတာပေါ့ကွာ မိုက်ကယ်ဂျက်ဆင်ကို အရှင်လတ်လတ်တွေ့ရလို့ ငိုတာလို့ ဖြေလိုက်တယ်။ ဒီကောင် ဘာမှ ဆက်မမေးတော့ဘူး။ ဒီနေ့ပြန်စဉ်းစားကြည့်တော့ အဲဒီအဖြေက သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ မှန်တယ်လို့ သိလိုက်တယ်။ လူတွေရယ်မောကြရတဲ့ အကြောင်းအခြင်းအရာတွေ ကမ္ဘာမှာများပြားရသလို လူတွေငိုရတဲ့ ကိစ္စတွေကလည်း သိပ်များတယ်။ တချို့ခံစားမှုတွေကိုဆိုရင် ငိုခြင်းရယ်ခြင်းနဲ့ ဖွင့်ထုတ်ရတာတောင် မလုံလောက်ဘူး။
ငါတို့ဆက်ကြည့်တယ်။ ငိုလိုက်ကြတဲ့ လူတွေ သီချင်းတောင် မဆိုရသေးဘူး။ တယောက်တည်းအဖြစ်ကို သည်းမခံနိုင်ကြပုံမျိုး၊ မင်းတယောက်တည်းမဟုတ်ဘူးဆိုတာကို လာနှစ်သိမ့်ပေးပါလို့ သောကပွေရပုံမျိုး။ မိုက်ကယ်ဂျက်ဆင်တောင် မလာသေးဘူး ငိုကြတာ။ မိုက်ကယ်ဂျက်ဆင် မီးရောင်အောက်ကို ရောက်လာတော့ ပိုလို့တောင် အငိုသည်းလာကြသေးတယ်။ တချို့တွေ မေ့မျောကုန်ကြတယ်လို့ ထင်တယ်။ ကင်မရာကလဲ ရှုထောင့်ပေါင်းစုံက ရိုက်ပြ၊ စတိတ်စင်ပေါ် မီးဖျော့ဖျော့ကလေး လင်းလာ။ အဲဒီအချိန်မှာ ငိုနေတဲ့ မိန်းကလေးပရိသတ်တွေထဲက တယောက်ကို ရိုက်ပြတယ်။ ကောင်မလေးက အလှလေးဆိုပေမယ့် အလှပျက်အောင်ကို စိတ်ခံစားချက်မြင့်မားနေချိန်။ လက်ထဲမှာ ဝက်ဝံရုပ်ဖြူဖြူကလေးတရုပ်ကိုင်ထားတယ်။ သေးသေးလေးပါ။ သူ့လက်ထဲမှာ ဝက်ဝံရုပ်ကလေးလို့ ငါပြောတော့ ငါ့သူငယ်ချင်းက ငါ့ကို အူကြောင်ကြောင်မျက်နှာနဲ့ ကြည့်လိုက်တာ မှတ်မိသေးတယ်။ အဲဒါ ဘာအရေးလဲကွာ ဆိုတဲ့ မျက်နှာလဲ ဖြစ်တယ်။ ဒါပေမယ့် အဲဒီဟာ တကယ်ပဲ ဝက်ဝံရုပ်ကလေး ဟုတ်မဟုတ် ငါ မသေချာပါဘူး။ တခုခုကို ငါမြင်တယ်လို့ သူ့အပေါ်တင်စီးလိုက်တဲ့ သဘောပဲရှိမယ်။
အစကတော့ ကင်မရာက ဘာကြောင့် အဲဒီကောင်မလေးကို ထူးထူးခြားခြား ရိုက်ပြရသလဲ နားမလည်ဘူး။ နောက်မှ အဲဒီကောင်မလေးဟာ သဘာဝရဲ့ရွေးချယ်မှုအရ ဖြစ်လာရတဲ့ လူသားသမိုင်းလို (သူ့ရဲ့ စိတ်အားနှစ်ကာ ငိုကြွေးရခြင်းကို ရင်းအနှီးပြုထားရသော်လည်းပဲ) အရွေးချယ်ခံထားရလို့ပဲ ဆိုတာ သိလာတယ်။ မိုက်ကယ်ဂျက်ဆင် သီချင်းဆိုနေတုန်း ဗလတောင့်တောင့် လမ်းပေါ်ကလူမိုက်တယောက်ဂိုက်နဲ့ လူဟာ အဲဒီကောင်မလေးကို စင်အောက်က လူတွေကြားကနေ အတင်းဆွဲထုတ်သွားတယ်။ ငယ်တုန်းကတော့ စင်ပေါ်မရောက်သေးခင်အထိ ဒီကောင်မလေး ငိုလွန်းလို့ မေ့မျောသွားမှာစိုးလို့ အပြင်မောင်းထုတ်မယ်လို့ပဲ ထင်လိုက်သေးတာ။ ထို့နောက် ကောင်မလေးကို စင်ပေါ်တင်ပေးလိုက်တယ်။ ဇာတ်ရှိန်ကတအားမြ့င်သွားတယ်။ ဟေး အေး လို့ ငါအော်မိတယ် ဝမ်းသာလို့။
ကောင်မလေးဟာ မိုက်ကယ် ဂျက်ဆင်ကို အသက်ရှူအောင်ကျပ်အောင် ဖက်ထားလို့ မိုက်ကယ်ခမျာ ရုန်းကန်နေရသေးတယ်။ မျက်နှာကို မိုက်ကယ့်အနားကပ်လိုက်၊ အတင်းသိမ်းကြုံးပြီး ဖက်ထားလိုက်။ ဆောက်တည်ရာမဲ့နေပုံပဲ။ အိပ်မက်တခုလို ဖြစ်နေမယ်လို့ ခုနေခါမှာ ငါပြန်တွေးကြည့်မိတယ်။ အဲဒီတုန်းကတော့ အဲဒီကောင်မလေး ဒီလောက်ညှစ်ညှစ်ဖက်နေပုံနဲ့ဆိုရင် မိုက်ကယ်ဂျက်ဆင် သီချင်းဘယ်လိုလုပ်ဆိုတော့မလဲ ဒုက္ခပဲ သီချင်းအဆိုပျက်သွားရင် ငါကြိုက်နေတဲ့ သီချင်းလေး ရပ်သွားတော့မယ်လို့ ကြောင့်ကြမိသေးတာ။ တော်တော်ကြာတဲ့အထိ ကောင်မလေးဟာ ဖက်ထားဆဲပဲ၊ ဒူးထောက်လိုက်၊ ခါးဆန့်လိုက် သူ့ခနာကိုယ်ဟာ ကျပ်သိပ်နေအောင် လွင့်ခါလို့နေတယ်။ အငိုကလည်းမရပ် နောင်များ ငိုဖို့လဲ ချန်ပါဦး။
လက်ထဲက ဝက်ဝံဖြူလေးကိုလဲ ဆုပ်ထားမြဲ။ ကြေမွလို့။ မင်းတယောက်တည်း မဟုတ်ဘူး ငါဒီမှာ ရှိတယ်လေ ငါတို့လဲ စင်ပေါ်တက်ချင်တာပေါ့လို့ အားလုံးကတွေးနေကြတော့မှာ။ သို့သော်လည်း တွေ့ဆုံရတိုင်းသည်ဟာ အဆုံးတနေ့မှာ ခွဲခွာကြရမည်သာ။ အချိန်ကိုက် နေရာကိုက် အားလုံးဟာ ကြိုတင်ပြဌာန်းထားပြီးသလိုမျိုး ကောင်မလေးကို ဗလတောင့်တောင့်နဲ့ ငနဲဟာ ပြန်ခေါ်သွားတယ်။ တကယ့်ဖျတ်ခနဲ အလွမ်းဇာတ်ကလေးပဲ။ ကောင်မလေးဟာ ထွန့်ထွန့်လူးလို့ ပါသွားတယ်။ ငါတို့ကိုယ်တိုင်တောင် အဲဒီအပိုင်းအခြားကလေးမှာ ဆတ်ဆတ်ခါအောင် နာကျင်ခဲ့ရသေးတယ်လို့ ပြန်မှတ်မိနေပါတယ်။ မိုက်ကယ်ရဲ့ ပါဖောမန့်ကလဲ သိပ်ကောင်း ကောင်မကလေးရဲ့ လက်ဖျားကလေးတွေ သူ့လက်ထဲကနေထွက်ခွာသွားပြီးတဲ့အထိ သူ့လက်တွေကို မျော်လင့်စောင့်စားနေဟန် လေထဲ အလျားလိုက် ဆန့်တန်းထားတုန်းပဲ။ ဒါပေမယ့် မင်းတယောက်တည်း မဟုတ်ပါဘူးကွယ်။
အဲဒီဗီဒီယိုကို ဒီနေ့ပြန်ကြည့်မိတော့ သီချင်းမှာ နစ်မျောရတုန်း အမှောင်ထဲ ယိမ်းနေတဲ့ မီးတောက်ကလေးတွေအတွက် စိတ်လှုပ်ရှားရတုန်းဆိုပေမယ့် ကောင်မလေးအတွက်တော့ ငါ့မှာ တမျိုးတဖုံဖြစ်သွားပြီ။ အာရုံစိုက်ပုံကအစ ပြောင်းလဲသွားတယ်။ ငယ်ငယ်တုန်းက စင်အောက်မှာငိုနေတဲ့ ကောင်မလေးကိုပဲ မြင်ရာက ခုတော့ ငိုနေတဲ့ ကောင်မလေးရဲ့နံဘေး ငယ်တုန်းက ငါ့ကို သူက ဘာလို့ ငိုနေရတာတုန်း မေးခဲ့တဲ့ ငါ့သူငယ်ချင်းရဲ့ အကြည့်မျိုးနဲ့ ကောင်မလေးကိုကြည့်နေတဲ့ ငတိကလေးတယောက်ကိုပါ မြင်လာတယ်။ ဒင်းကလေးရဲ့ အကြည့်က မရင့်ကျက်လိုက်တာ လို့ ပြောနေပုံမျိုးတောင် ပါနေသေးတယ်။
ငါကိုယ်တိုင်လည်း အသက်အရွယ်အရ ရှုမြင်ပုံကွာခြားကုန်ကြတာမျိုးလို့ထင်ပါတယ်။ ခုတော့ မိုက်ကယ်ဂျက်ဆင်လဲ မရှိတော့တာကြာပေါ့။ သူဂရမ်မီဆုရတဲ့နှစ်တွေအလိုက် သီချင်းတွေ ဗီဒီယိုတွေကို ပြန်ပြန်ကြည့်မိတိုင်း စင်ပေါ်မှာ သူ့အသားအရောင်ဟာ ဖြူဖြူလိုက်လာတာကို မြင်ခဲ့ရတယ်။ အဲဒီတုန်းက ငါ့ခံစားချက်က မကောင်းဘူး။ မိုက်ကယ်ဂျက်ဆင်တယောက် ဘာဖြစ်လို့ ဖြူချင်သွားရတာလဲလို့ ငါမသိ ငါနားမလည်၊ ငါ အမြဲ၀မ်းနည်းမိပေမယ့် သူ့ကို ရှုံ့ချလိုစိတ်တော့ ငါ့မှာ မရှိပါဘူး။ သူ့ဇာတ်လမ်းက ဘာလဲ ငါမှ မသိနိုင်ဘဲလေ။ ဒါပေမယ့်လည်း သူဟာ အဖြူ ဖြစ်လာတယ်။ အမဲတယောက်ရဲ့ ပန်းတိုင်ဟာ အဖြူဖြစ်ဖို့ပဲလားလို့ ကွက်ကွက်ကလေး ငါလျှောက်တွေးသေးတာပေါ့။ သူတို့စိတ်ရဲ့ ဟိုးအတွင်းဆုံးတနေရာမှာ လှုပ်ရှားလို့ ရှိနေတဲ့အရာ၊ အဲဒါဟာ ဘာပဲဖြစ်ဖြစ် အမေရိကန်လူမည်းတွေအတွက်ကတော့ သူတို့သမိုင်းကြီးတခုလုံးဟာ တကယ့် ထိတ်လန့်ဖွယ်ရာပါ။ ဟိုတလောလေးကမှ ဒက်ထရွိက်ဆိုတဲ့ ရုပ်ရှင်ကားကို ငါကြည့်မိရင်း ဒေါသတွေ တလိပ်လိပ်ထွက်နေရင်း မိုက်ကယ်ဂျက်ဆင်ကြီးကို ငါသတိရနေမိသေးပေါ့။
ခုတော့ သူလည်း မရှိတော့ဘူး။ ပေါ့ဘုရင်ကြီးလဲ သေရတာပဲ။ ဘယ်လိုစိတ်ကူးနဲ့မှန်းမသိတဲ့ သူ့နှာခေါင်းနဲ့အတူပေါ့။ ငါနဲ့ အတူ ၁၉၉၇ မြူးနစ်ရှိုး you are not alone သီချင်းခွေကြည့်ခဲ့တဲ့ ငါ့သူငယ်ချင်းလဲ ဘယ်ဆီမသိတော့။ အဲဒီတော့ မေးစရာတွေးစရာဆိုလို့ တခုပဲ ကျန်တော့တယ်။ ၁၉၉၇ ဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်၊ ထိုစဉ်တုန်းက စင်ပေါ်တက် မိုက်ကယ်ဂျက်ဆင့်ကို ဖက်ငိုခွင့်ရခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ ဒီနေ့ဆိုရင် အနည်းဆုံး လေးဆယ်လောက်တော့ ရှိပြီပေါ့။ သူရော ဟောဒီလောကမှာ ရှိသေးရဲ့လား။ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ဆုံးပါးစဉ်က ဘယ်လိုခံစားခဲ့ရလဲ။ လွန်ခဲ့သော ၁၉၉၇ တုန်းကလို မျက်ရည်တွေနဲ့ပဲလား။ ဒါမှမဟုတ် သွေးသွင်းရာက HIV ကူးစက်ခံလိုက်ရတဲ့ ရိုင်ယန်ဝှိုက်ဆိုတဲ့ သနားစရာကောင်လေးလို မိုက်ကယ့် အရင်သွားနှင့်ပြီလား။ တချိန်က လူပေါင်းသိန်းသန်းချီကြည့်ခဲ့ရတဲ့ သီချင်းတပုဒ်ထဲက ကံထူးသူကောင်မလေးရဲ့ နောက်ပိုင်း ဘ၀ဇာတ်လမ်းဟာ ဘယ်လိုများပါလဲ။ ဒီလိုမေးခွန်းတွေ မေးမိတိုင်း ငါ့မှာ လူတွေရဲ့ သီးခြားဖြစ်မှုကို စိတ်ပျက်စွာခံစားမိတယ်။ you are not alone တဲ့။ ငါတော့ မထင်ဘူး မိုက်ကယ်ရေ။ နောက်ဆုံးတော့ ငါတို့အားလုံးဟာ တယောက်တည်းသမားတွေပါ။ အများကြီးဖြစ်နေပေမယ့် မတူညီတဲ့ ကမ္ဘာအသီးသီးမှာ ရှင်သန်နေရသလိုပါ။ တခါတခါမှာ ကိုယ့်ခေါင်းကိုယ် လက်ညိုးငေါက်ငေါက်ထိုးလို့ မင်း တယောက်တည်းပဲ၊ မင်းတယောက်တည်းပါကွာ လို့ သိမ်ငယ်စွာ တွန့်လိမ်စက်ဆုပ်နေရတဲ့ အချိန်တွေ ငါတို့မှာ တကယ်ရှိခဲ့ပါတယ်။ မင်းလည်း တယောက်တည်းပါပဲကွာ။