ဓာတ်ပုံထဲကလူ
#lkessayden 89
လွန်ခဲ့တဲ့ တနှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်၊ သုံးနှစ်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ်ထင်တယ်။ အဲဒီတုန်းက တရက်မှာ ကျနော်ဟာ အခုခါမှာ မျက်လုံးကိုမှိတ်၊ ခေါင်းကိုထု၊ လည်ကိုညှစ်၊ အံကိုကြိတ် စသည်ဖြင့် ဘယ်လိုစဉ်းစားစဉ်းစား ရှိနေခဲ့တာကလွဲလို့ အခြားဘာကိုမှ မမှတ်မိနိုင်တော့တဲ့ ပွဲအခမ်းအနားတခုထဲကို ရောက်နေခဲ့ဖူးတယ်။ ဘာအထိမ်းအမှတ် ဘာပွဲ မမှတ်မိတဲ့အပြင်၊ ဘယ်မြို့ဘယ်နေရ ာမှာ ကျင်းပတယ် ဆိုတာကိုတောင် ကျနော် မမှတ်မိတော့တာ။ တော်တော်တော့ အံ့သြဖို့ ကောင်းတယ်။ ကျနော်ဟာ အဲဒီမှာ ရှိနေခဲ့တာတော့ သေချာတယ်။ ကျနော်ရှိနေခဲ့တယ် ဆိုကတည်းက အဲဒီကို ကျနော်သွားခဲ့လို့ပေါ့။ ပွဲတခုခုကို ကျနော်သွားတယ်ဆိုရင် သေချာပေါက် အဲဒီပွဲကိုလာကြမယ့် လူတွေရဲ့ တဝက်လောက်ကို ကျနော်သိနေမှာပဲ။ အဲလိုမှ သိမနေရင်လည်း ကျနော်က ပွဲတွေ သွားလေ့မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျနော်သိတဲ့ တယောက်တလေကိုမှ အဲဒီနေ့မှာ တွေ့ခဲ့ရတယ်လို့ မမှတ်မိ၊၊ အိပ်မက်လိုလို ဖြစ်နေမိတယ်၊၊ ဒါပေမယ့် အိပ်မက်မဟုတ်တဲ့အကြောင်း ဓာတ်ပုံတပုံက သက်သေတခုအဖြစ် ကျနော့်ဖုန်းထဲမှာ ရှိနေခဲ့တယ်၊၊ ဒါပေမယ့် ကျနော့်ပုံတော့လည်း မဟုတ်ဘူး၊၊
သမံတလင်းပေါ်မှာ မိုးကာစခင်းထားပြီး အဲဒီမိုးကာစ ကြမ်းပြင်ပေါ်မှာ လူတွေ အစီအရီထိုင်နေကြတယ်။ အစီအရီထိုင်နေတဲ့ လူတွေရဲ့ နောက်ဆုံးတန်းနဲ့ ဆယ်ပေလောက်အကွာမှာကျောက်ခုံတခုံရှိတယ်၊၊ အဲဒီ ကျောက်ခုံပေါ်မှာ ကျနော်ဟာ ထိုင်နေခဲ့တယ်။ အဲဒီတော့ လူတော်တော်များရဲ့ နောက်ကျောနဲ့အတူ၊ အခမ်းအနားရဲ့ ဟိုးအရှေ့ဆုံးမှာ အသက်ခပ်ကြီးကြီးလူတယောက် ခြေဟန်လက်ဟန်တွေနဲ့ စကားပြောနေတာတွေကို အပေါ်စီးကလို မြင်နေရတာပေါ့။ မြင်နေရတယ်ဆိုပေမယ့်လည်း အဲဒီပုဂ္ဂိုလ်ကြီးဘာတွေပြောနေတယ်ဆိုတာကို ကျနော် မကြားရဘူး။ သိပ်ဝေးလွန်းလို့တော့ ဟုတ်မယ်မထင်ဘူး။ အသံချဲ့စက်မသုံးတာကြောင့်ပဲလား၊ ကျနော် ကိုယ်တိုင်က ကြည့်ရုံသက်သက်ကြည့်နေပြီး စိတ်လွင့်နေလို့များလားတော့ မမှတ်မိဘူး။ သူ ဘာတွေပြောနေတယ်ဆိုတာကို ကျနော် သိကို မသိတာ။
အဲဒီလူကြီးစကားပြောနေစဉ်မှာပဲ အောက်မှာထိုင်နေတဲ့ လူတွေထဲက တချို့ဟာ သူတို့ချင်းလည်း ပုခုံးပုတ်လို့၊ လက်တို့လို့ တီးတိုးတီးတိုး ပြောသူပြော၊ တချို့က ကုန်းကုန်းကွကွနဲ့ ရှေ့နားကို တိုးသူတိုး၊ လူသစ်တချို့ကလည်း အပေါ်စီးကနေ ဘယ်နေရာ လွတ်နေတယ် တချက်ကြည့်လိုက်ပြီး အဲဒီနေရာဆီရောက်ဖို့ ကြိုးစားလို့ ကြိုးစား၊ သပ်သပ်ရပ်ရပ်ဖြစ်မနေဘဲ ဖွာတာတာဖြစ်နေတဲ့ ပွဲတပွဲထင်ပါရဲဲ့။ တချို့လူတွေကလည်း ထိုင်နေကြသူတွေထဲကနေ ကုန်းရုန်းထွက်လာကြပြီး လူအုပ်ရဲ့နောက်ဆုံးဆီကို တွန်းထိုးလာခဲ့ပြီး လူတန်းအပြင်ကို ရောက်လာကြတယ်။ ကျနော်ထိုင်နေတဲ့ အုတ်ခုံနားအထိ ရောက်လာ ကြတာပေါ့။ ပြီးတော့ ဆေးပေါ့လိပ်ဖွာတဲ့သူက ဖွာတယ်၊ တချို့လည်း စက္ကူလိပ်ကလေးတွေဖြည်ပြီး ကွမ်း ထုတ်ဝါးနေကြတယ်။
အဲဒီအထိ ကျနော့်မှတ်ဉာဏ်ထဲက ပုံရိပ်တွေဟာ အိပ်မက်လိုလို၊ ဝေဝေ၀ါးဝါးချည့်ပါပဲ။ ကျနော်ကိုယ်တိုင်ဟာ အဲဒီလူတန်းနောက်မှာ ဘာကိစ္စငုတ်တုတ်သွားထိုင်နေခဲ့ပြီး၊ ဘာကိစ္စနဲ့ လူတွေရဲ့လှုပ်ရှားပြုမူပုံတွေကို လိုက်မှတ်သားနေမိတယ် မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်း ကျနော့်အကျင့်ကိုက ဘယ်နေရာရောက်ရောက် လူတွေရဲ့အပြုအမူတွေနဲ့ ပတ်သက်လို့ စိတ်ဝင်တစား ကြည့်နေငေးနေတတ်သူမို့ ထူးဆန်းတဲ့ကိစ္စတော့လည်း မဟုတ်ပြန်ဘူး။ သို့သော် အဲဒီနောက်မှာ ဖြစ်တဲ့ ဖြစ်ရပ်တခုကိုတော့ လုံးဝကြည်လင်ပြတ်သားစွာ ကျနော်မှတ်မိနေပါတယ်။
ရှေ့က စကားပြောနေတဲ့ ပုဂ္ဂိုလ်ကြီးကလည်း အရှိန်မပျက် (ဘာတွေပြောနေမှန်းမသိ ပေမယ့်) ပြောနေဆဲ၊ လူတွေကလည ်း အခမ်းအနားလူအုပ်ထဲ တိုးဝင်သွားလိုက်၊ ပြန်ထွက်လာလိုက် လုပ်နေဆဲ၊ အချိန်မှာ ကျနော့်ဘေးနားကို အသက်လေးငါးဆယ်လောက်ရှိမယ်ထင်ရတဲ့ လူတယောက် လာရပ်တာကို သတိထားမိလိုက်ပါတယ်။ လူကပိန်ပိန်ပါးပါး စာရေးဆရာတွေ လွယ်အိတ်လွယ်သလို လွယ်ထားတယ်။ (စာရေးဆရာတယောက်ပဲ ဖြစ်မယ်ထင်ပါတယ်၊ တပ်အပ်တော့ မပြောနိုင်ဘူး။ လွယ်အိတ်ကိုအဲသလိုလွယ်တိုင်း စာရေးဆရာတွေ မဟုတ်ကြတာကိုလည်း ကျနော်သိပါတယ်။) သူလွယ်အိတ်ကလည်း တော်တော့်ကိုရှည်တယ်။ ရှည်လွန်းလို့ လွယ်အိတ်အောက်ခြေက အမွှေးဖွားနှစ်ဖက်ဟာ သူ့ခြေမျက်စိကို ပွတ်သပ်နေတယ်။
အဲဒီနေ့နဲ့ပတ်သက်လို့ ကျနော့်မှတ်ဉာဏ်မှာ ထင်နေသမျှ အစောပိုင်းအရာအကုန်လုံးဟာ ၀ိုးတိုးဝါးတားချည့်။ လူတွေ၊ အပြုအမူတွေပါတယ် ဆိုပေမယ့် လူတွေရဲ့မျက်နှာ၊လိင် စသဖြင့်ဟာ တော်တော်ကြီးကို မကွဲဘ ူး။ အဲဒီလူ ကျနော့်နံဘေးလာရပ်လိုက်လိုက်ပြီးနောက်ပိုင်း ဖြစ်ရပ်တွေဟာ ကျနော့်မှတ်ဉာဏ်မှာ ကြည်ကြည်လင်လင်ဖြစ်လာတယ်။ လူတွေအများကြီး ကျနော့်နံဘေးနား လာရပ်လိုက်၊ ထွက်သွားလိုက် လုပ်နေတဲ့အထဲကမှ သူလာရပ်တော့မှ ဘာကြောင့် အထူးသတိပြုမိသွားရသလဲဆိုတော့ သူ့ဆီက အရက်နံ့ကြောင့်ပဲ။
တော်တော်ပြင်းတယ်။ သူ့အနံ့ကြောင့် ကျနော် မူးချင်ချင်ဖြစ်သွားတယ်။ ပြင်းထန်တဲ့ ဘီအီးနံ့။ အနံ့ကြောင့် သူ့မျက်နှာကို ကျနော် သတိထား ကြည့်မိသွားတယ်။ မျက်နှာဟာ ဖူးရောင်ဖောသွပ်လို့ပါပဲ။ ကျနော့်အတွက်ကတော့ ဘီအီးတွေသောက်ရင်း ဖောသွပ်နေတဲ့ မျက်နှာဆိုတာတွေကို အကြိမ်ကြိမ် မြင်ဖူးနေကြမို့ အာတာလွတ်ဥလို ဖောသွပ်လို့နေတဲ့ သူ့မျက်နှာကိုတချက်ကြည့်လိုက်ပြီးတဲ့နောက် မထူးဆန်းသလိုပဲ မျက်နှာလွှဲလိုက်တယ်။ သူ ကျနော့်ကို ပြုံးပြလိုက်တာကို မျက်နှာအလွှဲမှာ မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ရပေမယ့် လွှဲပြီးသားမျက်နှာကို ပြန်လှည့်ပြီး ပြန်ပြုံးပြဖို့ ကျနော် မကြိုးစားတော့။ သူ့အပြုံးကို မသိချင်ယောင်ဆောင်နေလိုက်မိတယ်။ သူဟာ ကျနော့်နံဘေးမှာ တော်တော်ကြာကြာရပ်နေဆဲပဲ။ မျက်လုံးက မမြင်ရပေမယ့် အနံ့ကြောင့် သိနေခဲ့တာ။ အဲဒီအချိန်မှာ အခမ်းအနားရဲ့ ဝင်ပေါက်မုခ်ဦးဆီကနေ နာမည်ကျော်အဆိုတော်ကြီး ဒေါ်မာမာအေး ဝင်လာခဲ့တယ်။
ဒေါ်မာမာအေးကို ကျနော် အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ။ အဆိုတော်ကြီး ဒေါ်မာမာအေးကို ပထမဆုံးမြင်ဖူးတဲ့ပွဲဆိုတာကို မှတ်မိနေပြီး ဘာပွဲလဲဆိုတာကို မမှတ်မိတာတော့ တကယ်ဆို တယောက်ယောက်ကို အားနာဖို့ကောင်းပါတယ်။ ဒါပေမယ့် တယောက်ယောက်က ဘယ်သူမှန်းမသိဘဲ အားနာနေလို့တော့ အလကားပေါ့။ အဆိုတော်ကြီး ဒေါ်မာမာအေးကိုယ်တိုင် ပွဲတက်တဲ့ အဲဒီပွဲဟာ ဘာပွဲပါလိမ့်လို့ ကျနော်အခု ပြန်စဉ်းစားကြည့်မိပါတယ်။ မရတော့ဘူး ကျနော်လည်း ဘာကြောင့် ဒီလောက်မေ့တတ်နေမှန်း မသိဘူး။ ဒေါ်မာမာအေးဝင်လာတော့ သိပ်မများလှတဲ့ လူအုပ်ဟာ နည်းနည်းတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ထိုင်နေတဲ့လူတွေဟာ ဝင်ပေါက်ဘက်ကို လှမ်းငေးကြည့်ကြတယ်။ လူတချို့ကတော့ ဟန်မဆောင်နိုင်အောင်ဘဲ ထိုင်ရာကနေ မတ်တပ်ထလာကြတယ်။
အဆိုတော်ကြီး ဒေါ်မာမာအေးနဲ့ ဓာတ်ပုံရိုက်ဖို့ အားထုတ်နေကြတဲ့ လူတွေကို ကြည့်ရင်း ကျနော် ပြုံးနေမိတယ်။ ကျနော်ကိုယ်တိုင်လည်း အန်တီဒေါ်မာမာအေးနဲ့ အမှတ်တရဓာတ်ပုံရိုက်ရရင် ကောင်းမှာပဲလို့တော့ သူ့တို့ကိုငေးကြည့်နရင်း တွေးတော့တွေးမိသား။ သို့သော်လည်း လူအယောက်နှစ်ဆယ်လောက်က ဒေါ်မာမာအေးနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့ အလှည့်ကျစောင့် ချောင်းနေကြတာကို မြင်နေရတော့ ကျနော်လည်း အသာလေးပဲထိုင်နေရင်း မီးရောင်တချက်လက်သွားတိုင်း ပြုံးပြနေရတဲ့ အန်တီဒေါ်မာမာအေးရဲ့မျက်နှာကိုပဲ ငေးကြည့်နေလိုက်မိတယ်။ ကျနော့်အာသီသက သိပ်ပြင်းပြတယ် မဆိုနိုင်ဘူး။ နောက်ပြီး ကျနော်တို့အရွယ်ဟာ ဒေါ်မာမာအေးနဲ့ ကြီးခဲ့ရတဲ့ အရွယ်လည်းမဟုတ်ဘူး။
ဒေါ်မာမာအေးနဲ့ ပတ်သက်ပြီး ကျနော ်သိသမျှဆိုရင် အရင်တုန်းက ရေဒီယိုစွဲစွဲမြဲမြဲနားထောင်စဉ်က အပတ်စဉ်နားထောင်ရတဲ့ ဒေါ်မာမာအေးရဲ့ ပြောပြစရာတွေတပုံကြီးရှိသေးတယ်ဆိုတဲ့ အစီအစဉ်။ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ရေဒီယိုက လွှင့်လို့ ကျော့စိမ့်အောင် နားထောင်ကြေကွဲခဲ့ရတဲ့ အသည်းနာကမ္ဘာမကြေသီချင်းလောက်ကိုပဲ ရင်းရင်းနှီးနှီး ရှိတာ။ ဟိုးအရင်တုန်းက အန်တီဒေါ်မာမာအေးဆိုခဲ့တဲ့ သီချင်းတွေ နားထောင်ဖူးတယ် ဆိုပေမယ့် ခေတ်ရဲ့ ကွာဟမှုကြောင့်ထင်ပါရဲ့ ကြိုက်တယ်ဆိုရုံလောက်ပဲ။ စွဲစွဲလန်းလန်းတော့ မဟုတ်ဘူးပေါ့။
အမျိုးသမီးအဆိုရှင်တွေထဲမှာ ကျနော်အစွဲလန်းဆုံးအသံပိုင်ရှင်တွေက မေဆွိနဲ့ ဟေမာနေဝင်းပဲ။ သူတို့ဆိုတဲ့ သီချင်းသံများ ကြားလိုက်ရရင် လူက အလိုလို နုံးခွေသွားတာ။ “မောင် ဘာဖြစ်လို့ ချစ်တာလဲ”၊ “မောင် ကျမပါးမှာ အနမ်းလေးစ ွန်းပေပြီ” စသဖြင့် ကြားလိုက်ရရင်ဖြင့် ကိုယ့်ကိုတိုင်တည်ပြီး ဆိုလိုက်သလိုပဲ။ ကိုယ့်ခေတ်နဲ့ကိုယ်ပေါ့လေ။ ဒီဘက်ခေတ် ဆယ်ကျော်သက်တွေကို မေးပြန်ရင်လည်း မေဆွိ၊ ဟေမာနေဝင်း သူတို့ကြိုက်ချင်မှ ကြိုက်တော့မယ်ပေါ့။
သူ့အရွယ်နဲ့သူ ဆိုတဲ့အတိုင်းပဲ ဒေါ်မာမာအေးနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားနေသူတွေအကုန်လုံးဟာ ငါးဆယ်ကျော် ခြောက်ဆယ်၊ ခြောက်ဆယ့်ငါး ခုနစ်ဆယ်တန်းတွေချည့်ပဲ။ အဘိုးကြီး၊ အဘွားကြီးတွေပေါ့။ သူတို့ကလည်း ကဲတယ်။ “မာမာအေးအသံဟာ ဘုရားပေးတဲ့ အသံပဲကွာ” တဲ့ သူတို့အချင်းချင်း ပြောနေသံတောင် ကြားနေရသေးတယ်။ ကျနော်လည်း အဘိုးကြီးအဘွားကြီးတွေ ငယ်မူငယ်သွေးကြွ သူတို့ခေတ်ရဲ့ နိုင်ငံကျော်အဆိုတော်ကြီးနဲ့ ဆယ်ဖီဆွဲ တပြုံးပြုံးလုပ်လို့ ကြည်နူးသာယာနေကြတဲ့ မြင်ကွင်းကိုကြည့်ရင်း အဲဒီအဘ ိုးကြီး အဘွားကြီးတွေရဲ့ ငယ်ရုပ်တွေကို စိတ်မှန်းနဲ့ နေရာချကြည့်နေမိတယ်။
အဲဒီအချိန်မှာ ကျနော့်အနားက အာတာလွတ်ဥလို ဖောသွပ်နေသူဟာ ဒေါ်မာမာအေးအနား တိုးကပ်သွားတာကို မြင်လိုက်ရတယ်။ သူဟာ သူ့လွယ်အိတ်ထဲက တခုခုကို သဲကြီးမဲကြီးနှိုက်ထုတ်ရင်း ဒေါ်မာမာအေးအနားကို ကပ်သွားတယ်။ လွယ်အိတ်ထဲကနေ ရိနေတဲ့ စာရွက်ဝါ၀ါတွေထွက်လာတယ်။ ပြန်ထည့်တယ်။ ခဲတံတွေထွက်လာတယ်။ ပြန်ထည့်တယ်။ နောက်ဆုံးမှာ အနက်ရောင်သားရေဖုံးလေးနဲ့ စာအုပ်ကလေးတအုပ်ကို သူထုတ်လိုက်နိုင်တယ်။ အင်္ကျီအိတ်ကပ်မှာထိုးထားတဲ့ ဘောပင်ကို သူဆွဲထုတ်တယ်။ ပြီးတော့ ဒေါ်မာမာအေးရှေ့ သူ့စာအုပ်ကလေးကို ဖွင့်ပေးရင်း “အမှတ်တရ ရေးပေးပါ” လို့ ပြောနေတယ်ထင်တယ်။ ခပ်လှမ်းလှမ်းက ကြည့်နေရတာမို့ သူပြောနေတာ ဘာမှန်းမသိပေမယ့် အော်တိုထိုးခိုင်းတာနေမှ ာပေါ့။
အန်တီမာမာအေးဟာ ပြုံးလျက် စာအုပ်နဲ့ဘောပင်ကို လှမ်းယူလိုက်ရင်း မျက်နှာတချက်မဲ့သွားတယ်။ ကျနော့်အထင်တော့ အာတာလွတ်ဥမျက်နှာနဲ့လူရဲ့ အရက်နံ့ဟာ ဒေါ်မာမာအေးရဲ ့နှာခေါင်းထဲ လုဝင်သွားတယ် ထင်ပါတယ်။ သို့သော် တချက်ကလေး မဲ့တယ် ဆိုရုံပဲ။ အပြုံးကို သူ ပြန် ဆင်လိုက်နိုင်တယ်။ တခုခုရေးလိုက်တယ်။ လက်မှတ်ပါထိုးပေးလိုက်တယ် ထင်ပါရဲ့။ အာတာလွတ်ဥမျက်နှာနဲ့ လူဟာ အကြီးအကျယ် ကျေနပ်သွားပြီး မျက်လုံးမှာ မျက်ရည်စကလေးတောင် လဲ့သွားတယ်။ အဲဒီနောက် ကိစ္စပြီးပြီအထင်နဲ့ အန်တီဒေါ်မာမာအေးဟာ လှည့်ထွက်လိုက်တယ်။ အခမ်းအနားထဲ သူဝင်မယ် ထင်တယ်။ ဒါပေမယ့် ခုနကလူဟာ ဒေါ်မာမာအေးကို တားတယ်။ ဓာတ်ပုံတပုံလောက် တွဲရိုက်ပါရစေလို့ သူခွင့်တောင်းနေတာ။
က ျနော်လည်း အဲဒီလူရဲ့ အာတာလွတ်ဥလို မျက်နှာဟာ ဝမ်းသာနေရင် ဘယ်လိုဖြစ်မှာပါလိမ့်လို့ သိချင်လို့ သူ့အနားကိုကပ်လို့ ကြည့်ဖို့ ကြိုးစားနေတဲ့အချိန်ဆိုတော့ သူနဲ့ဒေါ်မာမာအေးကြားက အခြေအနေကို ကောင်းကောင်းကြီးမြင်နေရတယ်။ အာတာလွတ်ဥမျက်နှာနဲ့လူဟာ ဒေါ်မာမာအေးကို ဓာတ်ပုံတွဲရိုက်ပါရစေလို့သာ ခွင့်တောင်းတာ သူ့မှာ လက်ကိုင်ဖုန်းပါလာပုံမရဘူး။ ရှိကိုမရှိတာလည်း ဖြစ်မှာပေါ့။ အဲဒါနဲ့သူဟာ ဘေးပတ်ပတ်လည်က လူတွေကိုကြည့်ပြီး အကူအညီတောင်းဖို့ မျက်နှာငယ်ကလေးနဲ့ ရှာဖွေနေရင်း၊ တဖက်ကလည်း စောင့်နေရတဲ့ ဒေါ်မာမာအေးကို အားနာနေဟန်တူပါရဲ့။ အန်တီဒေါ်မာမာအေးကလည်း စောင့်ပေးရှာပါတယ်။ အဲဒီမှာပဲ အာတာလွတ်ဥမျက်နှာလိုလူဟာ ကျနော့်ကို မြင်သွားတယ်။
“ညီလေးလေး အစ်ကို့ကို အမေနဲ့ ဓာတ်ပုံတပုံလောက် ရိုက်ပေးပါလားကွာ” ။ ကျနော်လည်း ညီလေးလေး ဆိုတဲ့ အခေါ်ကို သဘောကျမိသလို ဖြစ်သွားပြီး အခြေအနေကိုလည်း ရိပ်စားမိလို့ ကျနော့်ဖုန်းကိုထုတ် သူတို့ကို ဓာတ်ပုံရိုက်ပေးဖို့လုပ်တယ်။ ဘေးချင်းယှဉ်ရပ်လိုက်တဲ့အခါမှာ အန်တီဒေါ်မာမာအေးက အရပ်ပုတော့ အာတာလွတ်ဥလိုမျက်နှာနဲ့လူရဲ့ခေါင်းဟာ တစောင်းကြီး အပေါ်ကမိုးနေတယ်။ ကိုယ်ကိုကျ အန်တီဒေါ်မာမာအေးဘက်ကို ကပ်ထားတော့ ကိုင်းကိုင်းကွေးကွေးဖြစ်နေတာပေါ့။ အန်တီဒေါ်မာမာအေးကတော့ အရက်နံ့ခပ်ပြင်းပြင်းကြောင့် မသိမသာ မျက်နှာကလေးပျက်သလိုဖြစ်နေပေမယ့် အားတင်းလို့ ပြုံးထားဆဲပဲ။ ဖုန်းစခရင်မှာထင်နေတဲ့ သူတို့နှစ်ယောက်ပုံကိုကြည့်ပြီး စိတ်ထဲ ဘာကိုမှန်းမသိ အားနာနေမိတယ်။ ပြီးတော့ ခပ်သွက်သွက်ပဲ စိတ်ချရအောင် သုံးပုံလောက် ရိုက်လိုက်တယ်။ အဲဒီနောက် အန်တီဒေါ်မာမာအေးဟာ ဘယ်သူမှ ဓာတ်ပုံတွဲအရိုက်မခံတော့ အခမ်းအနားထဲ တိုးဝင်သွားတော့တယ်။
“ကျေးဇူးပဲ ညီလေးလေးရာ” လို့ သူပြောတယ်။ ပြီးတော့ ဒေါ်မာမာအေး လက်မှတ်ထိုးပေးသွားတဲ့ သူ့စာအုပ်ကလေးကို လှန်ကြည့်ရင်း ပြုံးရွှင်စွာနဲ့ ထွက်သွားပါလေရော။ “ဟုတ်ကဲ့ ရပါတယ်” လို့ ကျနော်လည်း ပြန်ပြောလိုက်တယ်။ တခြားလည်း ထွေထွေထူးထူး မတွေးမိဘူး။ ကျနော့်ဖုန်းထဲက သူနဲ့ဒေါ်မာမာအေး ရိုက်ထားတဲ့ပုံကို ပွဲမပြီးခင်ကလေး တနည်းနည်းနဲ့တော့ သူလာယူမှာပဲလို့ တွေးပြီး သူ့ကိုဘာမှမပြောဖြစ်တော့ဘူး။ သူထွက်သွားတာကို ဘယ့်နှယ်မှမနေမိဘူး။ သူကလည်း စာအုပ်ကလေးကိုင် ထွက်သွားပြီးတဲ့နောက် ဘယ်ရောက်သွားမှန်းတောင် မသိတော့၊ ပေါ်မလာတော့ဘူး။ အဲဒီအခမ်းအနားပြီးတော့ ကျနော် အိမ် ပြန်ခဲ့တယ်။ ရိုက်ပေးမိခဲ့တဲ့ ဓာတ်ပုံသုံးပုံကိုလည်း ရေဆေးချလိုက်သလို ကျနော် မေ့သွားပါလေရော။ အဲဒီလိုနဲ့ အခုဆိုရင် အဲဒီအဖြစ်အပျက်ကလေးဖြစ်ခဲ့တာ တနှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်၊ သုံးနှစ်လောက်လည်း ကြာချင် ကြာခဲ့လောက်ပြီထင်ပါတယ်။
ကျနော့်ဖုန်းအဟောင်းကလေးထဲမှာ အခုထိ ဒေါ်မာမာအေးနဲ့ အာတာလွတ်ဥနဲ့တူနေတဲ့ မျက်နှာပိုင်ရှင်တို့ တွဲရိုက်ထားတဲ့ပုံ ရှိနေဆဲပဲ။ အဲဒီလူဟာ ဘယ်သူမှန်း ကျနော်မသိဘူး။ ဒေါ်မာမာအေးလည်း သိလိမ့်မယ် မထင်ဘူး။ ဒါပေမယ့် ဒေါ်မာမာအေးနဲ့ဓာတ်ပုံတွဲရိုက်ရလို့ ဖောသွပ်နေပေမယ့်လည်း ပြုံးရွှင်နေတဲ့မျက်နှာနဲ့ ငုံ့ကိုင်းကိုင်းအဲဒီလူပုံဟာ ကျနော့်ဖုန်းထဲမှာ ရှိနေဆဲ။ ဖျက်ပစ်လိုက်ရမလား၊ ဒါမှမဟုတ် ဓာတ်ပုံသွားထုတ် တနေ့တွေ့တော့ ပေးတာပေါ့လို့ သိမ်းထားရမလား နေ့များစွာမှာ ဝေခွဲမရဖြစ်နေခဲ့ရတယ်။ တနေ့တွေ့တော့ ဆိုပေမယ့် ကျနော့်စိတ်ထဲ ဒီလူနဲ့ နောက်တကြိမ်တွေ့ရလိမ့်မယ် မထင်တော့ဘူး။ ဘာကြောင့်မှန်းတော့ မသိပေမယ့် အဲ့လိုပဲ ခံစားရပါတယ်။ နောက်ပြီး အဲဒီဓာတ်ပုံကို ကြည့်မိတိုင်း ဆရာဦးဝင်းဖေရေးတဲ့ “သကြားမှန်ကူ အုန်းမှန်ကူ” ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ်ကိုလည်း ဘာရယ်မဟုတ် သွားသွားသတိရနေမိတယ်။ အဲဒါ ဆန်းကြယ်တယ်လို့ သင်မထင်ဘူးလား။ ကျနော်က ဘယ်သူမှန်း မသိတဲ့၊ ကျနော့်ကိုလည်း ဘယ်သူမှန်းသိမှာမဟုတ်တဲ့ လူတယောက်။ အဲဒီလူတယောက်နဲ့ နိုင်ငံကျော်အဆိုတော်ကြီး ဒေါ်မာမာအေးတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံဟာ သူတို့နှစ်ယောက်စလုံးနဲ့ လုံးဝမသိတဲ့ ကျနော့်ဖုန်းထဲမှာ အတော်ကြာကြာ ရှိနေခဲ့တာလေ။
လင်းခါး