ဒေါ်စတိုယက်စကီရဲ့ယင်ကောင်

၀၆.၀၂.၂၀၂၃

လူအုပ်ထဲကအထီးကျန်မှု အက်ဆေးများ

ဒေါ်စတိုယက်စကီရဲ့ ယင်ကောင်


၀ါဒတွေအကြောင်းကတော့ ပျင်းစရာကောင်းတဲ့ ၀ါကျတွေနဲ့ တည်ဆောက်ထားတာမို့ ဘယ်တုန်းကမှ တမျက်နှာကျော်အောင် ဖတ်ချင်စိတ်မရှိခဲ့လို့ ရေရေရာရာမသိပါဘူး။ ဒါပေမယ့် ကျနော်ဟာ တခါတရံ ကိုယ့်ဘာသာကိုယ် ငါတော့ ငကြောင်ပဲလို့ အတွေးဝင်မိတယ်။ အနည်းငယ်စီ လက်ခံထားတဲ့ ၀ါဒတွေ အများကြီးနဲ့ပေါ့။ ဘာသာတရား ယုံကြည်ကိုးကွယ်မှုကလည်းရှိနေ၊ ဖြစ်တည်မှုပဓာနဝါဒီလည်း ဖြစ်ချင်ဖြစ်နေတတ်၊ လူတန်းစားအသိစိတ်ကလာတဲ့ လက်ဝဲဆန်မှုကလဲ ရှိနေတော့ ကွန်မြူနစ်ကလည်း ဖြစ်ချင်ပြန်။ ဒါ့ပြင် လစ်ဘရယ်ဝါဒမှာလည်း ကျနော်ကြိုက်တာတွေက အများကြီး။ နေ့တနေ့ရဲ့ ခြောက်ပုံပုံ တပုံလောက်က စာအုပ်နဲ့ လွင်မျော့စိတ်ကူးနဲ့ လူတယောက်ဆိုတော့ လွတ်လပ်မှုကို အခြေခံတဲ့ အရာတွေကို ကျနော် မြတ်နိုးတာပဲ။ အတွေးအခေါ် ပဋိပက္ခတွေ တထွေးကြီးရှိနေတာကို သိရက််နဲ့ပေါ့။ ဒါကြောင့်ပဲ ဆရာကြီးဒဂုန်တာရာရဲ့ ပျားအုံခံစားမှု၊ ဗဟုဝါဒ စတဲ့ စကားလုံးတွေကို သိပ်နှစ်သက်ခဲ့တာကိုး။

သို့သော်လည်း နေ့တနေ့မှာ ဖြစ်ပျက်နေတဲ့ စိတ်အခြေအနေဟာ ကျယ်ပြန့်နက်ရှိုင်းလွန်းတော့ ဘယ်လောက်ပဲ ကွဲပြားမှုကို လက်ခံနိုင်သည်ဆိုဦးတော့ ကိုယ်ကိုယ်တိုင်မှာကို ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်တဲ့ အပြုအမူတွေကလည်း သိပ်များတယ်။ တယောက်တည်းနေရတာကို နှစ်သက်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သေချာခဲ့ပြီးမှ မီးရောင်စုံတွေရဲ့ အဝေး မှောင်ရိပ်တခုမှာ အထီးကျန်လှချည့်ရဲ့လို့ တိမ်မီးခိုးဖွဲဖွဲကို နာနာကျင်ကျင် ငေးနေခဲ့ရတာတွေလည်း ရှိတာပေါ့။ ဒါပေမယ့်လည်း အဲဒါဟာ ဒီလူ့အဖွဲ့အစည်းထဲမှာ အသားကျနေရတာထက်စာရင် အများကြီး နေပျော်ပါတယ်။ တယောက်တည်း ရှိနေချိန်တွေမှာ မှန်ရှေ့ရပ်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် ရွံ့စရာကောင် ပါလားလို့ တွေးမိပြီး၊ အဲဒီလို တွေးမိတာကိုပဲ တခါတလေ ဝမ်းနည်းနေမိပါသေးရဲ့။ မြစ်ကြမ်းပြင်က ရေစီးကို လက်ခုပ်ထဲက ရေနဲ့တော့ မပိုင်းဖြတ်နိုင်ဘူးပေါ့။

မနက်ခင်း အိပ်ရာက နိုးထလာခဲ့ချိန်ကစ စနစ်ရဲ့ အကွက်တွေဟာ ရှပ်အကျႌတထည်လို ကိုယ်ပေါ်ကို ရောက်လာပြီ။ အစာကောက်နေတဲ့ ငှက်ကလေးတွေကို ငေးနေချိန် ဆိုင်ကယ်တစီးဟာ ကြောက်စရာ အိပ်ဇောသံနဲ့ လေထုကို စတင်ကုပ်ခြစ်သွားပြီ။ အဲဒီနောက် တဖက်အိမ်က လူတယောက်ရဲ့ စူးစူးဝါးဝါး အော်ဟစ်သံနဲ့ ကုပ်အခြစ်ခံ လေထုကို ဆွဲခါလိုက်တဲ့နောက် ကျနော့်မှာ လူအဖြစ်ရှိနေသေးမှုနဲ့ ရင်းပြီး ရထားတဲ့ မနက်ခင်းအသစ်စက်စက်ဟာ အက်ကွဲကြောင်းတွေ ထသွားပါပြီ။ ကြည်လင်မှုဟာ တော်တော်နဲ့ ပြန်မလာတော့။ ထို့နောက်မှာတော့ ဒီနေ့ခေတ် အပြစ်သားတွေရဲ့ အရိုင်းဆန်မှုဟာ အကောင်းမြင်စိတ် ဇကာနဲ့တိုက်ချလို့တောင် မရနိုင်အောင် တဖွေးဖွေး ဖြစ်ပြီပေါ့။

တနေ့မှာတော့ ခင်ရတဲ့ မိတ်ဆွေတယောက်ကို ညည်းညူသံနဲ့ပဲ ဖွင့်ဟမိတယ်။ `လူတွေက ကြောက်စရာကောင်းလောက်အောင် စည်းကမ်းမဲ့မှု၊ အံ့သြစရာကောင်းလောက်အောင် မသိတတ်မှုတွေနဲ့ဗျာ၊ တနေ့တနေ့ သည်းခံရလွန်းလို့ တချိန်ချိန်များ မတော်မတည့် ပေါက်ကွဲမိမှာတောင် ကြောက်နေမိတယ်` လို့ပေါ့။ မိတ်ဆွေဟာ ကျနော့်ရဲ့ စကားလုံးသုံးစွဲပုံကို အံ့သြနေပုံရတယ်။ ကျနော်က သေချာ ရွေးချယ်ပြီး ပြောလိုက်တာပါ။ `ဘာတွေများ ကြုံတွေ့နေရလို့လဲ ဆိုပါဦး` တဲ့ ခပ်ပြံုးပြံုးနဲ့ မေးလေရဲ့။ ကျနော့် ပြဿနာက ကျနော့်အတွက် တော်တော်ကြီးမားနေတဲ့ ပြဿနာပါ။ ဒါပေမယ့် အလုံးစုံကိုတော့ ကျနော်လည်း ပြောမပြနိုင်ဘူး။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဆိုတာက ရာဇဝတ်မှုမြောက်လောက်တဲ့ အဖြစ်အပျက်ကြီးတွေမှာမှ ရတာမဟုတ်၊ နေ့စဉ်ဘဝမှာ သစ်ရွက်ခြောက်တွေကို မီးရှို့ရင်း၊ မှန်ချပ်ကြီးကို သယ်ထားရလို့ သူ့မျက်နှာသူ မြင်နေရတဲ့ လူတယောက် ကသိကအောက် ဖြစ်နေရပုံကို ငေးနေရင်းလည်း နာကျင်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဆိုတော့ ကျနော်ကြံုတွေ့ နေရတဲ့ ကြီးမားတဲ့ ပြဿနာတွေကို ကျနော်ရှင်းပြတဲ့အခါမှာ ကျနော့်မိတ်ဆွေဟာ လှောင်ပြံုးနေဦးမှာပဲ ဆိုတာ သိပေမယ့် ကျနော်လည်း တယောက်ယောက်ကို ထုတ်ပြောလိုက်ရလည်း အငုံ့စိတ်နည်းနည်းတော့ ရှင်းသေးတန်ကောင်းရဲ့ လို့ တွေးပြီး ပေါ့ပျက်ပျက်လို့ ထင်ရတဲ့ ကိစ္စအနည်းငယ်ကို အခုလို ပြောပြမိတယ်။

``ကျနော့်မှာ ရုံးဖွင့်ရက်တိုင်း ဇနီးဖြစ်သူကို ရုံးအကြိုအပို့လုပ်ရတယ်၊ ဆိုင်ကယ်နဲ့ပေါ့၊ အဲဒီလို ကြိုရတိုင်း ပို့ရတိုင်းမှာ အကြိမ်တိုင်းလိုလို ဖြစ်ရတဲ့ ပြဿနာက တော်တော်ဆိုးတယ်ဗျာ။ လူတွေက လမ်းပြောင်းပြန်ဝင်ကြတယ်ဗျာ၊ လမ်းပြောင်းပြန်မို့ အရှိန်ကလည်း တစက်ကလေးမှမလျှော့၊ နောက်ဆုံး မဖြစ်မနေမို့ ဝင်လာရတယ်ဆိုရင်တောင် လမ်းမှန်သမားကိုတော့ အသိအမှတ်ပြုရမယ် မဟုတ်လား၊ တခါ တလေများဆို လူမိုက်ကြည့် ကြည့်ခံရတယ်ဗျ။ ဒေါသထွက်တာပေါ့။ အဲဒီထက်ဆိုးတာက စျေးလမ်းမှာ ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ အဲဒီစျေးဘေးမှာ ကားတွေဟာ ရပ်ခွင့်မရှိပေမယ့် အမြဲတမ်းပြည့်နေတာ။ အဲဒီပြည့်နေတဲ့ ကားတွေကို ထားလိုက်ပါဦး၊ တချို့ကားသမားတွေကဗျာ နောက်မှာ တသီတသန်းကြီး ကားတွေဆိုင်ကယ်တွေ ပြည့်နေတုန်း သူ့ကို ကျော်တက်လို့လည်း မဖြစ်နိုင်အောင် လမ်းကျဉ်းနေမှန်း သိရက်နဲ့ ရပ်ပြီး စျေးဆင်းဝယ်ကြတာဗျာ။ နောက်က ဟွန်းတွေတရစပ်တီးနေကြလည်း သူတို့ကတော့ မသိသလိုပဲ။ တခါတုန်းကများဆိုရင် ကုန်ကားသမားတယောက်ဟာ စျေးကို ပစ္စည်းချဖို့ ကားရပ်တာမှာ လမ်းဘေးကို ချပေမယ့် ကားခပ်သေးသေးတစီးဝင်လို့ရအောင်တောင် လမ်းကမကျန်တော့ဘူး။ ဒီတော့ နောက်က ဟွန်းတီးကြတာပေါ့။ အဲဒီမှာ အဲဒီကားသမားက ကားတံခါးဖွင့် လမ်းပေါ်ဆင်းလာပြီး မအေ-ိုးတွေ တော်တော်အရေးကြီးနေကြတယ် ဟုတ်လား ငါ-မသားတွေ တောက်လျှောက်အော်ဆဲတော့တာဗျာ။ ကျနော့်မှာ ဒေါသထွက်လိုက်တာ။ မခံချင်စိတ်ဘဝင်စိတ်နဲ့ နားထင်က သွေးကြောတွေတောင် ဒိန်းဒိန်းနဲ့ အသံမြည်နေအောင် ဒေါသထွက်တာ။ သို့သော် ကျနော်က လူကြောက်ဗျ၊ ကိုယ့်ဘာသာကိုယ်သိတယ်။ ကျနော်က ရန်ဖြစ်ရဲတဲ့ လူမဟုတ်ဘူး။ ဒီအရွယ်ထိ ဘယ်သူ့ကိုမှလည်း မထိုးမကြိတ်ဖူးဘူး နာအောင် ကျင်အောင် မလုပ်ခဲ့ဖူးဘူး။ ရန်ဖြစ်ရမှာကို အလွန်ကြောက်တတ်တဲ့ လူစားဆိုတော့ ကျနော့်ဘာသာ အသက်ထွက်လောက်အောင်ပဲ ဒေါသထွက်ထွက် ကျနော်ဟာ သည်းခံရတာပါပဲ။ ကတ္တရာလမ်းကို ရေဖြန်းကြတဲ့ လူတွေရှိသေးတယ်။ လူဆိုတာ အေးအေးချမ်းချမ်း နေချင်တာ ကျနော်အများကြီး နားလည်ပါတယ်။ သို့သော် တချို့လူတွေဟာ ကိုယ်အိမ်ရှေ့ ဆိုင်ရှေ့ ရေလောင်းတာမှာ ဖြတ်သန်းသွားလာနေတဲ့ ကားဆိုင်ကယ်တွေကိုတော့ သတိထားရမှာ ခေါင်းက လောင်းမချရုံတမယ် စိုကုန်တာ ခဏခဏ၊ အိမ်တအိမ်က လူတယောက်ဆိုရင် ကျနော်ဟာ ကျနော့်ခြေထောက်ကို ရေစင်လို့ သူ့ကို လှမ်းကြည့်မိတာ ခါးထောက်လျက်နဲ့ မင်းက ဘာဖြစ်ချင်သလဲ ဆိုတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်တာ ခံရတယ်။ အဲဒါတကြိမ်တည်း မဟုတ်ဘူးနော်။ ဘယ်လောက်ဆိုးသလဲ။ သူတို့အိမ်ရှေ့ဆိုင်ရှေ့တွေဆိုတာ ရေလောင်းလွန်းလို့ တခြားနေရာနဲ့မတူ ကတ္တရာလမ်းများဟာ အပေါက်တွေ ဗရပွနဲ့ ကျနော့်မျက်နှာက ဆင်ဝက်ခြံကြီးတွေလိုပါပဲ။ သည်းခံရတာပဲ။ ခင်ဗျားတော့ နားလည်မလားမသိဘူး။ လူက သည်းခံရတာ အရမ်းများတော့ စိတ်ပျက်လာတယ်ဗျ။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်လာတယ်။ အခြားသော လူနတ်ဗြဟ္မာ သတ္တဝါအကုန်ကိုလည်း စိတ်ကုန်လာတယ်။ အသိစိတ်လွတ်တဲ့အခါ မျိုးမှာ အဲဒီ တချိန်လုံး ထုံးထားရတဲ့ စိတ်ရဲ့ ကြိုးမျှင်တွေဟာ အကုန်လုံးကို ရစ်ပတ်တတ်တော့တာပဲလေ။ ဒါ ဆိုင်ကယ်စီးရင်းရတဲ့ ပြဿနာပဲ ပြောသေးတာ နေ့စဉ်ဘဝထဲက အသေးအစား လွတ်လပ်ခွင့် ချိုးဖောက်ခံရတာတွေ၊ အစိုးရတွေ၊ အာဏာပိုင်တွေ၊ လက်နက်နဲ့ဗိုလ်ကျနေတဲ့ကောင်တွေရဲ့ တလွဲလုပ် တလွဲပြောအကြောင်းတွေ မပါသေးဘူး ခင်ဗျားနားလည်မှာပါ ခင်ဗျားလဲ ဆိုင်ကယ်တစီးနဲ့ သွားလာနေရတာပဲ ဒါတောင် အကုန်မဟုတ်သေးဘူးဆိုတာ ခင်ဗျားလဲ သိမှာပါ``

ကျနော် ပြောတာ တော်တော်ရှည်လျားတယ်။ ကျနော့် မိတ်ဆွေ ဆိုတဲ့သူဟာ တော်တော် ပျင်းသွားပုံရတယ်။ ပြီးတော့ ပြုံပြီး ကြည့်တယ်၊ ကြည့်ပုံကလည်း ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ ဆိုတဲ့ ပုံမျိုး။ ပြောပြီးရင်တော့ ကျနော်တော့ နောင်တရမိမှာပဲလို့ မပြောခင်ကတည်းက သိနေတဲ့အတိုင်းပဲ နောင်တရမိတာပေါ့။ ကျနော်ဟာ လူတွေနဲ့ အတိုင်အဖောက်လွဲနေတဲ့ လူ၊ ပုံကြီးချဲ့ လွန်းတဲ့လူပဲဆိုတာ ပိုပိုပြီး ထင်ရှားလာတယ်။ အလွန်အင်မတန်ကို မုန်းရတဲ့ လူတယောက်ကို နှစ်တွေကြာလာတော့ အို ငါ မုန်းနေတော့ ငါပဲ ပူလောင်ရတာပေါ့ လူ့ဘဝဟာ ခဏလေး ဘာလို့ မုန်းနေမလဲ ရယ်လို့ တွေ့တုန်းခဏ ပြေပြေလည်လည် နေလိုက်ချင်စိတ်ကလေး ဖြစ်လာလို့ ဖက်လဲတကင်းလုပ်မိတဲ့အခါ နောင်နှစ်များစွာပါ ထပ်မုန်းသွားအောင် ထပ်လုပ်ခဲ့တဲ့ လူတွေ အဖြစ်အပျက်တွေ ကျနော့်မှာ ရှိဖူးတယ်။ ဆိုတဲ့အခါမျိုးမှာ ခံပေါ့၊ မင်းကိုက အတာ စသဖြင့် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ဖို့ရတယ်။ အရာရာတိုင်းဟာ ကျနော့်ဆီကပဲ စခဲ့သလိုမျိုး အရာရာတိုင်းကို ကျနော် တာဝန်ခံနေရတယ်။

ကျနော့် မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ ထူးထူးခြားခြား လူတယောက်ရှိတယ်။ ထူးထူးခြားခြားဆိုတာကတော့ ကျနော့်အတွက်ပါ။ သူက လူတိုင်းနီးနီးနဲ့ သဟဇာတဖြစ် ပြေလည်နေတဲ့လူ။ ကျနော်က အဲဒါကို ထူးခြားတယ်လို့ ထင်တာ။ ကျနော့်အတွက်တော့ အဆန်းတကြယ်ကြီး။ ကျနော်က လူတကာကို အပြစ်ဖို့နေတဲ့ လူစားမျိုးပဲထားပါတော့။ တနေ့ တနေ့ လူတွေရဲ့ မူမမှန်တဲ့ လုပ်ယူထားတဲ့ အီမိုဂျီတွေ၊ စိတ်ကြီးဝင်မှုတွေ၊ လုံ့လဝီရိယပြုထားတဲ့ အကျိုးရယူလိုမှု ဆက်ဆံရေးတွေ စတာတွေကို ကြည့်ပြီး သုံးစားမရတဲ့ လူမဆန်တဲ့ ရွံစရာဘဝတွေလို့ အမြဲအဆိုးမြင်နေတတ်သူ။ သူကတော့ နေရာအသစ် ပတ်ဝန်းကျင်သစ် လူစိမ်းရယ်လို့ ဘယ်တော့မှ မရှိတဲ့ လူပဲ။ သူနဲ့ လူစိမ်းတယောက် တွေ့ ကြပြီး ငါးမိနစ်လောက်အတွင်း အဲဒီလူစိမ်းဟာ ပေါင်မှာ ပွေးကွက်တွေထနေလို့ ဘာဆေးကောင်းသလဲ မေးနေနိုင်တာမျိုးပေါ့။ တခါတရံမှာ ကျနော်ဟာ စဉ်းစားတယ်၊ တကယ်တော့ သူ့ရဲ့ လူမှုဆက်ဆံရေးက ကောင်းတာ၊ ကျနော်ကတော့ ညံ့ဖျင်းတာပေါ့။ အဲဒီလို အတွေးဝင်မိပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ကျနော်ဟာ လူတကာနဲ့ ချစ်ကြည်ရင်းနှီးနေတာ ဘာလုပ် ရမှာလဲ။ ငါက ငပေါမှ မဟုတ်ဘဲ စသဖြင့် တန်ပြန်အတွေးဝင်မိပြန်ရော။ သို့သော် သူ့ကို အားကျမိတဲ့ အချိန်တွေ တကယ်ရှိတာကိုတော့ ကျနော် မငြင်းလိုပါဘူး။

ဆိုင်ကယ်ကယ်ရီဂိတ်တခုမှာ သေးငယ်ပေမယ့် သစ်ရွက်တရွက် ရေကန်ထဲကျတဲ့ အခါ ဂယက်ထရသလိုပဲ၊ ဖြစ်ရပ်ကလေးတခုကလည်း စိတ်ဝင်စားစရာလို့ ထင်လို့ ကျနော် ပြောပြဦးမယ်။ တနေ့မှာ ကျနော်ဟာ ဒေသတခုကို ရောက်တယ်။ ရောက်တော့ အရင်ဆုံး သတိရမိတာက လူတကာနဲ့ အဆင်ပြေတဲ့ ကျနော့်မိတ်ဆွေကိုပဲ။ သူသာဆိုရင် အိုကေမယ်ပေါ့။ နောက်ပြီး အဲဒီပတ်ဝန်းကျင်မှာ ကျနော်ဟာ နှစ်အနည်းငယ်တော့ နေရဦးမယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ စိတ်ကောင်းကလေးလည်း ဝင်မိတော့ ကျနော်ဟာ ကျနော့်ရဲ့ မူလစိတ်ကို အတိုက်အခံလုပ်ပြီး ဆိုင်ကယ်ကယ်ရီဂိတ်က ကယ်ရီသမားတွေကို စကားရော ဖောရောလုပ်ဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီအချိန်မှာပဲ ကျနော့်ရှေ့ အဖြစ်အပျက်တခု ဖြစ်တယ်။ လူတယောက်ဟာ ဆိုင်ကယ်ကယ်ရီဂိတ်ကို ရောက်လာတယ်။ ဆိုင်ကယ်ပေါ်က မဆင်းဘဲ ကယ်ရီသမားတယောက်ကို လက်အမူအရာနဲ့ လှမ်းခေါ်တယ်။ အနားရောက်မှ `ဖုန်းဖွင့် ငါ့နံပတ်ပြောမယ် ငါ့ဆီ ဆက်စမ်းပါ မင်းဖုန်းနံပတ်ယူထားမလို့ ညနေ ငါ လှမ်းခေါ်လိုက်မယ်` တဲ့။ ကယ်ရီသမားဟာ တင်စီးလွန်းတဲ့ လူကို နည်းနည်းတော့ စိတ်ဆိုးသွားတာကို ကျနော်သိလိုက်တယ်။ ဒါပေမယ့်လည်း အဲဒီကယ်ရီသမားဟာ ဘာမှမပြောဘူး ဆိုင်ကယ်ပေါ်က လူပြောတဲ့အတိုင်း တသွေမတိမ်း လုပ်ပြီး သူ့ထိုင်ခုံဆီ ပြန်လာတယ်။ ဆိုင်ကယ်ပေါ်ကလူလည်း ထွက်သွားတဲ့နောက် ကယ်ရီသမားက စုတ်တချက်သပ်ပြီး တကယ့်လူကွာ လို့ ငြူစူလိုက်တယ်။ ဂိတ်မှာရှိတဲ့ ကယ်ရီသမားတွေအားလုံးရဲ့ မျက်နှာ ကိုယ်ဟန်အမူအယာ အကုန်လုံးဟာ တကယ့်လူကွာ လို့ ငြူစူလိုက်သံကို ထောက်ခံနေကြတာကိုလည်း ကျနော်မြင်နေရတယ်။ အကွက်ဆိုက်တုန်း ကျနော်လည်း ဝင်အောင်းပါတော့တယ်။

`တော်တော်ဆိုးတဲ့လူပါဗျာ အဲဒီလို လူတကာကို အထက်စီးနဲ့ ဆက်ဆံချင်တဲ့လူတွေဆို ကြည့်ကို မရဘူး` ရယ်လို့ လေသံခပ်မာမာနဲ့ ဆိုလိုက်ပြီး ကျနော်ဟာ ဂိတ်က ကယ်ရီသမား အားလုံးကိုလည်း စာနာမိပါတယ် ဆိုတဲ့ အကြည့်မျိုးနဲ့ တချက်ဝေ့ကြည့်လိုက်ပါတယ်။ ကျနော် စကားသံဆုံးဆုံးချင်းမှာပဲ တကယ့်လူကွာ လို့ ငြူစူတဲ့ ကာယကံရှင် ကယ်ရီသမားက ရှင်းချက်ထုတ်ပါတော့တယ်။ ပုံမှန်ဆိုရင် အဲဒီလူဟာ အဲသလို မဟုတ်ရပါကြောင်း မနေ့က သူ့ညီတဝမ်းကွဲတယောက် ဆုံးသွားတော့ အလုပ်ရှုပ်နေလို့သာ ဒီလိုဖြစ်သွားရပါကြောင်း စိတ်ရင်းအင်မတန် ကောင်းသူဖြစ်ပါကြောင်း ကျနော့်ဝါကျတွေလိုပါပဲ အရှည်ကြီး ရှင်းပြနေပါတော့တယ်။

ကျနော် ဘယ်လောက် အောင့်သက်သက် ဖြစ်သွားမယ် ကျနော့် မျက်နှာ ဘယ်လိုဖြစ်နေမယ် တွေးလို့သာ ကြည့်ကြပါတော့ဗျာ။ နေရာတင် ဖယောင်းတိုင်ကမီးလို ဟုတ်ခနဲ ငြိမ်းသွားလိုက်ချင်စိတ် ပေါက်မိတယ်။ ပြီးတော့ ကျနော့်ကိုယ်ကျနော် အပြစ်တင်ရတော့တာပါပဲ။ အကျိုးတခုခုကို မျှော်ကိုးတဲ့စိတ်နဲ့ ကိုယ့်ပုံစံနဲ့ကနေ ခွဲထွက်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ရှက်စိတ်ဝင်မိပါတယ်။ ဒေါ့စတိုယက်စကီရဲ့ ဇာတ်ကောင်တကောင်ဟာ သူ့ကိုယ်သူ ယင်ကောင်တကောင်လို ခံစားနေရဖူးသတဲ့။ ရမ္မက်ကြီးမှု၊ အပူအပင်ကြီးမှု၊ ရန်လိုမှုတွေနဲ့ လက်တွေကို ပွတ်ခြေနေတဲ့ ယင်ကောင်တကောင်။ မဲလို့ နံဟောင်လို့ပါပဲ။ အဲဒီလို ယင်ကောင်တွေဟာ ကျနော့်ကိုယ်ပေါ် ရပ်နားလိုက် လှစ်ခနဲ ထပျံသွားလိုက်၊ ကျနော်သိပါတယ် ကျနော်ကိုယ်တိုင်ဟာလည်း အားလုံးက မောင်းလွှတ်တာကို ခံနေရတဲ့ ဒေါ်စတိုယက်စကီရဲ့ ယင်ကောင် တကောင်ပါပဲ။

လင်းခါး

အမျိုးအစား -အက်ဆေး
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.