ရေဒီယိုထဲက ခေတ်ကြီး
ကျနော့်မှာ ရေဒီယိုတလုံး ရှိခဲ့ဖူးတယ်။ ရေဒီယို တလုံး ဆိုပေမယ့် တလုံးပျက်ရင် တလုံး၀ယ်၊ တလုံးထပ်ပျက်တော့ နောက်တလုံး၀ယ်နဲ့ ရေဒီယိုနားထောင်တဲ့ နှစ်အနည်းငယ်အတွင်း စုစုပေါင်းဆိုရင်တော့ ငါးလုံး။ ကျနော့်မှာ ရေဒီယို ငါးလုံး ရှိခဲ့ဖူးတယ်ပေါ့။ အခုထက်ထိ ကျနော့်စာအုပ်တွေကြားမှာ ကျနော် နောက်ဆုံးသုံးခဲ့တဲ့ ကြက်သွေးရောင်ဖျော့ဖျော့ တက်ဆန်ရေဒီယိုလေးဟာ လိုင်းဖမ်းတဲ့ စတီးတိုင်လေး တ၀က်ကျိုးလျက် ငြိမ်ငြိမ်သက်သက် ရှိနေတုန်းပဲ။ တချိန်ချိန်မှာ ထပြီး ဂျစ် ဂျစ် ဂျစ် ဂျစ် မြည်ဖို့၊ မီးချောင်းအောက်မှာဆိုရင် သတင်းကြေညာသူတယောက် ကိုင်ထားတဲ့ စာရွက်တွေ မီးစွဲလောင်နေသလို တရှဲရှဲမြည်နေဖို့ စောင့်မျှော်နေတုန်းပဲ။ ဒါပေမယ့် ကျနော်ကတော့ အံ့သြဖို့ကောင်းလောက်အောင် ရေဒီယိုကို ငြီးငွေ့သွားခဲ့ပြီ။ တချိန်ကတော့ ရေဒီယိုတလုံးကို လက်မှာကိုင်ရင်း ဒေါသနဲ့ နာကျည်းခံခက်ဖြစ်ရင်းနဲ့ပဲ သေတဲ့တနေ့ကို ရောက်ရလိမ့်မယ်လို့ ထင်ခဲ့တာပဲ။ လုံးခြေပြီးသား စက္ကူကို ခေါက်ရာတွန့်ရာ မပါဘဲ ပြန်ဖြန့်ထားလိုက်ဖို့ မဖြစ်သလိုပဲ ရေဒီယို နားထောင်ချင်စိတ်ဟာ လုံးလုံးပျောက်ဆုံးသွားခဲ့တာပဲ။ ခေတ်က မပြောင်းလဲတာတွေ သိပ်များလွန်းလှပေမယ့် ပြောင်းလဲတာတချို့ကလည်း ပြောင်းလဲသွားပြီ။ ကြိုက်သည်ဖြစ်ဖြစ် မကြိုက်သည်ဖြစ်ဖြစ်ပေါ့။
ရေဒီယိုနားမထောင် ဖြစ်တာ ခုဆို ငါးနှစ်ရှိ သွားပြီ။ အင်္ကျီအဖြူ တမျိုးတည်းကိုပဲ စွဲမ၀တ်တော့ တာလည်း ငါးနှစ်။ မြို့အရှေ့ဘက်က တောင်ပေါ် မတက်ဖြစ်တော့လည်း ငါးနှစ်။ ငါးနှစ်အတွင်း ရေဒီယိုက လာနေကျ အစီအစဉ်တွေလည်း ပြောင်းလဲသွားလောက်ပြီပေါ့။ ငါးနှစ်အတွင်း မှတ်မိနေတဲ့ သတင်းကြေညာသူတွေရဲ့ နာမည်တွေလည်း မေ့လုလုပဲ။ ဒါပေမယ့် ရေဒီယိုတလုံးကို ကိုင်ရင်း (တခါတလေ အသံတိုးလွန်း လို့ နားနားကပ်ထားရင်း) ဆေးပေါ့လိပ်ဖွာရင်း ဘေးပတ်၀န်းကျင်တခုလုံးကို မေ့နေရင်း ဖော်လံဖားဇာတ် လမ်းတွေ၊ အပေါစားကြေငြာတွေ၊ ကြည့်ရှုစစ်ဆေးတွေ၊ စတဲ့ သိမ်ဖျင်းတဲ့ အစီအစဉ်တွေလုံးဝမပါတဲ့ ရေဒီယိုကို စွဲစွဲလန်းလန်း နားထောင်ဖြစ်တဲ့ ကာလကတော့ ခြောက်နှစ် ခုနစ်နှစ်လောက် ရှိလိမ့်မယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကတော့ ကျနော့်အတွက် ရေဒီယိုဟာ အလင်းရောင်တစပဲ။ အဖိနှိပ်ခံလူထုကို ကိုယ်စားပြုထားတဲ့ အသံတွေပဲ။ ဖတ်ဖူးတဲ့ စာတွေထဲက ဘယ်သူရေးမှန်း ရေးသူကို မမှတ်မိတော့ပေမယ့် မှတ်မိနေတဲ့ ဝါကျတကြောင်းလို `တော်လှန်ရေးကြီးကို တီဗွီက တိုက်ရိုက်မလွှင့်ဘူး` ဆိုပေမယ့် တော်လှန်ရေးကြီးတခုလုံးကို ရေဒီယိုက တိုက်ရိုက်လွှင့်လိမ့်မယ် အထင်နဲ့ ညနေ ညနေဆို မျှော်လင့်ချက် ကြီးစွာ နားထောင်နေခဲ့မိတာပဲ။
အဲဒီတုန်းကတော့ အစိုးရထုတ် သတင်းစာတွေရဲ့ နောက်ကျောမှာ VOA လိမ်နေသည် RFA ညာနေသည် BBC ရန်တိုက်နေသည် စသဖြင့် လှိမ့်လုံး ခြောက်လုံး ဖြီးလုံးတွေနဲ့ပေါ့။ သတင်းစာတွေရဲ့ ရှေ့မျက်နှာဖုံးမှာတော့ `လိုအပ်သည်များ မှာကြား`၊ `နိုင်ငံတော်ကြီး အံ့သြတုန်လှုပ်ရလောက်အောင် တိုးတက်ဖွံ့ဖြိုးနေ` ဆိုတာတွေနဲ့၊ လူတွေဟာလည်း သိပ်သည်းလှတဲ့ အမှောင်ထဲမှာ ငြိမ်၀ပ်ကြပ်ညပ် ပိပြားနေတာတွေနဲ့၊ ထောက်လှမ်းရေးနဲ့ ရဲထက် ရပ်ကွက်ထဲက သတင်းပေးဆယ်အိမ်ခေါင်းကို ပိုပြီး ကြောက်ရတာတွေနဲ့၊ ငွေမှင်သုတ်ထားတဲ့ ကဗျာတွေနဲ့၊ စာမျက်နှာအကျော်အခွတွေနဲ့၊ ခွေးရူးထက် ဘုမသိဘမသိ ကွန်မြူနစ်ကို ပိုကြောက်နေကြတာတွေနဲ့၊ ထုတ်ဝေခွင့် ပိတ်ထားလို့ ခိုးဖတ်ရတဲ့ ပထမအကြိမ်ထုတ် စာအုပ်ညိုညစ်ညစ်တွေနဲ့၊ နောက်ပြီး သေတ္တာတွေရဲ့ အောက်ဆုံးမှာ လျှို့ဝှက်သိမ်းဆည်းထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူအဟောင်းတွေနဲ့၊ ဘာသာရေးအယူသီးမှုတွေ၊ အနက်လွဲ ကောက်ယူမှုတွေနဲ့၊ အဲဒီတုန်းက လူ့ဘ၀ဟာ ဘယ်သူမှမသိဘဲ ဒဏ်ရာအနာတရနဲ့ တအီအီ ညည်းနေတဲ့ လမ်းဘေးက လေလွင့်ခွေးတွေလိုပါပဲ။ ဒါပေမယ့် တအီအီညည်းနေတဲ့ ခွေးလိုဘဝတွေကို အဆိပ်ကျွေးသတ်သူတွေကလည်း ရှိခဲ့တာပါပဲ။
၂၀၀၆ ခုနှစ် အလယ်လောက်မှာ ကျနော် ရေဒီယို စနားထောင်ဖြစ်ခဲ့တယ်။ အစပိုင်းကတော့ (အဲဒီအချိန်တွေတုန်းက သံုံးလေးထောင်တန် ရေဒီယိုတလုံးကိုတောင် ၀ယ်နိုင်လောက်အောင် အခြေအနေ မရှိခဲ့တော့) ဘ၀တလျှောက်လုံး ရေဒီယိုနဲ့သာ ဖြတ်သန်းလာခဲ့တယ် ထင်ရတဲ့ ဆရာတယောက်အိမ်ကို ညနေဆိုရင်သွား သူနဲ့နှစ်ယောက်သား ခေါင်းချင်းထိမတတ် အသံကို ကုန်းနားစွင့်ရင်း နားထောင်ခဲ့ရတာပါပဲ။ နှစ်ယောက်သား တောက်တခေါက်ခေါက်၊ အံတကြိတ်ကြိတ်၊ ခံပြင်းစိတ်နဲ့ စားပွဲခုံကို တဒုန်းဒုန်း ထုခဲ့ဖူးတယ်။ နာကျည်းစိတ်နဲ့ ထရံကို လက်သီးနဲ့ ထိုးခဲ့ဖူးတယ်။ နောက်ပိုင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော် လှန်ရေး မဖြစ်မီ ဖြစ်တော့မယ်ဆဲဆဲ လနည်းငယ်လောက်မှာ အပေါစားရေဒီယိုကလေးတလုံး မဖြစ် ဖြစ်အောင် ဖြစ်ညှစ်၀ယ်ပြီး ကျနော်တယောက်တည်း ကျနော့်အလုပ်ဆိုင်ကလေးရှေ့မှာ ထိုင်နားထောင်ရင်း တချို့သတင်းတွေကြောင့် မျက်ရည်ကြိတ်ကျခဲ့ဖူးတယ်။ အဲဒီနေ့တွေတုန်းကတော့ ကျနော်တို့ဟာ တကယ့်ကို မျှော်လင့်ချက်မဲ့ခဲ့ရတာပါပဲ။ တကယ့်ကို ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးတွေ ဖြစ်ခဲ့ဖူးတာပါပဲ။ စဉ်းစားကြည့်တော့ အဲဒီတုန်းက အဖြစ်ဆိုး သတင်းဆိုးတွေကို နားနဲ့ နားထောင်မိ ခံစားမိသူတယောက်မှာ တောင်မှ ခွေးတကောင် ချောင်အပိတ်ရိုက်ခံရသလို ခံစားခဲ့ရတယ်ဆိုရင် အဲဒီအချိန်က လက်တွေ့ စစ်ဖိနပ်နဲ့ အကန်ခံ သေလုမျောပါးဖြစ်အောင် အနှိပ်စက်ခံသူတွေရဲ့ ခံစားမှုဟာ ဘယ်လိုနေမယ် တွေးကြည့် ဖို့တောင် ခဲယဉ်းမယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီရာဇ၀တ်မှုတွေအတွက် တရားမျှတမှု ဆိုတာကတော့ ယနေ့အချိန်ထိ ရင်ကြားစေ့ရင်း ပျောက်ဆုံးနေဆဲပါပဲ။
သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးနဲ့တုတ် ရိုက်နှက်တာတွေ၊ ဘုန်းကြီးကျောင်းကို သူပုန်စခန်းလို ၀င်စီးခဲ့တာတွေ (နောက်ပိုင်း ခိုးရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းတွေ ပြန်ကြည့်မိတော့လည်း နာကျင်မျက်ရည် ကျခဲ့တာပဲ) အဲဒီအချိန်က အမေရိကားရောက်နေတဲ့ အဆိုတော်ကြီး ဒေါ်မာမာအေး သီဆိုတဲ့ အသည်းနာ ကမ္ဘာမကြေကို နားထောင်ရင်း ဗုံးတလုံးပေါက်ကွဲသလို ရင်ထဲက နေရာတော်တော်များများမှာ စူးနင့်နာကျင် ခဲ့ရတာပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ၀တ်ခဲ့တဲ့ အင်္ကျီဖြူကလေးတွေကတော့ မီးခိုးရောင်သမ်း မှိန်ဖျော့သွားခဲ့ပါပြီ။ သို့ပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက အဖြစ်အပျက်တွေ သတင်းတွေကတော့ စစ်အာဏာရှင်ကို အန်တုတဲ့ ၀င်းလက်တဲ့ သမိုင်းတခုအဖြစ် အမြဲကျန်ရစ်နေတော့မှာ။
ဟိုတုန်းက ရေဒီယိုတလုံးအကြောင်း၊ ဟိုတုန်းက ရေဒီယိုက ထွက်လာတဲ့ သတင်းတွေအကြောင်း ပြန်ပြောရရင်တော့ ဖြူမည်းဓာတ်ပုံတွေထဲက လူမည်း ကျွန်တယောက်ရဲ့ ကိုယ်ပေါ်က အရှိုးရာတွေကို ကြည့်ရသလို၊ ကမ္ဘာစစ်အတွင်း ဂျူးတွေရဲ့ ဘ၀ဇာတ်လမ်းကို ရိုက်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်ရသလို စိတ်မချမ်းမြေ့ဖွယ်တွေကပဲ အများစုဖြစ်နေဦးမှာပါပဲ။ ဟိုတုန်းကတော့ အဲဒီ အသံလွှင့်ချက်တွေကို နားစွင့်ရင်း အနိဌာရုံတွေကို မြင်ယောင်ကြည့်ရင်း လူထုအတွက်လို့ ယုံကြည်သက်ဝင်မှုနဲ့ ကဗျာတွေရေးခဲ့တာပဲ။ ကဗျာရေးပြီး ဘယ်လိုပဲ ဖြေသိမ့်ဦးတော့ မိတကွဲ ဖတကွဲ ဖြစ်ကြရတဲ့ ဘဝဇာတ်လမ်းတွေ၊ ဒီမိုကရေစီဆိုတာအတွက် ဘဝရော အသက်ပါ ပေးဆပ်လိုက်ရတဲ့ လူမသိသူမသိ အညတရဇာတ်လမ်းတွေ၊ တိုင်းပြည်ကြီး တိုးတက်နေပါတယ် ဆိုတဲ့ ကြေညာချက်တွေအောက်က အသက်အန္တရာယ်ကို အပြင်းအထန်ခြိမ်းခြောက်နေတဲ့ ဆင်းရဲမွဲတေမှုတွေ၊ ပြားပြားဝပ်သွားတဲ့ လူ့ဂုဏ်သိက္ခာတွေ စသဖြင့်အကြောင်းတွေဟာ ခေါင်းကို သံမှိုနဲ့ နှက်နေသလို ပြင်းပြင်းထန်ထန်ကြေကွဲရ ယူကျုံးမရ ဖြစ်နေမိတာပါပဲ။ အုပ်ချုပ်သူ/အုပ်စိုးသူလူတန်းစားဆိုတာ ဘယ်လို နှလုံးသားတွေနဲ့နေထိုင်ကြတယ်ဆိုတာကို နားလည်လာရတာပါပဲ။
၂၀၀၈မှာ ဖြစ်သွားတဲ့ လူသိန်းနဲ့ချီသေဆုံးခဲ့ရတဲ့ ချောက်ခြားဖွယ် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်သွားခဲ့တုန်းက အံ့သြတုန်လှုပ်ရတာတွေ၊ ရေဒီယိုလိုင်းတွေထဲမှာ လာဖမ်းမိနေတဲ့ မုန်တိုင်းပြယ်စ အချိန်မှာ ဆက်သွယ်ပြောဆိုကြတဲ့ သတင်းမေးကြတဲ့ ဖုန်းပြောသံတွေ၊ (အဲဒီတုန်းက ရေဒီယိုမှာ မိနေတဲ့ ဖုန်းပြောသံတခုမှာ မိသားစုအတွက် စိုးရိမ်ကြောက်လန့်နေတဲ့ ယောက်ျားတယောက်ရဲ့ ငိုသံကို ထိတ်လန့်စွာပဲ ကြားခဲ့ရတယ်)၊ မြန်မာပြည်အလယ်ပိုင်းက ကျနော်အပါအဝင် လူတော်တော်များများဟာ သူတို့အတွက် မုန်တိုင်းကအဖျားခတ်သလောက်ပဲ ရှိခဲ့တော့ အပျက်အစီး အဆုံးအရှုံး လူအသေအပျောက် သတင်းအမှန်ကို မသိရ ဖြစ်နေချိန် ပြည်ပရေဒီယိုကလာတဲ့ သတင်းကို ကြားသိရချိန်မှာ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရတယ်။
အဆိုးဝါးဆုံးကတော့ အဲဒီကာလက အစို းရသတင်းစာရဲ့ ဆောင်းပါးတခုမှာ ``နာဂစ်ဖြစ်လိုက်တော့ အိမ်ရှေ့ကသစ်ပင်ကြီး လဲသွားလို့ အရင်တုန်းကဆို အိမ်ကနေ မမြင်ရတဲ့ ရွှေတိဂုံဘုရားကြီးကို ရှင်းရှင်းလင်းလင်း ဖူးမြင်ရပြီဖြစ်လို့ နာဂစ်မုန်တိုင်းကို ကျေးဇူးတောင် တင်မိတယ်``၊ ``မုန်တိုင်းဒဏ်ခံ ဒေသက လူတွေအဖို့လည်း အစားအသောက်အတွက် ဘာမှ ပူစရာမရှိ ဖားရိုက်ငါးရိုက် စားရင်တောင် ဖြစ်ပါတယ်`` ဆိုတဲ့ စာသားတွေ၊ ရည်ရွယ်ရင်းတွေနဲ့ ကြောက်စရာကောင်းလောက်တဲ့ အရေးအသား တခုကို ဖတ်လိုက်ရတာပါပဲ။ အဲဒီလောက်တောင် ရုပ်ပျက်ဆင်းပျက် သတင်းလိမ်၊ သတင်းအမှောင်ချတဲ့ တိုင်းပြည်မှာ အဲဒီတုန်းကတော့ ပြည်ပအသံလွှင့်ဌာနတွေသာ အားထားရာ ဖြစ်ခဲ့တာပါပဲ။ ကျနော့်အတွက် အဖော်ပြုစရာ ဖြစ်ခဲ့တာပါပဲ။
ကျနော်ဟာ ညနေ ငါးနာရီခွဲခါနီးဆိုရင် (ထပ်တိုးအချိန် နာရီ၀က်ရှိစဉ်က) ကွန်ပျူတာဆိုင် အလုပ်တွေအကုန် ပစ်ချ၊ သစ်သားတန်းလျားကလေးပေါ် တင်ပျဉ်ခွေထိုင်၊ ဘေးမှာ ဆေးပေါ့လိပ်နဲ့ မီးခြစ်အသင့်ချရင်း တဂျစ်ဂျစ်မြည်သံအကြား ရေဒီယိုက ဘီးလုံးကိုလှည့်ရင်း လိုင်းစဖမ်းပြီ။ တခါတလေ တန်းလျားပေါ်မှာ ပက်လက်၊ ဆေးလိပ်မီးခိုးတွေ လွှတ်တင်ရင်း၊ မျက်လုံးကိုမှိတ်ရင်း မကြည်လင်တဲ့ အသံကို အားစိုက်နားထောင်ရင်း VOA, BBC, RFA တို့နဲ့ ည ရှစ်နာရီအထိ ရောက်သွားတော့တာပဲ။ ညကိုးနာရီမှာ လာတဲ့ ဒီဗွီဘီကတော့ များသောအားဖြင့်တော့ နားထောင်လို့မရအောင်ကို အသံမကြည်လို့ နားမထောင်ဖြစ်တာ များတယ်။
အရင်တုန်းကဆိုရင် RFA ဟာ ရေဒီယိုအစီအစဉ်တွေမစခင် သီချင်းတပုဒ် အရင်ဆုံးလွှင့်တတ်တော့ အဲဒီကလွှင့်တဲ့ သီချင်းကို နားထောင်ရင်းမှ ကျနော်ဟာ သွေးမုန်တိုင်းကို သိခဲ့တာ၊ ဒေါင်းတမန်ကို သိခဲ့တာ၊ လူငယ်ခြေကျ ကို သိခဲ့တာ၊ မိုးလုံးမှိုင်းကို သိခဲ့တာ၊ ထူးအိမ်သင်ရဲ့ အရေးကြီးပြီကို သိခဲ့တာ စသဖြင့် မွန်းအောင်ကို သိခဲ့တာပေါ့။ ဆရာကြီးဒဂုန်တာရာကို အပြင်မှာ သက်ရှိထင်ရှားတုန်းက မဆုံဖူးလိုက်ပေမယ့် ကြည်ပြီရှင်းနေတဲ့ စကားပြောသံကို ရေဒီယိုကလာတဲ့ အင်တာဗျူးတွေမှာ ရင်းနှီးကျွမ်း၀င်ခဲ့တာ။
ရေဒီယိုနားမထောင်ဖြစ်တာ ကြာခဲ့ပြီ ဆိုတာတောင်မှ ကျနော်ဟာ ယနေ့အထိ ကျနော်အကြိုက်ဆုံး ရေဒီယိုအစီအစဉ်တွေဖြစ်တဲ့ ဦးအောင်ခင်ရဲ့ စာအုပ်စင်ကို မမေ့သေး၊ ဒေါ်မာမာအေးရဲ့ ပြောပြစရာတွေ တပုံကြီးရှိသေးတယ် ကို မမေ့သေး၊ လှည်းတန်း စျေးသူ မသဲအူရေး ဒေါ်ငြိမ်းရွှေဖတ်ကြား လမ်းဆုံက ဂျမ်းပုံကို မမေ့သေး၊ ကဗျာဆရာမောင်လွမ်းဏီရဲ့ ဒုက္ခကို ပျားရည်စမ်း၍ ကို မမေ့သေး၊ ဆရာဦး၀င်းဖေရဲ့ ၀င်းဖေ လွယ်အိတ်ကို မမေ့သေး။ ဆရာမနှင်းပန်းအိမ်ရဲ့ အမှောင်ကြားက သူရဲကောင်းတို့ တိုင်းပြည်ကို မမေ့သေး၊ သုတစုံလင် အမေရိကန်တခွင်ကို မမေ့သေး၊ VOA က သ ူယုံကြည်ရာ ကဏ္ဍကို မမေ့သေးဘူး။
VOA ရဲ့ အစီအစဉ်ဖြစ်တဲ့ သူယုံကြည်ရာကဏ္ဍမှာ ဆိုရင် ကျနော်ကိုယ်တိုင်ပဲ ဆရာဗန်းမော်တင်အောင်ရဲ့ ``လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးကနေ သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာ၀န်ကို သူ ဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ`` ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး အဲဒီစကားဟာ ကျနော် အနှစ်သက်ဆုံး၊ အယုံကြည်ဆုံး၊ ကျနော့်အပေါ် အလွှမ်းမိုးဆုံး စကားတခွန်းဖြစ်ခဲ့ကြောင်း ၀င်ရောက် ပြောဖြစ်ခဲ့သေးတာပေါ့။
ရေဒီယိုအချိန်မှန် အမြဲနားထောင်ခဲ့တဲ့ အဲဒီအချိန်တွေတုန်းကတော့ အသံလွှင့်သူတွေရဲ့ အသံကို အမြဲကြားနေရတော့ အပြင်မှာ လူချင်းမမြင်ဖူးမဆုံဖူးပါဘဲ ငယ်ပေါင်းကြီးဖော်တွေလို ခံစားလာရပြီး ရင်းနှီးခင်မင်စိတ်တွေ ဖြစ်လာခဲ့တဲ့ အထိပဲ။ အဲဒီစိတ်ဟာ ဘယ်လောက်အထိ ဖြစ်သလဲဆိုရင် ကျနော့်ရဲ့ ပထမဆုံး ကဗျာစာအုပ် ၂၀၁၁ ခုနှစ်မှာ ထွက်တော့ အလွတ်ရနေ ရင်းနှီးခင်မင်နေတဲ့ အသံလွှင့်သူတွေရဲ့ နာမည်တွေ (လူနှစ်ဆယ်လောက်တော့ ရှိမယ်) စာအုပ်မှာရေး၊ အမှတ်တရ လက်မှတ်ထိုးပြီး အမေရိကအထိ စာအုပ်တွေ ပို့ပေးခဲ့တာပဲ။ အဲဒီစာအုပ်တွေ သူတို့ဆီ ရောက်မရောက်ကတော့ ယနေ့အချိန်အထိလည်း မသိရပါဘူး။ အမေရိကန်သံရုံးကတဆင့် လိပ်မူပြီး ပို့လိုက်တာဆိုတော့ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်အထိကတော့ ရောက်မယ်လို့ပဲ ထင်နေမိခဲ့တာ။ အခုတော့ မသေချာတော့ပါဘူး။ ကျနော့် ကဗျာစာအုပ်တွေဟာ အဆောက်အဦတခုရဲ့ ချောင်တချောင်မှာ ပုံလျက်သားလေး ရှိနေမယ်လို့ မျက်စိထဲမှာ မြင်ယောင်လို့သာ နေတော့တယ်။
ခုတော့ ရေဒီယိုနားမထောင်ဖြစ်တာ ငါးနှစ်ကျော်ခဲ့ပြီ။ ကျနော် နောက်ဆုံးကိုင်ခဲ့တဲ့ ရေဒီယို ကလေးဟာလည်း စာအုပ်စင်ကြား ဖုန်အလိမ်းလိမ်းတက် ငြိမ်သက်နေခဲ့ရတာ အတော်ကြာသွားခဲ့ပြီ။ ရေဒီယို နားမထောင်ဖြစ်တော့တဲ့ အကြောင်းတွေကတော့ အများကြီးပဲ။ ဒီနေ့ခေတ်မှာ အရင်ခေတ်တွေကလောက် သတင်းအမှောင်ချခြင်း သိပ်မရှိတော့တာလည်း ပါတာပေါ့။ (သိပ်မရှိဆိုပေမယ့် ရှိတာတွေကတော့ ရှိဆဲပါပဲ)။ ပုဂ္ဂလိကသတင်းစာတွေ ဂျာနယ်တွေ အတော်များများ ထွက်လာပြီ။ အရင်လို ပုဂ္ဂိုလ်ရေးတိုက်ခိုက်စာ၊ အပုပ်ချစာတွေကို အားကစားစာစောင်တောင် မချန် မထည့်မနေရ ဖိအားပေးထည့်ခိုင်းလို့ ထည့်ရတဲ့ အဖြစ် မရှိတော့ဘူး။(ထင်တာပဲ) အွန်လိုင်းကနေ ဖေ့စဘွတ်ကနေ သတင်းတော်တော်များများကို မိနစ်မခြား ဖတ်ရှုနိုင်ပြီ။ (လန်ကြုပ်တွေ ဝါဒဖြန့်တွေကို ဆင်ခြင်တုံတရားနဲ့ စိစစ်ရမှာကတော့ ကိုယ့်အပိုင်းပေါ့။) နောက်တချက်က အရင်က ပြည်ပအသံလွှင့်ဌာန ရေဒီယိုလှိုင်းတွေကို ရစရာမရှိအောင် ဆဲဆိုကြိမ်းမောင်းသူတွေကအစ အဲဒီရေဒီယိုလှိုင်းတွေရဲ့ အသံလွှင့်အစီအစဉ်တွေမှာ တခါတခါ မတော်မတည့်အပြောအဆိုတွေနဲ့ ပါလာတာတွေကလည်း စိတ်ကုန်လာစေတဲ့ အချက်ပဲ။ မတူကွဲပြားခြင်းကို လက်ခံတယ်ဆိုပေမယ့် ကြမ်းပိုးမြင်နေရက်နဲ့ လိပ်ပေါက်စလေးပါရယ်လို့ ဗြောင်လိမ်ဗြောင်စား မျက်နှာပြောင်တိုက် စကားလုံးတွေကိုတော့ မတူကွဲပြားခြင်းရယ်လို့ လက်ခံနားထောင်နိုင်လောက်အောင် မဖြစ်နိုင်ဘူးလေ။ မရင့်ကျက်ဘူးလို့ အပြစ်တင်လည်း ဘာမှပြောစရာမရှိ။
အဲဒီလိုနဲ့ပဲ ရေဒီယိုနဲ့ ဝေးသွားခဲ့တာ။ ရေဒီယိုဇာတ်လမ်း တခန်းသိမ်းခဲ့တာပါပဲ။ တခါတလေတော့လည်း အဖိုးကြီးတွေသာ ကိုင်ပြီးနားထောင်တတ်တဲ့ ရေဒီယိုတလုံးကိုင်ပြီး မှုန်ကုပ်ကုပ် ထိုင်နေတတ်တဲ့ အသက်နှစ်ဆယ်အရွယ် ချာတိတ်တယောက်ကို၊ ရေဒီယိုနဲ့ လူငယ်လေးတယောက်ကို (ကိုယ့်ကိုယ်ကိုယ်) ပြန်လွမ်းမိပါတယ်။ အဲဒါတွေအပြင် အဲဒီအချိန်တွေဆီက ပြည်ပအသံလွှင့်ဌာနတွေက သူတို့ရဲ့ မကောင်းသတင်း ဖွင့်ချမှုတွေ များလာတော့ သတင်းစာတွေကနေ ဆဲဆိုကြိမ်းမောင်းရုံတင် အားမရ ရေဒီယိုနားထောင်သူတွေကိုပါ ရန်ရှာခြိမ်းခြောက်ချင်တဲ့ ``ရေဒီယိုလိုင်စင်မရှိဘဲ တရားမ၀င်နားမထောင်သူများကို အရေးယူမည်`` ဆိုတဲ့ လုပ်ရပ်မျိုးကို ပြန်သတိရမိတော့ တော်တော်လဲ တတ်နိုင်တဲ့ လူတွေပဲလို့ တွေးရင်း စက်ဆုပ်ရွံရှာမှုနဲ့အတူ သက်ပြင်းသာချမိတော့တယ်။ ရေဒီယိုထဲက ခေတ်ကြီး ပြီးပါပြီလား။
လင်းခါး
၂၀၁၈ ဖေဖော်ဝါရီ ၁၁