နွေတညပိုင်ရှင်ရဲ့ ရေဆန်လမ်း

၂၁.၀၁.၂၀၂၃

နိုင်ဝင်းဆွေအမှတ်ရချက်-လူအုပ်ထဲကအထီးကျန်မှု

နွေတညပိုင်ရှင်ရဲ့ ရေဆန်လမ်း


ကျနော့်ရဲ့ လေးနှစ်ခွဲအရွယ်သမီးလေးက စာအုပ်စင်ကနေ စာအုပ်တအုပ် ဆွဲယူပြီး မျက်နှာဖုံးကို စိတ်ဝင်တစားကြည့်နေတယ်။ စာကြည့်တိုက်မှာ စာဖတ်ဖို့ စာအုပ်ရွေးနေတဲ့ အရွယ်ရောက်ပြီး မိန်းကလေးတယောက်လိုပဲ စာအုပ်နာမည်ကို စူးစမ်းနေသလိုလိုပေါ့။ စာမဖတ်တတ်သေးတဲ့ သမီးလေးက ဒီလိုလုပ်နေတော့ ကျနော့်မှာ ရယ်ကလည်း ရယ်ချင် ကျေလည်း ကျေနပ် ဖြစ်နေတယ်။ ခဏနေတော့ သမီးလေးက စာအုပ်ကလေးကို ကိုင်ပြီး ကျနော့်ကို မေးတယ်။ “ဖေဖေ ဒါ ဘယ်သူလဲ“ တဲ့။ အဲဒါ စာရေးဆရာ နိုင်ဝင်းဆွေ သမီးလေးရဲ့လို့ ကျနော်က ဖြေတယ်။ သမီးလေးဟာ စာအုပ်အဖုံးပေါ်က လက်ပိုက်လျက် ပြုံးစစလုပ်နေတဲ့ ဆရာနိုင်ဝင်းဆွေရဲ့ ဝိုးတဝါးပုံကို ကြည့်နေရင်းက ချက်ချင်းပဲ တီဗွီဆီ အာရုံပြောင်းသွားတယ်။ စာအုပ်ကို ကျနော့်လက်ထဲထည့်ပြီး တီဗွီရှေ့ရောက်သွားလေရဲ့။ ကျနော်လည်း စာအုပ်ကလေးကိုပဲ ကြည့်နေမိတယ်။ စာအုပ်နာမည်က မေ့မရတဲ့ နိုင်ဝင်းဆွေ၊ ဆရာနိုင်ဝင်းဆွေ အကြောင်း အမှတ်တရအက်ဆေးဆောင်းပါးတွေ၊ စာရေးသူနှစ်ယောက်က ဆရာ ငြိမ်းဝေ နဲ့ ဆရာ ကိုအောင်။

ဒီစာအုပ်လေးကို မြင်မိ ပြန်ဖတ်မိတိုင်း ကျနော် စိတ်ထိခိုက်မိတယ်။ ဆရာ ကိုအောင်ရဲ့ ဆရာနိုင်ဝင်းဆွေ အမှတ်ရမှု ဆောင်းပါးထဲက ကွန်မြူနစ်ပါတီဆီ တောခိုဖို့အသွား ရထားသံလမ်းနံဘေးက သူ့အိမ်ကိုဖြတ်တော့ သူ့သားလေးများ အပြင်ထွက်ဆော့နေမလားလို့ ရထားပေါ်ကနေ လွမ်းလွမ်းဆွေးဆွေးငေးနေမိတယ်ဆိုတဲ့ ဆရာကိုအောင်ရဲ့ အဖြစ်အပျက်လေး။ အဲဒီ မြင်ကွင်းကလေးဟာ ကျနော့်မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်းကို ပေါ်လာတတ်လို့ သားသမီးချစ်စိတ်နဲ့ နိုင်ငံရေးယုံကြည်မှုအကြားက လွန်ဆွဲပွဲကို ကိုယ်ချင်းစာနာမိတယ်။ နောက် ဆရာနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့များကို နှမြောတသစိတ်နဲ့ ဝမ်းနည်းမိပါတယ်။

ဆရာနိုင်ဝင်းဆွေကို ၂၀၀၆ ခုနှစ် လောက်မှာမှ ကျနော်စသိတယ်။ အဲဒီတုန်းက ကျနော်ဟာ ကျောက်ဆည်မြို့မှာ စာအုပ်တွေနဲ့ အမြဲလုံးထွေး နေတဲ့အချိန်။ မနက်ကိုးနာရီလောက်ကစလို့ မြို့နယ်စာကြည့်တိုက်မှာ တနေ့လုံး စာတွေဖတ်၊ ညနေစောင်း စာကြည့်တိုက်ပိတ်တော့လည်း ညဖတ်ဖို့ တအုပ်လောက်ငှားပြန်။ စာဖတ်ခြင်းအရသာကို အလွန်အမင်း စွဲလန်းနေတဲ့ကာလပေါ့။ တနေ့ တနေ့ စာမဖတ်ရရင်ကို မနေနိုင်အောင် စာအုပ်ယင်းထနေခဲ့တဲ့ အချိန်ပေါ့။ သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ သိန်းဖေမြင့်၊ သော်တာဆွေ စသဖြင့်ပဲ။ သို့သော် နိုင်ဝင်းဆွေ ဆိုတာ ကျနော် မကြားဖူးဘူး။ မဖတ်ဖူးဘူး။

တနေ့ ကျနော့်ရဲ့ စာဖတ်သမားဘဝမှာ အရေးပါတဲ့ ဆရာတယောက်ဖြစ်တဲ့ ဆရာညွန့်လွင်(RIT)က “မင်း နိုင်ဝင်းဆွေ စာအုပ်တွေလည်း ရှာဖတ်ကွ” လို့ ပြောတယ်။ ပြီးတော့ သူ့ဘဝမှာ နိုင်ဝင်းဆွေက သူ့ကို ဘယ်လောက် လွှမ်းမိုးခဲ့တယ် ဆိုတဲ့ အကြောင်း လွမ်းလွမ်းဆွေးဆွေး ပြောပြပါတယ်။ နိုင်ဝင်းဆွေ စာအုပ်ဆိုရင် တအုပ်မှ မလွတ်ခဲ့တဲ့ အကြောင်း၊ ညီအစ်ကိုတတွေ နိုင်ဝင်းဆွေစာအုပ်ကို ဘယ်လိုလုဖတ်ခဲ့ရတဲ့အကြောင်း၊ RIT ကျောင်းသား ဘဝမှာလည်း စာအုပ်တွေ တယောက်ကိုတယောက် လက်ဆင့်ကမ်းပြီး ဖတ်ရာမှာ နိုင်ဝင်းဆွေဟာ ကျောင်းသားအများစုရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့အကြောင်း မြစံပယ်ရုံ၊ နွေတည၊ မသိန်းရှင်ဆီပို့ပေးပါ၊ အချစ်ညအသေချင်္၊ မဟူရာမေတ္တာ စသဖြင့် သူ့ငယ်ဘဝကိုလည်း ပြန်လည်အလွမ်းပြေထင်ပါရဲ့ ပြောပြနေခဲ့ပါတယ်။

သူ အဲဒီလို ပြောနေတုန်းမှာ ကျနော် တွေးနေမိတာက ကျနော်လည်းပဲ စာအုပ်တွေ ဒီလောက်ဖတ် နေတာ နိုင်ဝင်းဆွေဆိုတာ မကြားဖူး၊ မဖတ်ဖူးပါဘူးပေါ့။ (စာစဖတ်ခါစ လူငယ်တယောက်ဟာ စာဖတ်သတ်ကလေး သုံးလေးငါးနှစ်ရောက်ပြီဆိုရင်ကို ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင် အထင်ရောက်လေ့ ရှိတတ်ကြပါတယ်)။ အနည်းဆုံး စာကြည့်တိုက်မှာတော့ တွေ့ရမယ်။ သူပြောသလောက်သာ တကယ်ကောင်းနေရင် စာဖတ်သမားတွေဆီကနေ ပြောသံဆိုသံ ကြားသိနေရမယ်လို့ ကျနော်က ထင်တာပါ။ အဲဒီတုန်းက ကျောက်ဆည်မြို့မှာ အခြားသော စာရေးဆရာတွေလည်း ရှိကြပေမယ့် သူတို့ ကိုယ်တိုင်ကလည်း စာရေးဆရာတွေရဲ့ ကောင်းတဲ့စာအုပ်တွေဆို ပြောကြဆိုကြပေမယ့်လည်း နိုင်ဝင်းဆွေ ဆိုတာကတော့ ဝေးလှပါတယ်။ ဒီတော့ ကျနော့်စိတ်ထဲထင်တာက ရှုမဝခေတ် မိုးဝေခေတ်တွေမှာ စာရေး ဆရာတွေ အများကြီးရှိခဲ့ပေမယ့်လည်း တချို့လည်း ဒီလိုပဲ ၀တ္ထုတွေရေး စာတွေရေးရင်းနဲ့ပဲ ကာလတခု ကြာတော့ ပျောက်ဆုံးသွားကြသူတွေ ရှိခဲ့ကြတယ်။ နိုင်ဝင်းဆွေဆိုတာလည်း အဲဒီလိုစာရေးဆရာတွေထဲက တယောက်နေမှာပေါ့လို့ ရိုးရိုးသားသားပဲ တွေးလိုက်တယ်။

ဒီလိုနဲ့ ကျနော်ဖတ်နေကျ စာကြည့်တိုက်မှာ ဆရာနိုင်ဝင်းဆွေ စာအုပ်တွေ ရှာကြည့်ပါတယ်။ စာကြည့်တိုက်က ခရိုင်ပြန်ကြားရေးစာကြည့်တိုက်ဆိုတော့ စာအုပ်တွေက တကယ်များပါတယ်။ သို့သော်လည်း တလကျော် နှစ်လနီးနီးရှာပေမယ့် နိုင်ဝင်းဆွေဆိုတာ လုံးဝရှာမရပါ။ မရှိပါ။ ဆရာညွန့်လွင် ကိုပဲ ရှာမတွေ့တဲ့အကြောင်း ရှိရင် ငှားဖတ်စေလိုတဲ့အကြောင်းပြောတော့ သူကပဲ မသိန်းရှင်ဆီ ပို့ပေးပါ ဆိုတဲ့ စာအုပ်ကလေး ငှားပေးပါတယ်။ စာအုပ်ကလေးက တော်တော်နွမ်းနွမ်းရိရိပါ။ မသိန်းရှင်ဆီ ပို့ပေးပါ စာအုပ်ကို ဖတ်ရင်း ကျနော် တော်တော်မွန်းကျပ်သွားပါတယ်။ ညို့ ရဲ့ အဖြစ်ဆိုးဟာ ကျနော့်ကို အကြီးအကျယ် ထိခိုက်သွားစေပါတယ်။ တအုပ်တည်းနဲ့ပဲ ဆရာနိုင်ဝင်းဆွေကို ကျနော် အတော်လေး စွဲလမ်းသွားပါတော့တယ်။ နောက် အိုယန်ဟိုင်၏ တေးသံ၊ မဟူရာမေတ္တာ စသဖြင့်။

ဆရာနိုင်ဝင်းဆွေစာအုပ်တွေ ဘာကြောင့် စာကြည့်တိုက်တွေမှာ ရှာလို့မရသလဲ ကျနော် သဘောပေါက်သွားပါတယ်။ အဲဒီတုန်းက မိတ္တူကူးထားတဲ့ စာအုပ်တွေကိုသာ ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတဲ့ စာအုပ်တွေဖြစ်တဲ့ အခြား ဆရာဦးဝင်တင် ဘာသာပြန်တဲ့ ကွိ၊ ဆရာ ကြေးမုံဦးသောင်း (အောင်ဗလ)ရဲ့ နေဝင်းရှုပ်သမျှ ၊ ဆရာသိန်းဖေမြင့်ရဲ့ သပိတ်မှောက်ကျောင်းသား စသဖြင့် စသည်ဖြင့် စာအုပ်တွေလိုပဲ။ ဆရာနိုင်ဝင်းဆွေရဲ့ စာအုပ်တွေဟာ ထုတ်ဝေခွင့်ပိတ်ထားတဲ့ စာအုပ်တွေဖြစ်နေတာကိုး။ ဘယ်မှာလွယ်လွယ်ရှာရပါ့မလဲ။ နောက်ပိုင်းမှာမှ ဆရာနိုင်ဝင်းဆွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ရှိရာကို တောခို သွားခဲ့တဲ့ စာရေးဆရာတယောက် ဆိုတာ သိလိုက်ရတော့မှ သူ့စာတွေဟာ ဘာကြောင့် အဲဒီစစ်အစိုးရခေတ် ကာလမှာ ပျောက်ဆုံးနေရသလဲဆိုတာ နားလည်လိုက်ရပါတော့တယ်။

Unknown block type "poster", please specify a serializer for it in the `serializers.types` prop

ဆရာနိုင်ဝင်းဆွေကို စွဲလန်းခဲ့ပြီး နောက်ပိုင်းမှာ ကျနော်ဟာ အခွင့်သင့်ရင် သင့်သလို ဆရာနိုင်ဝင်းဆွေစာအုပ်တွေ ရှာဖွေ မေးမြန်းပါတယ်။ သို့သော်လည်း စာအုပ်တွေ ခပ်မြိုင်မြိုင် ထုတ်ဝေခွင့်ရလာတဲ့ နှစ်ထောင့်တစ်ဆယ်မတိုင်ခင်အထိ ဆရာနိုင်ဝင်းဆွေရဲ့ စာတွေထဲ ကျနော် ထပ်ဖတ်ခွင့်ရတာဆိုလို့ ၀တ္ထုတိုလေးတပုဒ်ဖြစ်တဲ့ ဇာတ်ဆရာသမီး ပါပဲ။ အဲဒီဝတ္ထုတိုလေးကိုလည်း ကျနော် ကြိုက်ခဲ့တာပါပဲ။ ထို့နောက်မှာတော့ နှစ်ထောင့်တစ်ဆယ်ကျော်လွန်ပြီး နောက်နှစ်အနည်းငယ်ထဲက တနှစ်မှာ ကျနော့်ဘဝမှာ ကျနော်ဖတ်ခဲ့သမျှထဲ အကြိုက်ဆုံးဆယ်အုပ်ထဲ ပါခဲ့တဲ့ ဆရာနိုင်ဝင်းဆွေရဲ့ နွေတည ကို စတင်ဖတ်ခဲ့ရပါတယ်။

သြော် မခင်ဝေ . . .၊ သမီးလေး စံပယ်ခိုင်။

စာအုပ်ကိုင်ရင်း မျက်ရည်တွေတွေကျခဲ့ရတဲ့ နွေတည ။ ဘယ်တော့မှ မမေ့နိုင်တော့တဲ့ ဆရာနိုင်ဝင်းဆွေရဲ့ လက်ရာတွေထဲက အကြိုက်ဆုံး ၀တ္ထုရှည်တအုပ်။

နွေတညကို ကျနော့်လိုပဲ စွဲလန်းနှစ်ခြိုက်ခဲ့တဲ့ စာရေးဆရာတွေ အများကြီးရှိခဲ့ပါတယ်။ ဆရာမောင်ချောနွယ်ကဆိုရင် နွေတညကို ရေးတာ သူဖြစ်လိုက်ချင်တယ် လို့တောင် ပြောခဲ့ဖူးတယ်လို့ ဘယ်သူပြောဖူးမှန်းမသိ မှတ်မိနေခဲ့ပါတယ်။ ဆရာထွန်းဝေမြင့်ရဲ့ နွေတညကို မေ့မရပါ ဆိုတဲ့ အက်ဆေးကိုလည်း ဖတ်ခဲ့ဖူးပါတယ်။ ကျနော့်လို လူငယ်တွေထဲကလည်း နွေတညကို ဖတ်ဖူးသူတိုင်း မခင်ဝေကလေးကို တသသ ဖြစ်ကျန်ရစ်ခဲ့ကြတယ်လို့ အကြိမ်ကြိမ် ကြားခဲ့ဖူးပါတယ်။ နွေတည ဟာ ဖတ်ဖူးတဲ့သူ မည်သူကိုမဆို ဖမ်းစား လောင်မြိုက်စေမယ်လို့ ကျနော်တော့ ထင်မြင်နေမိပါတယ်။

ဆန်စက်က စပါးတောင်းရွက်တဲ့ အလုပ်သမလေးကလေး ခင်ဝေကို ချစ်ခဲ့တယ်။ စာအုပ်အဖုံး ပန်းချီမှာ လှပတဲ့ မျက်နှာကလေးနဲ့ဆိုပေမယ့် ဖျင်ကြမ်းအင်္ကျ ီ၊ အရောင်ဖျော့ဖျော့ ထဘီတိုတိုနဲ့ ကြမ်းတမ်းခက်တရော်နေတဲ့ လက်ဖဝါးကလေးတွေနဲ့ ခင်ဝေကလေးကို ဂရုဏာသက်ခဲ့မိပါတယ်။ ခိုးရာလိုက်ပြေးလာတာ ဆယ့်နှစ်ရက်သာရှိသေးတဲ့ ကလေးသာသာ မခင်ဝေကလေးကို အထင်လွဲပြီး ထိုးကြိတ်ခဲ့တဲ့ ကိုကို ကို မုန်းခဲ့တယ်။ ကျောက်ပေါက်နာတွေနဲ့ သေမတတ်ဖြစ်နေတဲ့ လင်ကို ပြုစုနေခဲ့တဲ့ ခင်ဝေကလေးကို ချစ်ခဲ့၊ ကြင်နာသနားခဲ့ရတယ်။ သမီးကလေး စံပယ်ခိုင် သေဆုံးသွားခဲ့တဲ့ အခန်းမှာဆိုရင် ကျနော်ဟာ စာအုပ်ကိုချပြီး ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ရတယ်။ သဝန်တိုစိတ်ကြီးလွန်းတဲ့ ကိုကို့ကို ဖတ်နေရင်းနဲ့ ဒေါသထွက်လာပြီး စိတ်ထဲကနေ မခင်ဝေ ကလေးဘက်ကနေ ရှေ့နေလိုက်ပေးနေခဲ့မိတယ်။ အလုပ်ကြမ်းသမလေး မခင်ဝေဟာ တဖြည်းဖြည်း မိတ်ကပ်နဲ့ ရေမွှေးနဲ့ ခေတ်ဆန်ပြီး လှပတဲ့ အမြတ်ကြီးစား ကုန်သည်ကလေးဖြစ်လာ၊ ကိုကိုရဲ့ သံသယတွေဟာလည်း ကြီးထွားလာ ဇာတ်ရှိန်အလွန်မြင့်လာတဲ့ ရင်တမမအခန်းတွေ။ ကိုကို့ဆီ စာလှမ်းရေးပြီးတဲ့ အသိပေးတဲ့ သူငယ်ချင်း သိမ်းဆွေ ဆီကစာဟာ မဟုတ်ပါစေနဲ့လို့ ကိုကိုနဲ့အတူ ဖေးမတွေးဆလာခဲ့တယ်။ ခင်ဝေကလေးကို လော်လီဖောက်ပြားတဲ့ ခင်ဝေအဖြစ် မမြင်လို သို့သော်။

နွေတညကို ဖတ်ပြီး လအတော်ကြာတဲ့အထိ ကျနော်ဟာ မခင်ဝေကလေးနဲ့ သမီးလေးခိုင်စံပယ်တို့ အကြောင်းကို တွေးတောနေမိတုန်းပဲ။ ရထားပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်နေရင်း နှုတ်ဆက်လိုက်ဖို့ သတ္တိမရှိတဲ့ ကိုကို့ ကို ဒေါသထွက်နေမိတုန်းပဲ။ နောက်ဆုံးမှာ စပါးသယ်အလုပ်သမားကလေး ဟန် ပြန်ဖြစ်သွားတဲ့ မခင်ဝေကို ကြည့်ရင်း ဝမ်းနည်းတာလိုလို ယူကျုံးမရဖြစ်တာလိုလို ခံစားနေရတုန်းပဲ။ ရထားပေါ်မှာ သမီးကလေးခိုင်စံပယ်ကို စကားသင်ပေးနေရင်း ပျော်ရွှင်နေတဲ့ မခင်ဝေကို ကြည့်ရင်း၊ ဟေမန်ရွာကလေးမှာ သေဆုံးသွားခဲ့တဲ့ သမီးကလေး စံပယ်ခိုင်ကိုလည်း လွမ်းဆွတ်နေခဲ့မိတယ်။ သြော် ခင်ဝေ . . .ရယ်။

Unknown block type "poster", please specify a serializer for it in the `serializers.types` prop

ပျဉ်းမနားမြို့ကို ကျနော် ပြောင်းရွှေ့နေထိုင်ရတော့ ပျဉ်းမနားမှာနေရင်း ဟိုက်ဝေးကားကြီး မောင်းတဲ့ ချစ်စရာ နှုတ်ခမ်းမွှေးကြီးနဲ့ ကဗျာဆရာ ဆရာသန်းဆွေမိုး(ကလော)နဲ့ ခင်မင်လခဲ့ပါတယ်။ ဆရာသန်းဆွေမိုး(ကလော) ကလည်း နွေတညနဲ့ ဆရာနိုင်ဝင်းဆွေ အသည်းစွဲတယောက်မှန်း သိလာရတော့ ဆရာနိုင်ဝင်းဆွေအကြောင်းတွေ ပြောဖြစ်ကြရင်း ဆရာသန်းဆွေမိုးက သူနေ့စဉ်မောင်းနေတဲ့ ကားက ဆရာနိုင်ဝင်းဆွေရဲ့ နွေတညထဲက ဟေမန်ရွာကလေးအနားကို အမြဲဖြတ်ရတယ်လို့ ပြောပြလို့ ကျနော့်မှာ အံ့သြသွားပါတယ်။ ကျနော်ကပဲ ဆရာသန်းဆွေမိုးကို တခါလောက်တော့ ဟေမန်ရွာကလေးကို လိုက်ပို့ပေးပါဦး ဆရာ လို့ တောင်းဆိုမိပါတယ်။ ကျနော့်စိတ်ထဲ ဟေမာန်ရွာကလေးကိုများ ရောက်ခဲ့ရင် မခင်ဝေရဲ့ အငွေ့အသက်ကလေးများ ရမလား၊ သမီးလေးစံပဟ်ခိုင်ရဲ့ မြေပုံကလေးကိုပဲ နာကျင်စွာနဲ့ မြင်ရမလားလို့ စိတ်ကူးယဉ်နေမိခဲ့တာ။ တရက်မှာ ပျဉ်းမနားမှာရှိတဲ့ အခြားကဗျာဆရာတွေနဲ့အတူ သွားကြမယ်လို့ ဆရာသန်းဆွေမိုးက ကတိပေးတော့ နွေတညကို တခေါက်ပြန်ဖတ် ခံစားမှုကိုတောင် ပြန်နွေးနေခဲ့သေးတာ။ သို့သော်လည်း ဟေမန်ရွာကလေးကို ကျနော်တို့ မသွားဖြစ် ခဲ့ကြပါဘူး။ ဆရာသန်းဆွေမိုး(ကလော) ဟာ ရုတ်တရက်ပဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့လို့ ကျနော်တို့ မျက်ရည်ကျ ခဲ့ရပါသေးတယ်။

x x x

မေ့မရတဲ့ နိုင်ဝင်းဆွေဆိုတဲ့ စာအုပ်ကလေးကို ကိုင်ပြီး နွေတညကို ခင်ဝေကလေးကို လွမ်းဆွတ် တမ်းတနေမိတာပါ။ နွေတညရဲ့ နောက်မှာတော့ ရေဆန်လမ်း၊ ဘဝစာမျက်နှာများ။ အခုအချိန်မှာတော့ ဆရာနိုင်ဝင်းဆွေရဲ့ စာအုပ်တွေ အကုန်လုံး ပြန်လည်ထွက်ရှိလာခဲ့ပါပြီ။ သို့သော်လည်း ကျနော်ဟာ မေ့မရတဲ့ နိုင်ဝင်းဆွေဆိုတဲ့ စာအုပ်ထဲက ဆရာငြိမ်းဝေရဲ့ စာတပုဒ်ကို သတိရမိသွားပြီး စိတ်မကောင်း ဖြစ်နေမိပြန်ပါသေးတယ်။ ဆရာနိုင်ဝင်းဆွေဟာ တောထဲမှာလည်းပဲ စာတွေဆက်ရေးခဲ့လို့ ၀တ္ထုတိုရှည်တွေ ရှိခဲ့ပေမယ့် အဲဒီစာတွေဟာ ခုတော့ ဘယ်မှာမှ ရှာမရနိုင်ဘဲ ပျောက်ဆုံးသွားခဲ့ပြီ ဆိုတဲ့အကြောင်းပါ။ အဲဒီစာတွေကိုသာ ဖတ်ခွင့်ရရင် သိပ်ကောင်းမှာပဲလို့ ကျနော် လောဘတက်နေမိပါတယ်။ နောက်ပြီး နွေတည ၀တ္ထုရဲ့ အဆုံးသတ်ကို နာကျင်ကြေကွဲဖွယ်ဖြစ်အောင် ရေးသားခဲ့တဲ့ ဆရာနိုင်ဝင်းဆွေရဲ့ ဘဝ နောက်ဆုံးနေ့များဟာလည်း နာကျင်စရာကောင်းနေခဲ့ပါတယ်။

ဆရာနိုင်ဝင်းဆွေဟာ သူရဲ့နောက်ဆုံးနေ့များမှာ စိတ်ကျန်းမာရေးဖောက်ပြန်သွားခဲ့ပြီး စစ်တပ်နဲ့ KNU တို့ အပြင်းအထန်တိုက်ကြလို့ လက်နက်ကြီးသံ တညံညံ ဖြစ်နေတဲ့ စစ်မြေပြင်အလယ်က ရွာကလေးတရွာရဲ့ အိမ်တအိမ်မှာ တရားထိုင်ရင်း ကျန်နေရစ်ခဲ့ပါသတဲ့။ သူ့ကို မြစ်တဖက်ကမ်းခေါ်ဖို့ စီစဉ်တာတွေကိုလည်း သူဟာ ငြင်းပယ်ခဲ့ပါသတဲ့။ မဟူရာမေတ္တာ စာအုပ်ကို ဆယ်ကျော်သက်အရွယ်မှာ ရေးနိုင်ခဲ့တယ်ဆိုတဲ့ ဆရာနိုင်ဝင်းဆွေ၊ တော်လှန်တဲ့ အနုပညာရှင် စာရေးဆရာ နိုင်ဝင်းဆွေ၊ စစ်ပွဲတွေကို မုန်းတဲ့ ဆရာနိုင်ဝင်းဆွေ၊ အစိုးရတပ်နဲ့ တိုက်ပွဲတခုမှာ နိုင်ခဲ့ပြီးတဲ့နောက် ကတုတ်ကျင်းတွေလိုက်စစ်တော့ သေနေတဲ့ ရန်သူစစ်ဗိုလ်ကလေးရဲ့ အလောင်းကိုတွေ့၊ အဲဒီစစ်ဗိုလ်ကလေးရဲ့ အိတ်ကပ်ထဲက သူ့ဇနီးလေးရေးလိုက်တဲ့စာကလေးကို ဖတ်မိပြီး မျက်ရည်တွေတွေကျနေခဲ့တဲ့ ဆရာနိုင်ဝင်းဆွေ။

တကယ့် လူသားစိတ်လူသားဝါဒအပြည့်နဲ့ ဆရာနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့ဟာ လက်နက်ကြီးကျည်မှန်လို့ပဲ သေဆုံးခဲ့ရသလား၊ ဒါမှမဟုတ် လက်နက်ကိုင်တွေ ဝင်လာပြီး ဘယ်သူမှန်းမသိတဲ့ ရူးသွပ်နေတဲ့ လူတယောက်မို့ ပစ်ပဲ သတ်ခဲ့သလား၊ ဆရာနိုင်ဝင်းဆွေ ဘယ်လိုသေဆုံးခဲ့ရတယ် ဘယ်သူမှ တပ်အပ်မပြောနိုင်တဲ့ အခြေအနေဖြစ်ခဲ့ရတာပေါ့။ ကျနော်တို့ တိုင်းပြည်ရဲ့ အကောင်းဆုံး စာရေးဆရာတွေထဲက တယောက်ဖြစ်တဲ့ ဆရာနိုင်ဝင်းဆွေရဲ့ ဘဝဟာ သူ့ဝတ္ထုတွေထဲကလိုပဲ ပစ္စည်းမဲ့ကျောမွဲလူတန်းစားတွေရဲ့ဘဝတွေလိုပဲ နှလုံးကြေကွဲ နာကျည်းစရာတွေချည့် ဖြစ်ခဲ့ရပါတယ်။ မေ့မရတဲ့ နိုင်ဝင်းဆွေ ဆိုတဲ့ စာအုပ်ကလေးကို ကိုင်ပြီး ကျနော်ဟာ နွေတညကို မေ့မရ၊ မသိန်းရှင်ဆီ ပို့ပေးပါကို မေ့မရ၊ အတွေးရေလျဉ်ဟာ ရေဆန်လမ်းကို ကျော်ဖြတ်လျက် မောဟိုက်နွမ်းလျလို့သာ နေပါတော့တယ်။

လင်းခါး

(ဆရာနိုင်ဝင်းဆွေ၏ ဘဝနောက်ဆုံးနေ့ရက်များ အဖြစ်အပျက်များကို မေ့မရတဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ၊ ကိုအောင် စာအုပ်မှ ကိုးကားပါသည်)

အမျိုးအစား -အက်ဆေး
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.