နွေနေလယ်၌ ဆောင်းဝင်စားသူ၏ ဘဝဇာတ်ကြောင်း
ကျနော် အမြဲသွားနေကျလမ်းမှာ ဆိုင်ထဲရှိနေသမျှကာလကလေးမှာတော့ အပြင်လောကနဲ့အဆက်အသွယ်ဖြတ်ထားမယ်လို့ ဆုံးဖြတ်ထားပုံရတဲ့ လူတွေရဲ့ အရက်ဆိုင်ကလေးတဆိုင်ရှိတယ်။ တံခါးက ခေါက်လို့ရတဲ့ သွပ်တံခါးတွေနဲ့၊ အရောင်ကိုတော့ အပြာရောင် သုတ်ထားတယ်။ သို့ပေမယ့် ဘယ်တော့မှ ရှိသမျှတံခါးအကုန်ဖွင့်ထားတယ်လို့ တခါမှ မမြင်ဖူးဘူး။ တံခါးတချပ်လောက်ကိုပဲ ခပ်ဟဟဖွင့်ထားလေ့ရှိတယ်။ ကျနော်ကလဲ စပ်စုတတ်တဲ့ကောင်စားဆိုတော့ အဲဒီရှေ့က ဖြတ်သွားတိုင်း ဟထားတဲ့ တံခါးရဲ့နောက်မှ တွင်းနက်ကြီးတခုများ ရှိလေမလားလို့ ဟာသအမြင်နဲ့တောင် တွေးမိပြီး လှမ်းလှမ်းချောင်းကြည့်တာပေါ့။ အဲဒီမှာ ဦးဆုံးမြင်ရတာကတော့ တံခါးမှာ သုတ်ထားတဲ့ ဆေးအပြာရောင်ထက်ရင့်တဲ့ ခရမ်းရောင်ဘက်ကိုတောင် ရောက်သွားတော့မတတ် စားပွဲပုကလေးတွေပဲ။ အများကြီး။ တကယ့်ကိုများတာ၊ ဆိုင်အဆောက်အဦ အကျယ်အဝန်းအနေနဲ့ ထည့်ထားလို့ရနိုင်ထက်တောင် စားပွဲတွေက ပိုများနေတယ်လို့ထင်မိတယ်။ နောက် အဲဒီစားပွဲတိုင်းရဲ့ အပေါ်မှာ ပုလင်းစိမ်းစိမ်းတွေ၊ ဘာစက္ကူအပတ်မှ မပါဘူး။ ပြီးတော့ အရောင်စုံ ကော်ခွက်ကလေးတွေ။ စားပွဲခုံတိုင်း ခုံတိုင်းရဲ့ပတ်ပတ်လည်မှာ ထိုင်ခုံပုကလေးတွေနဲ့ ထိုင်နေတဲ့ လူငယ် လူရွယ် လူလတ်တွေ။ အဲဒါနဲ့ပဲ ဒါဟာ အရက်ဆိုင်ကလေးတဆိုင်ပါလားလို့ ကျနော်သိသွားပြီး စပ်စုတတ်တဲ့ လူတွေရဲ့ အကျင့်တိုင်း သိလိုက်ရတော့လည်း ဘာရယ်မဟုတ်ဘဲ ကျေနပ်သွားတယ်။
နားမလည်တာက ဒီအရက်ဆိုင်ဟာ ရှိရှိသမျှ အရက်ဆိုင်တွေနဲ့ ခြားနားစွာ ဘယ့်နှယ့်ကြောင့် တံခါးတွေအကုန်ဖွင့်မထားဘဲ အဆောင်က ဖဲဝိုင်းလိုလို၊ သင်္ချိုင်းကုန်းနံဘေး ဂျင်ဝိုင်းလို ကြိတ်ဝိုင်းသဏ္ဌာန်ဖြစ်နေရသလဲဆိုတဲ့အချက်ပဲ။ လူငယ်တွေအများစုက စွပ်ကျယ်အင်္ကျီကလေးတွေ၊ ပုဆိုးလေးတွေနဲ့ မွန်မွန်ရည်ရည် ရူးရူးမူးမူးကလေးတွေပဲ။ အရက်ကလေးတခွက်ကောက်မော့လိုက် ပဲကြီးလှော်ကလေး ကျွတ်ကျွတ်မြည်အောင်ဝါးလိုက် (အဲဒီအသံက လမ်းပေါ်ကတောင် ကြားရတယ်) ဖုန်းကို ကန့်လန့်ထား လက်နှစ်ဖက်နဲ့ ပြန်ကိုင်ပြီး တခုခုကို သည်းကြီးမည်းကြီး ကြည့်နေလိုက်နဲ့။ ဂိမ်းဆော့သလား ဇာတ်ကားကြည့်သလားပါပဲ။ ဒီလိုချည့်သာဆို အလကားနေရင်း မားစ်တွေ ကမ္ဘာနဲ့ဆင်ဆင်တူတဲ့ ဂြိုဟ်အသစ် ဘာလို့ရှာဖွေလေ့လာနေရတော့မလဲ ဆိုတဲ့သဘောမျိုး။
မီးရော င်မှိန်မှိန်နဲ့ အဲဒီအရက်ဆိုင်အခန်းလေးကြောင့် အချိန်တွေတောင် ကွေးသွားမယ်ထင်တယ်။ ကွေးသွားတဲ့ အချိန်ရဲ့လမ်းကြောင်းကို အသုံးချပြီး အရက်သောက်ရင်း အတိတ်ကို ခရီးသွားမယ့် ရှက်ဘဲကြီးတွေလဲ ရှိမယ်။ အနာဂတ်ဆီ ခြေဆန့်မယ့် ကဇော်သမားလေးတွေလဲ ရှိမှာပဲ။ ဒါပေမယ့် အနာဂတ်က ဘာလုပ်ရမှာလဲ။ အများစုကတော့ အမေ့ဝမ်းထဲက ထွက်လိုက်တာနဲ့ ဗြွတ်ဆို ဒီအခန်းထဲ ရောက်လာရပုံမျိုး သက်သောင့်သက်သာရှိနေပုံကတော့ အမြဲ ဆိုင်ရှေ့က ဖြတ်သွားတိုင်း အပေါက်ကျဉ်းကျဉ်းကလေးထဲ လှမ်းငေးမိတဲ့ ကျနော့်အဖို့တော့ မနာလိုစရာချည့်ပဲ။ ဒါပေမယ့် အားလုံးဟာ ဒွိစုံလာတာ၊ အကောင်းရှိရင် အဆိုးရှိမယ်၊ ကြော်ငြာရှိရင် လူကိုဒုက္ခပေးတတ်တာတွေရှိမယ်။
အဲဒီအရက်ဆိုင်ကလေးဟာ မြို့အရှေ့နဲ့အနောက်တန်းတန်းဖောက်ထားတဲ့ လမ်းကလေးရဲ့ ဟိုးအရှေ့ဖျားဆုံးမှာ ရှိတာ။ မြို့ထဲကလူတ ွေအနေနဲ့ ရောက်ဖို့သိပ်ခဲယဉ်းထားတဲ့ အရှေ့ဖျားအဆုံးလေးမှာပဲ။ တောရွာဘက်တွေကနေ မြို့ထဲကို စက်ဘီးကလေးနဲ့ အလုပ်လာတတ်တဲ့ အရောင်းစာရေးမကလေးတွေနဲ့ တချို့လူတွေလောက်ကလွဲရင် ကျနော်လောက်သာ ဖြတ်လေ့ဖြတ်ထရှိတဲ့ လမ်းကလေးပဲ။ ခွေးလေခွေးလွင့်တွေကတော့ ဘယ်နေရာဖြစ်ဖြစ် ရောက်လာတတ်တာပါပဲ။ တခါတလေမှာ ခွေးကလေးတကောင်နှစ်ကောင်ဟာ ဟထားတဲ့ တံခါးပေါက်ရှေ့မှာ မတ်တပ်ရပ်လို့ အတွင်းကို ကျနော် လှမ်းလှမ်းငေးပုံမျိုးနဲ့ ငေးကြည့်နေတတ်တာကို မြင်ရသေးတယ်။ ကျနော်နဲ့ မတူတာကတော့ သူတို့က အမြည်းစကလေး တမျှင်နှစ်မျှင်ကျလာလေမလား စောင့်နေပုံမျိုးပါ။
တခါတုန်းကများဆိုရင် နွားကျောင်းသားကလေးတယောက်နဲ့ ဆိတ်ကျောင်းသားကလေးတယောက် တုတ်တချောင်း၊ ရေပုံးကလေးတပုံးစီကိုင်လို့ လမ်းနံဘေးက ခြုံထူထူထဲ သူတို့ရဲ့ ဆိတ်တွေ နွားတွေကို အတင်းမောင်းလွှတ်ရင်း အဲဒီဆိုင်ထဲ ဝင်သွားတာကို မြင်လိုက်ရသေးတယ်။ တိရစ္ဆာန်တိုက်ဖို့ ရေများဝင်ခပ်သလား၊ ဒါမှမဟုတ် ဟထားတဲ့ တံခါးပေါက်ကနေ အပြင်ဘက်ကို ဆိုင်ထဲက ထိုင်ငေးကြည့်ရရင် ဘယ်လိုများရှိမလဲ စူးစမ်းချင်တဲ့သဘောလားတော့ မသိဘူး။ ဆိုင်အတွင်းထဲ လှမ်းဝင်ရင်း နွားကျောင်းသားကလေးက ဆိတ်ကျောင်းသားကလေးဘက်ကို လှည့်လို့ မယားနဲ့နွား မသနားနဲ့ကွ သေတတ်တယ်လို့ ရယ်ရယ်မောမောပြောလိုက်တာလေးတောင် ကြားလိုက်ရသေးတယ်။ တကယ့်ကို ပျော်ပျော်ရွှင်ရွှင်ကလေးပါပဲ။
အဲဒီလိုနဲ့ပဲ ရက်တွေ စုတ်ဖြဲခံလိုက်ရတဲ့ စာရွက်စုတ်ကလေးတွေလို ဘယ်ရောက်လို့ ရောက်ကုန်တယ်မသိတော့ဘူး။ အရက်ဆိုင်ကလေးကတော့ ဘာစကားမှမဆိုဘဲ ရှိနေတုန်းပဲ။ ကျနော့်မှာ အဲဒီအရက်ဆိုင်ကလေးရှေ့ကနေ နေ့စဉ်ဖြတ်သွားနေရင်း တဖြည်းဖြည်း အဲဒီအရက်ဆိုင်ကလေးဆိုတာကို တချို့နေ့တွေမှာ မေ့မေ့သွားတဲ့အထိ၊ ကျော်သွားမှာ တဖန်ပြန် ခေါင်းငဲ့ကြည့်ရင်း ဟိုဆိုင်ကလေးတောင် ငါကျော်လာပါပေါ့လားလို့ တွေးမိသွားတဲ့အထိ ရိုးရိုးလိုက်လာတယ်။ ရုပ်ဆိုးဆိုး ခပ်ကြီးကြီး အရိပ်အာဝါသကောင်းကောင်းနဲ့ လမ်းဘေးက ထနောင်းပင်၊ ကုက္ကိုပင်များလိုပဲ ကြာတော့လည်း မြင်နေကျမို့ မဆန်းတော့သလိုပေါ့။ အရက်ဆိုင်မှန်း စသိသွားခါစနေ့တွေတုန်းကတော့ တနေ့နေ့တော့ ဒီဆိုင်ထဲကလူတွေရဲ့ ခံစားမှုမျိုးရဖို့ ဒီဆိုင်ကလေးထဲ အရက်၀င်သောက်ဦးမယ်လို့ တွေးခဲ့ဖူးပါသေးတယ်။
ဒါပေမယ့်လည်း တခါမှ ဝင်မသောက်ဖြစ်ပါဘူး။ အရက်ဖြူတွေ ကျနော်မကြိုက်တော့ဘူး။ အရက်ဖြူတွေကလဲ ဘဝမေ့တဲ့ကောင်လို့ တွေးပြီး ကျနော့်ကို ကြိုက်တော့မယ် မထင်ဘူး။ နောက်ပြီး ဆိုင်ထဲ ခွေးခြေပုကလေးပေါ်ထိုင်ရင်း တခုခုကနေ တိတ်တိတ်ဆိတ်ဆိတ်ကလေး ပုန်းခိုနေတဲ့ စုတ်ချွန်းချွန်းမျက်နှာတွေနဲ့ လျို့ဝှက်သော အရက်သမားများကလဲ လူစိမ်းဆိုရင် သိပ်ကြိုက်မယ်မထင်ဘူး။ မသိသေးတဲ့ ကိစ္စတခုကို ဒီလိုပဲဖြစ်မှာပါလို့ ဆုံးဖြတ်လိုက်တာ မကောင်းပေမယ့် အဲဒီဆိုင်ထဲ အရက်တခါလောက် ၀င်သောက်လိုက်ရုံနဲ့လည်း ကျနော့်ဘ၀အတွေ့အကြုံကြီးက ပြီးပြည့်စုံသွားမှာမှမဟုတ်ဘဲလို့ နှစ်သိမ့်လိုက်တယ်။ ဒါပေမယ့် နေ့စဉ်အဲဒီဆိုင်ကလေးရှေ့ကနေ ဖြတ်သန်းနေရင်း တပတ်တကြိမ်လောက်တော့ဖြင့် စိတ်ဝင်တစားနဲ့ ဆိုင်အတွင်းကို စပ်စုကြည့်တတ်မြဲပါပဲ။
တနေ့သောညနေခင်းမှာတော့ လယ်ကွင်းနဲ့ အမှိုက်ပုံကိုဖြတ်တိုက်လာတဲ့ လေကိုရှုရင်း ကျနော်လဲအရက်ဆိုင်ကလေးရဲ့ ဟထားတဲ့ တံခါးအပေါက်ထဲ မငေးချင်ဘဲ လှမ်းငေးလိုက်ချိန်၊ တံခါးတွေကို ဆေးပြာသုတ်ထားပေမယ့်လည်း နံရံတွေကို ဆေးသုတ်မထားလို့ ကွန်ကရစ်ရောင် ညို့ညို့ကြီးအောက်ကနေ ခွေးခြေပုကလေးပေါ်ထိုင်လို့ ဟထားတဲ့ တံခါးကြားမှ အပြင်ဘက်ကို လှမ်းငေးနေတဲ့ လူတယောက်ကို တွေ့လိုက်ရတယ်။ ကျနော်နဲ့သူ တစက္ကန့်ရဲ့ နှစ်ပုံတပုံအချိန်လောက်တော့ အကြည့်ချင်းဆုံသွားတာပေါ့။ တကယ့် ခဏလေးပဲ။ ဒါပေမယ့် ကျနော့်မှာ နောက်ပြန်ကျွမ်းထိုးမိတော့မတတ် လန့်သွားတယ်။ အဲဒီမှာ ခွေးခြေပုကလေးပေါ် ခြေထောက်တစုံလုံးပါ မရ အရတင်ပြီး အပြင်ကိုငေးနေတဲ့လူဟာ ကျနော်ပဲ ဖြစ်နေတယ်။
ကျနော်ပဲ ဖြစ်နေတယ်ဆိုတာ ဒီလိုပါ။ အခုလက်ရှိ ကျနော့်မျက်နှာ ကျနော့်ကိုယ်လုံးကိုယ်ထည်တော့မဟုတ်ဘူး။ ကျနော်ပဲဆိုပေမယ့် ကျနော့်နဲ့ ချွတ်စွပ်တော့ မဟုတ်ဘူး။ လူတွေဟာ တခါတရံ တခါတရံနဲ့ ဘဝမှာ အကြိမ်တော်တော်များများ ကိုယ်တချိန် အသက်ကြီးသွားတဲ့အခါ ဘယ်လိုနေမှာပါလိမ့်လို့ စိတ်ကူးဖူးကြမယ်လို့ ကျနော်တော့ ထင်တယ်။ မျက်နှာက ဘယ်လိုဖြစ်သွားမယ်၊ ဆံပင်ဖြူမယ် ထိပ်ပြောင်မယ်၊ ခါးကိုင်းမယ် စသဖြင့်။ ကျနော်ကိုယ်တိုင်လဲ မှန်ရှေ့မတ်တပ်ရပ်လို့ အဲဒီလိုစိတ်ကူးနဲ့ မျက်နှာကို အကြိမ်ကြိမ်ခန့်မှန်းပုံဖော်ကြည့်ဖူးတယ်။ ဆိုင်ထဲ ကျနော်မြင်လိုက်ရတဲ့မျက်နှာဟာ ကျနေိာတနေ့အသက်ကြီးသွားရင် ဖြစ်မယ်လို့ စိတ်ကူးထားတဲ့ မျက်နှာနဲ့ တထေရာတည်းဖြစ်လို့နေတယ်။ ကိုယ်တောင်မပိုင်သေးတဲ့ ကိုယ့်စိတ်ကူးထဲက ဇရာမျက်နှာကို သူများလည်ပင်းပေါ်မှာ မြင်ရတာလောက် ချောက်ချားဖို့ကောင်းတာ မရှိလောက်ဘူးလို့တောင် ထင်မိသွားတယ်။
အဲဒီလိုအံ့သြ ချောက်ချားရင်း ဆိုင်ကိုကျော်သွားလို့ နောက်ပြန်လှည့်လို့ ဆိုင်ထဲကို တခါပြန်လှမ်းကြည့်မိတယ်။ အဲဒါ ကျနော်ပါပဲ။ သေချာသပ သိပ်သေချာ။ တအံ့တသြနဲ့ ခပ်ကြာကြာစိုက်ကြည့်နေဦးမယ်လုပ်ပေမယ့် ဆိုင်ထဲ အခြားဝိုင်းက တယောက်က " ဟေ့လူ သွားစမ်းပါ ဘာကိစ္စတံခါးပေါက်မှာ လာပိတ်နေရတာတုန်း" လို့ ငေါက်လို့ ကျနော်လဲ အံ့သြချောက်ချားစိတ်ဖြစ်နေတုန်းမှာတောင် ကြောက်ကြောက်နဲ့ပဲ ဆက်ထွက်လာခဲ့ရတယ်။
အဲဒါ ကျနော်ပဲဖြစ်မယ်လို့ ကိုယ့်စိတ်ကိုယ်လိမ်မိတော့မတတ်အထိ ကျနော်နဲ့တူနေတဲ့လူမျိုး ဘဝမှာ တခါမှ မမြင်ဖူးခဲ့ဘူး။ အိုမင်းမှုကြောင့် တောက်ပမှုမဲ့သွားတဲ့ မျက်လုံးကလေးနှစ်လုံးကတောင် ကျနော့်ရဲ့ မျက်လုံးကလေးနှစ်လုံးလိုပဲဆိုတာကို အသေအချာမြင်လိုက်ရတာ။ အဲဒီအသေအချာ ခဏလေးမြင်လိုက်ရတဲ့ ကျနော့် မျက်လုံးကလေးတွေကနေ အဲဒီမျက်လုံးနောက်မှာ တည်နေတဲ့ ဘဝအဆောက်အအုံကြီးတခုရဲ့ တစွန်းတစကိုတောင် မြင်လိုက်ရသလို ရှိခဲ့တာပေါ့။ ပြောရခက်တဲ့ အစိတ်အပိုင်း တစွန်းတစကလေးပဲ။ အိုပြီဖြစ်တဲ့ ကျနော်တယောက် ဆိုင်အတွင်းမှာထိုင်ပြီး ဟနေတဲ့တံခါးပေါက်ကတဆင့် အပြင်ကို လှမ်းငေးကြည့်တဲ့အခါ ဘယ်လိုခံစားချက်မျိုး ဖြစ်နေမှာပါလိမ့်။ ကျနော် မြင်ရသလောက် ဘ၀အဆောက်အအုံကြီးရဲ့ အစိတ်အပိုင်း တစွန်းတစမှာတော့ ကျနော်ဟာ ကူကယ်ရာမဲ့နေလေရဲ့ သို့မဟုတ် လတ်တလော ထို အခန်းတွင်းကလေးမှာ ဖြစ်နေရှိနေရခြင်းတို့ကို ကျော်လွန် ပြီးမြောက်နေလေရဲ့ သို့မဟုတ် ကျေနပ်နေလေရဲ့ စသဖြင့် တခုခု စွတ်ရွတ်ပြောချလိုက်လည်း မှားတယ်ပြောရခက်တဲ့ အစိတ်အပိုင်းမျိုး။ အဲဒီထဲမှာ ထိုင်နေတဲ့ ကျနော်ဟာ အခု ကျနော်သာဆိုရင်တော့ အသေအချာပြောပြနိုင်မှာ။
လင်းခါး