#scraplk
စိတ်အပြောင်းအလဲမြန်တာ ကောင်းမကောင်း မသိပေမယ့် ငါက အတော့်ကို စိတ်အပြောင်းအလဲမြန် တဲ့ကောင်။ လွယ်လွယ်ကူကူနဲ့ကို ပြောင်းလဲတာ။ ဘာမဟုတ်တဲ့ အပရိကလေးတွေနဲ့တောင် စိတ်ထဲ လှိုက်လှိုက်လှဲလှဲဖြစ်ပြီး ဂငယ်ကွေ့ချိုးကွေ့ချင်လိုက်တာမျိုး ခဏ ခဏဖြစ်တယ်။ ဘာမဟုတ်တဲ့ အကြောင်း ကလေးတွေဆိုတာကလည်း နေ့စဉ်ဘ၀မှာ ဖြတ်သွားဖြတ်လာ စီးကရက်မီးညှိရင်း၊ ရေနွေးငှဲ့သောက်နေရင်း ကြုံတတ်တာတွေပဲလေ။ ကားစီးရင်း၊ ရထားစီးရင်း ဘေးတလျှောက်လမ်းတွေမှာ တွေ့ရတတ်တဲ့ ဖျတ်ခနဲ ဖျတ်ခနဲ မြင်ရတဲ့ သဲသဲကွဲကွဲမဟုတ်တဲ့မြင်ကွင်းတွေကတောင် ငါ့ကို တခုခုတွေးစေဖို့ လှုံ့ဆော်နိုင်တယ်။ တခုခု တွေးပြီဆိုတာနဲ့ အဲဒီအတွေးနောက်မှာ ငါဟာ င့ါဖြစ်တည်မှုကိုငါ ဆန်းစစ်စရာတွေ မြင်မြင်လာတတ်ပြန်ပါရော။ အဲဒါ ပြဿနာပဲလားတော့ မသိဘူး။အိုင်ငယ်တခုမှာ ငါးပက်နေတဲ့ ကလေးလေးတွေ၊ မျက်နှာမှာလည်း ရွှံ့ရေတွေပေကျံလို့၊ ပေါင်းရင်းထိအောင် လိပ်တင်ထားတဲ့ ဘောင်းဘီးစိမ်းကလေးတွေနဲ့၊ ခြေသလုံးလေးတွေကလည်း တကယ့်သေးသေးလေးတွေ။ အဲဒီကလေးလေးတွေက ဖြတ်သွားတဲ့ ရထားကို လက်လှမ်းပြလိုက်တာမျိုး၊ ဒါမှမဟုတ် ကောင်းကင်မှာ ပျံသွားတဲ့ လေယာဉ်တစင်းကိုကြည့်ပြီး “လေယာဉ်ကြီးရေ မုန့်၀ယ်ခဲ့ပါ” လို့ သံပြိုင်အော်ဟစ်လိုက်ကြတာမျိုးတွေကို မြင်လိုက်ရရင် ငါဟာ ကျေနပ်၊ အေးချမ်းသွားတတ်တယ်။ အဲဒီလို အေးချမ်းမှုကလေးဟာလည်း ငါ့အတွက်တော့ လူဖြစ်ရတာမှာ ပျော်ရွှင်ရှင်သန်စေတဲ့ တတပ်တအားပဲလို့ မိနစ်ပေါင်းများစွာကြာအောင်တွေးပြီး ပီတိဖြစ်ချင်ဖြစ်နေတတ်သေးတာ။ အဲဒါနဲ့ ငါဟာ အဲဒီကလေးတွေကို လှမ်းပြီးလက်ပြလိုက်တယ်၊၊ ဘယ်လောက်လှတဲ့ မြင်ကွင်းလဲ၊၊ ဒါပေမယ့် လှတဲ့မြင်ကွင်းဆိုတာတွေဟာ ဓာတ်ပုံရိုက်ထားမှပဲ ရေရှည်ခံတာမျိုး၊၊ ကြွက်တွေလို လှစ်ခနဲ ပျောက်ကွယ်မြန်တယ်၊၊အဖြစ်အပျက်ကလေးတခုခုကိုကြည့်ပြီး ရာသီဥတုအခြေအနေခန့်မှန်းတတ်သူတွေလို ကောက်ချက်ဆွဲရာမှာလည်း ငါက အရမ်းမြန်တယ်။ ငါမြင်လိုက်ရတာဟာ ဘယ်ဟာပဲဖြစ်ဖြစ် အပေါ်ယံ အခွံသက်သက်ပဲလို့ သိနေသည့်တိုင်အောင် တခုခုတော့ မှတ်ချက်ပေးလိုက်ရမှ နေသာထိုင်သာသလို ရှိတယ်။ နောက်ပြီး ငါ့မှာ ဘယ်လောက်ပဲငြင်းဆန်တွန်းထုတ်ထုတ် ဘက်ကန်ပြန်လာတဲ့ ရှေးရိုးစွဲ ပုပ်သိုးနေတဲ့ အယူအဆတွေကလည်း အပြည့်။ ငှက်ဆိုးထိုးတာ၊ အိပ်မက်ဆိုးမက်တာ၊ ကံဆိုးစေတယ်လို့ လူတွေယုံကြည်ကြတဲ့ ဂဏန်းနံပါတ်တွေနဲ့ ကြုံရတာ စသဖြင့် မြူလောက်ပဲရှိပေမယ့်လို့ မြူလောက် သံသယလေးတွေက တကိုယ်လုံးအနှံ့ ပြည့်လို့၊၊ အံ့သြဖို့တော့ကောင်းတယ်။ ဘယ်ဟာကိုပဲဖြစ်ဖြစ် ငါဟာ ဒွိစုံတွေးနိုင်တယ်။ အပြည့်အ၀ယုံကြည်တာရော လုံး၀မယုံကြည်နိုင်တာရော ဒွန်တွဲနေသည့်တိုင်အောင် အဲဒီလမ်းနှစ်လမ်းစလုံး ဆီကနေထွက်လာတဲ့ ရလဒ်တွေအပေါ် မသိကျွိုးကျွံပြုဖို့ကလည်း ခဲယဉ်းနေတတ်ပြန်ရော။ တုန်လှုပ်ရမှာလိုလို၊ ကျေနပ်နှစ်သက်ရမှာလိုလိုနဲ့ တဝဲလည်လည်ဖြစ်နေတတ်တယ်။ ဒါပေမယ့်လည်း အဲဒါဟာ ခေတ္တယာယီပဲ။ ပြီးတော့ ငါမေ့သွားတာပဲ။ အဲ့တခုတော့ ငါကံကောင်းတယ်၊၊ ငါက ခံစားမှုမြန်တယ် တုံ့ပြန်တာမြန်တယ်ဆိုပေမယ့် မေ့တာလည်း မြန်ပြန်ရော၊၊လူတွေရဲ့အမြင်ကိုလည်း ငါက အမြဲဂရုစိုက်နေမိတတ်သေးတယ်။ အဲဒါက အခက်ဆုံး၊ အဆိုးရွားဆုံးပဲလို့တော့ သိပါရဲ့။ ဒါပေမယ့် သိတာက သိတာ၊ ပြုမူတာက ပြူမူတာပဲ။ ကမ္ဘာရဲ့သမိုင်းဆိုတာ အဲဒီ မှားမှန်းသိရက်နဲ့ မိုက်မိုက်မဲမဲပြုမူခဲ့တဲ့ အပြုအမူတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ သမိုင်းပဲလို့တောင် ပြောချင်ပြောနိုင်သေးတယ်။ (သာဓကအနေနဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တာကိုရှု။ နောက်ထပ် ထည့်ချင်တဲ့ သာဓကဖြစ်ရပ်တွေပါ ထည့်လိုက်ဦး။ ) လူတွေရဲ့ အမြင်ကို အမြဲဂရုစိုက်နေတော့ ငါ့မှာ အမြဲ စိုးရိမ်ပူပန်နေရတယ်၊၊ နေရထိုင်ရ သိပ်ကြပ်တာပဲ၊၊ လူတွေဆိုတာကလည်း တယောက်တမျိုးမြင်ကြတာကိုး။ လူတရာ အမြင်တရာပဲ။ဆိုး ဆိုးပြန်ပြီ။ ကောင်း ကောင်းပြန်ပြီနဲ့ တမိုးလုံး ဖျောက်ဆိပ် သူတို့အမြင်တွေချည့်ပဲ။ မသိရင် သူတို့အမြင်တွေနဲ့ပဲ လောကကြီးတခုလုံးကို တည်ဆောက်ထားသလိုလိုပေါ့။ အဲဒီတော့ ငါ့လိုကောင်မှာ ခံစား ဗျာများလို့ မဆုံးတော့ဘူး။ အမြင်တွေအားလုံးနဲ့ သဟဇာတဖြစ်မယ့်ဘ၀မျိုးဟာ ဘယ်မှာမှမရနိုင်ဘူးလို့ သိနေသည့်တိုင်အောင် ပူပန်ပြီး သောကပွားလို့မဆုံးတော့ဘူး။ ဆုံးဖြတ်ချက်တွေကိုလည်း ခဏခဏ ပြင်ဖို့ ကြိုးစားတော့တာပေါ့။ ဒီတော့ လမ်းတလမ်းပေါ်မှာ ဘယ်တော့မှ အခြေတကျမဖြစ်တော့ဘူး။ လမ်းခွဲတွေ တွေ့လိုက်တိုင်း ရွေးချယ်ဖို့ပဲ ကြိုးစားနေမိတယ်။ ရွေးချယ်မှုနောက်က ကပ်ပါလာတဲ့ တာ၀န်ယူမှုဆိုတာကျ ပြန်တော့လည်း ငါနဲ့ စိမ်းလှတယ်။ စိမ်းလှတယ်ဆိုပေမယ့် အဲဒီအပေါ်တော့ ငါက ဂရုကောင်းကောင်း စိုက်၊ သတိကြီးကြီးထားပါတယ်။ ဒါကြောင့်လည်း ငါဟာ အပြောင်းအလဲမြန်တဲ့ကောင် ဖြစ်နေတယ်ထင်ပါရဲ့။တော်တော်များများကတော့ စိတ်အပြောင်းအလဲမြန်တာကို ကြိုက်ကြမယ်မထင်ဘူး။ အဲဒါကတော့ သိပ်သေချာတယ်။ ခုတမျိုး တော်ကြာတမျိုး ဆိုတဲ့စကားက အပျက်သဘောနဲ့ ရည်ရွယ်သုံးကြတာမျိုးလေ။ ဟုတ်တယ်မဟုတ်လား။ ဒါပေမယ့်လည်း ငါ ဘာမှမတတ်နိုင်ဘူး။ ငါ့ဗီဇကိုက အဲဒီလိုလာတာ။ အဲဒီလို အပြောင်းအလဲမြန်ခြင်းကို ငါကိုယ်တိုင်က လုပ်နေတာဆိုပေမယ့် ငါ့အသွေးအသားထဲ ငါ့ မျိုးဗီဇထဲကကို ပါလာတာဆိုတော့ ငါက မပြောင်းလဲချင်ပါဘူး ဆိုရင်တောင် မရဘူး။ အမြင်တခုခု၊ ဖြစ်ရပ်ကလေးတခုခုလောက်ရဲ့ ရိုက်ခတ်လှိုင်းခပ်သေးသေးကို ထိတွေ့ကြုံကြိုက်လိုက်ရတာနဲ့ ငါ့အတွင်းထဲကနေ အပြောင်းအလဲလုပ်ဖို့ကို မပြတ်စေ့ဆော်နေတော့တယ်။ ငါကလည်း လွယ်လွယ်ကူကူ လက်ခံလိုက်တာပဲ။ ငါ ကောင်းဖို့ပဲလို့ ငါက ထင်မိတာလေ။စိတ်အပြောင်းအလဲမြန်တာနဲ့ ပတ်သက်လို့ ခံစားရတဲ့ အကျိုးဆက်တွေကိုလည်း တကယ့်ကို များတယ်။ အပြောင်းအလဲမြန်တယ်ဆိုတာ တကယ်တော့ ခံစားလွယ်၊ ထိခိုက်လွယ်တာပဲ။ ချစ်လွယ် မုန်းလွယ် မေ့လွယ်တယ်။ သိမ်ငယ်ပြီးတိတ်ဆိတ်နေရင်းက စိတ်အားတက်ကြွပြီး အော်ဟစ်နေနိုင်တဲ့ အခြေအနေဆီရောက်ဖို့ အချိန်အများကြီးယူဖို့လည်း မလိုဘူး။ အစွန်းနှစ်ဖက်ဆိုတာ ငါ့အတွက်တော့ ကွမ်းကို ညာဘက်ပါးစောင်ကနေ ဘယ်ဘက်ပါးစောင် ပြောင်းငုံသလောက်ပဲ။ အဲဒီတော့ ငါဟာ ယုတ်မာရိုင်းစိုင်းတာရော၊ စွန့်လွှတ်အနစ်နာခံတာကိုရော ငါးမိနစ်အတွင်း ပြောင်းလဲလုပ်ကိုင်နိုင်စွမ်း ရှိသလိုတောင် ဖြစ်နေတယ်။ ခု စာကလေးကြော်၊ ခု ပေါင်မုန့်နို့ဆမ်း။ အရင်ဧကရာဇ်၊ အခုအ၀တ်စ ဆိုတာလိုပေါ့။အိပ်မက်မက်တယ်၊ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။ ကြိုးစားရင်း လမ်းခုလတ်မှာ အိပ်မက်တွေဖြစ်မလာတော့လည်း ဘာအရေးလဲကွာလို့ လက်လျှော့တတ်လာတယ်။ နောက်ပြီးတခါ ဒီလိုကြီးတော့လည်း မဖြစ်သေးပါဘူးရယ်လို့ တွေးရင်း လုပ်လက်စအလုပ်ကို ပြန်လည်ကောက်ကိုင်ဖို့ ကြိုးစားတယ်။ ငါ့ဘ၀ရဲ့ ဆင်ခြင်စဉ်းစားတွေးခေါ်သုံးသပ်တတ်လာတဲ့အပိုင်းကို အနှစ်ချုပ်ချရေးမယ်ဆိုရင် အဲဒါပဲ။ စိတ်ကူးယဉ်တယ်။ စိတ်ကူးကို တည်ဆောက်ဖို့အားထုတ်တယ်။ ငါ့စိတ်ကူးဟာ အဓိပါယ်မှရှိပါရဲ့လားလို့ ပြန်တွေးတယ်။ ပြီးတော့ ရပ်ပစ်လိုက်တယ်။ ပြန်လုပ်တယ်။ အဲဒီအစဉ်အတိုင်းသွားနေတာပဲ။ တချို့ကိစ္စကလေးတွေမှာတော့ လမ်းဆုံးပန်းတိုင်အထိ လျှောက်မိသွားတာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အဲဒါ ကံကောင်းလို့၊၊ ဘေးက ပယောဂ၀င်မလာနိုင်တဲ့ အရပ်ဒေသမှာ ပြုလုပ်တည်ဆောက်ရတဲ့ စိတ်ကူးထည် ဖြစ်နေလို့ပဲ။အပြောင်းအလဲမြန်ခြင်းနဲ့ပတ်သက်လို့ ရွေးထုတ်လို့ ပြောပြနိုင်တဲ့ ငါ့ရဲ့ တချို့ဖြစ်ရပ်ကလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေနဲ့ လုံလောက်ပါ့မလား ဆဝါးနိုင်ပါ့မလားလို့ သံသယတော့ ရှိနေမိတယ်။ နောက်ပြီး ပျင်းစရာလည်း ကောင်းမယ် ထင်တယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ငါပြောကြည့်ပါမယ်၊၊ လွန်ခဲ့သောနေ့တနေ့တုန်းကပေါ့၊၊ ရာသီဥတုက နေ့အပူချိန် တရှိန်ရှိန်ထိုး အစစအရာရာကို လောင်မြိုက်နေတဲ့နေ့ကြီး၊၊ ကတ္တရာလမ်းပေါ် တံလျှပ်ခွေတွေ တလိပ်လိပ်ထလို့၊၊ အဲဒီလမ်းပေါ် ငယ်ရွယ်သေးတဲ့ သားသည်အမေတယောက် အကာအပြုမပါ ဘာမပါနဲ့ နုံးချိစွာ လမ်းတွေလျှောက်လို့၊၊ သူ့ရင်ခွင်ထဲ နှစ်နှစ်သုံးနှစ်အရွယ်ရှိမယ့် ကလေးတယောက်ထည့်လားလို့ ခါးကလေးတောင် ကုန်းလို့နေပါတယ်၊၊ ငါဟာ အဲဒီမြင်ကွင်းကို အရိပ်ရတဲ့ သစ်ပင်အောက်ကနေ လှမ်းငေးကြည့်နေခဲ့တာ၊၊ အဲဒီလို ကြည့်နေတုန်း ဗြုန်းဆို ------၊၊တော်ပါပြီ၊၊ ငါမပြောချင်တော့ဘူး၊၊ မင်းတို့အတွက်လည်း ကောင်းမယ်မထင်ဘူး၊၊ ငါလည်း အဲဒီအကြောင်းကို စိတ်မပါတော့ဘူး၊၊ ငါ သိစေချင်တာက ငါ့ရဲ့ စိတ်အပြောင်းအလဲမြန်ခြင်းနဲ့ ပတ်သက်တဲ့ အကိုးအကားလေး တခုကိုပဲ၊၊ စိတ်အပြောင်းအလဲ မြန်တယ်ဆိုတာ ဇစ်မြစ်ချလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ ကိစ္စလည်းဖြစ်နေတယ်၊၊ ကိုယ့်ကိုယ်မယုံကြည်တဲ့နောက်တော့ ဘာမှလုပ်ဖို့မကောင်းတော့ဘူး၊၊ အဲဒီအကြောင်းကို ငါပြောချင်တာ၊၊ ဒါပေမယ့် အားလုံးမှာ ထူးခြားတဲ့ ဘဝဖြတ်သန်းမှုကိုယ်စီ ရှိကြတာချည့်ပဲ၊၊ ကိုယ်တိုင်ဖြတ်သန်းလာကြတဲ့ ဘဝဇာတ်လမ်း သမိုင်းရေစီးထဲက စိတ်အပြောင်းအလဲနဲ့ စပ်ဆိုင်တဲ့ ပြင်းထန်တဲ့ ကိုယ့်ကိုယ်ကိုယ်မယုံကြည်မှုနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကို သတိရကြမှာချည့်ပဲ၊၊ အဖြစ်အပျက်၊ ဇာတ်လမ်းတိုကလေးတွေအစား ကဗျာတပုဒ်နဲ့ ပြောပြပါရစေတော့၊၊ပါးနုနု သွေးခြည်ဥအောင် ဖြတ်ရိုက်ခြင်း [ လင်းခါး ]ငါ့မှာ ရှေးရိုးစဉ်လာ အယူအဆအစွဲတွေ ရှိတုန်းပဲအောင်မြေသွားနင်းတာ၊အိမ်ထဲမှာ လက်သည်းမညှပ်တာနဲ့ မွေးနေ့မှာ ဆံပင်မညှပ်တာမျိုးတွေ၊ငါ့မှာ ကြိုရေးထားတဲ့ ကံကြမ္မာနဲ့ ချိန်းတွေ့ဖို့လောက်စိတ်ထက်သန်နေမိတာပဲ။ငါ့မှာ လုပ်အားကတော့ ကုန်ခမ်းသွားပြီဆိုပေမယ့် ငါ့မှာ လိင်စိတ်ကတော့ အထူးနိုးကြား၊ဆိုပေမယ့် တနေ့ငါးမိနစ်လောက်ဝိပဿနာ အားထုတ်ဖို့လည်း ဆန္ဒကရှိတုန်းပဲ။ငါ့က တန်းတူညီမျှမှုကို ချစ်တယ်ဆိုပေမယ့်သူတောင်းစားလေးက ပုခုံးလာကိုင်တော့ငါ အလန့်တကြားထခုန်မိတယ်၊ ပုခုံးကိုတစ်ရှူးနဲ့ သုတ်မိတယ်ဆိုပေမယ့် သူထွက်သွားတာနဲ့ မျက်ရည်ကျမိပါတယ်။ငါဟာ တယောက်တည်း မြစ်ကမ်းဘေးမှာထိုင်ငါဟာ မြစ်ရေပြင်ကိုကြည့် ကျောက်ခဲတွေမြစ်ထဲပစ်ချငါဟာ တောင်ပေါ်ကိုတက် ရှုခင်းတွေကြည့်ငါဟာ ငါ့နာမည်ရှေ့မှာ ပြည်သူ့အတွက်လို့ဆိုပေမယ့် ငါဟာ မသိနိုးနားတွေကိုရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုချင်ပြန်တယ်။ငါဟာ ဘယ်လိုပါလိမ့် မမေးပါနဲ့ ငါဟာ ဘယ်လိုပါလိမ့်လို့ငါဟာ ဘယ်လိုပါလိမ့်သင် ပြောကြည့်လေ။ ။
လင်းခါး