● ရေသေအိုင်ရောက် အမှတ်တရ
ကျနော့်မှာ နားနေချိန်ရယ်လို့မရှိတာ တနှစ်လောက်တောင် ရှိသွားပြီ။ ကျနော် အမြဲတမ်းအားနေတာ ကျနော့်အလုပ်က ကလေးထိန်းတာ စာဖတ်တာနဲ့ လျှောက်တွေးတာ ဒါပဲရှိတယ်။ အမြဲတမ်းအားနေတော့ အမြဲတမ်းက နားနေချိန်လို ဖြစ်နေတော့ နားနေချိန်ဆိုတဲ့ အလုပ်လုပ်စရာ တပြုံတခေါင်းကြီးကို ပြီးအောင်လုပ်ပြီး အလုပ်တွေတော့ပြီးပြီ အေးအေး ဆေးဆေး အနားယူပစ်မယ်ဆိုတာမျိုးမရှိတော့။ နားနေချိန်အရသာဆိုတာကို မသိတော့ဘူးလေ။ အမြဲတမ်းကြီး တွေးနေ တော့ လေးလေးနက်နက်လည်း ဘာမှမရှိတော့ဘူး။ ဘာမှမဟုတ်တာတွေကို လျှောက်တွေးနေသလိုတောင် ဖြစ်နေတယ်။ ခွေးပေါက်စလေးတွေအကြောင်းကိုတွေးတယ်။ ဗာဒံပင်အကြောင်းကိုတွေးတယ်။ ခွေးငါးကောင်မွေးတဲ့ ခွေးမကြီး သင်္ချာမ တတ်တော့ သူ့ခွေးလေးနှစ်ကောင်ကို မရှိတော့တာ မသိ၊ မသိတော့ ခွေးမကြီးမှာ သားသေလို့ဘာညာ ဘယ့်နှယ့်မှ မခံစား ရတာကို တွေးမိတယ်။ အုတ်ကန်ပေါ်ကို တညလုံး တရွေ့ရွေ့တက်လာပြီး မနက်ရောက်တော့ ကျနော် ခွာချလိုက်လို့အောက်ပြန်ရောက်သွားတဲ့ခရုကောင်ရဲ့အချည်းနှီးဖြစ်ရခြင်းကို တွေးတယ်။
စိတ်ပျက်စရာတွေချည့်ပဲ။ အရာရာကို အပျက်ဘက်ကပဲ မြင်နေရသလို ဖြစ်နေတယ်။ ကိုယ့်မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးလို့ထင်နေတာတွေကလည်း ကိုယ်ထဲကနေ တနေ့ နည်းနည်းချင်း စိမ့်စိမ့်ထွက်နေကြတယ်လို့ထင်လာတယ်။ အရင်တုန်းက လုပ်ခဲ့တာတွေ ဘာတွေကလဲ ဘာမှ အဓိပ္ပာယ်မရှိတော့သလိုပဲ။ ငါဟာ ဘာကောင်မှလည်း မဟုတ်ပါလားလို့တနေ့သုံးကြိမ်လောက် တွေးမိနေတယ်။ အဲဒါ သိပ်မကောင်းဘူးဆိုတာ သိတယ်။
ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲက စိတ်ပျက်စရာအကောင်းဆုံးအခန်းတွေကို ထပ်တလဲလဲ ပြန်ပြန်မှတ်မိနေတယ်။ ရှက်တာအိုင်း လန်းဇာတ်ကားထဲမှာ အလုပ်ကပြန်လာတဲ့ လီယိုနာဒိုဟာ ဘယ်တုန်းကမှ သူ့ကလေးတွေကို ရှေ့က ရေကန်ထဲမှာ အလောင်းအဖြစ်လိုက်ဆယ်ရမယ့်လို့တွေးမိမှာ မဟုတ်ဘူး။ နောက်ပြီး ကလေးသူငယ်တွေရဲ့အလောင်းတွေ။ ဦးနှောက်သေသွား ပြီဖြစ်တဲ့ ဖောက်ပြန်သူဇနီးဘေးက ဂျော့ကလူးနီ။ မြစ်ကမ်းဘေးလမ်းက ရှင်းတယ် အဲဒီကသွားလို့ပြောလိုက်လို့မြူတွေဆိုင်းနေတဲ့ မြစ်ဘေးက သွားမိတဲ့အခါ အလောင်းတွေအများကြီး တက်ကြိတ်မိတဲ့ ဟိုတယ်ရဝမ်ဒါထဲက အခန်းကို မှတ်မိတယ်။ ပြန်ပေးဆွဲသမားတွေက အခေါင်းထဲထည့် မြေမြှုပ်ထားခဲ့လို့ဖုန်းတလုံး မီးခြစ်တလုံးနဲ့ ပိတ်မိနေတဲ့အမေရိကန်တယောက် စသဖြင့် မွန်းကြပ်စရာတွေ။ ကျနော်ဖြင့် စိတ်တော်တော်ပျက်မိနေမိပြီ။
ကျနော့်မှာဖြင့် စိတ်ပျက်စရာခံစားမှု စိတ်ပျက်စရာ အကျိုးအကြောင်းချည့်ပါပဲ။
သူ့ဘာသာသူ အေးအေး လေးလေး ကွေးကွေးနေကြတဲ့ ဂိတ်တဲစောင့်အဘိုးကြီးသုံးယောက်ကို ချောက်တွန်းတဲ့ ပေါ့ပျက် ပျက်ကောင်တကောင်။ ပေါင်မုန့်အိတ်ချည်တဲ့ကြိုးတွေ သိတယ်မဟုတ်လား။ ရွှေရောင်လေ။ အဲဒါကို နေပူပူလမ်း ထိပ်မှာ သေချာချထားခဲ့ပြီး ဟိုထိပ်မှာဗျာ ရွေဆွဲကြိုးလားမသိဘူး ကျနော်တွေ့ခဲ့တယ်လို့။ တလ တသိန်းလောက်ပဲလစာရှိတဲ့ အဘိုး ကြီးသုံးယောက်ကို ကားပေါ်ကနေ အမှုမဲ့အမှတ်မဲ့ ပြောခဲ့လိုက်တယ်။ သနားစရာအဘိုးကြီးသုံးယောက်ဟာ တပတ်လုံးလုံး နေ့ရောညပါ လူမသိသူမသိအောင် သွားသွားရှာကြတယ်။ မတွေ့ဘူး။ တွေ့တဲ့အခါကျတော့ ခုနက ကျနော်ပြောတဲ့ ပေါင်မုန့် ချည်တဲ့ ရွှေရောင်ကြိုး ဖြစ်နေတယ်။ အဲဒီအဖြစ်အပျက်ကို အစအဆုံးလိုက်ချောင်းကြည့်ပြီး ကြိတ်ရယ်နေတဲ့အဲဒီကောင်ကို ကျနော် ပါးတွေနားတွေ ရိုက်ပစ်ချင်တာ။ အသားတွေတောင် တဆတ်ဆတ်တုန်တယ် ဆိုတာမျိုး။ အဲဒါဝတ္ထုတပုဒ်ပဲလေ။ နောက်ဆုံးမှာ ဘာမှဖြစ်မလာဘူးဆိုတဲ့ဝါကျကို အကောင်းဆုံးဖော်ကျူးပြသကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေလိုမျိုးပဲလေ။ ပြီး တော့ ဘာမှ ဆက်မဖြစ်တော့ဘူးဆိုတာပေါ့။
ကျနော့်အိမ်ကတန်းလျားဆိုတော့ ဘေးမှာ နှစ်အိမ်ကပ်လျက် ရှိတယ်။ တအိမ်နဲ့တအိမ် ထရံနဲ့သုံးထပ်သားပဲ ခြားတယ်။ ညာဘက်ကအိမ်မှာ စိဥ္စမာဏနဲ့သူ့ယောကျ်ား၊ ဘယ်ဘက်ကအိမ်က လင်မယားကတော့ ဘုရားဆုပန်ထားသူနဲ့ သူ၏ ပါရမီဖြည့်ဘက်။ စိဥ္စမာဏနဲ့တူတဲ့မိန်းမဟာ တချိန်လုံး သူ့ယောကျ်ားကို စွပ်စွဲဆဲဆို ရန်ဖြစ်ပြီး ဘုရားဆုပန်အိမ်ဟာ တနေ့ လုံးနီးနီး ပါဠိလိုရွတ်နေတဲ့ တရားခွေတွေ ဖွင့်ထားကြတယ်။ ဒီနိုင်ငံမှာ ကျနော့်အတွက် အကြီးဆုံးပြဿနာက အဲဒါပဲ။ ကျနော်က ဘာသာမဲ့လည်း မဟုတ်ပါဘူး။ ဘုရားတရားလည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံမှုပြုကြတယ်ရယ်လို့ စောဒက တက်လို့မရဘူး ဖြစ်နေတယ်။
ကျနော်မှာနေ့တိုင်း အပြုအမူအားဖြင့်အကုသိုလ်၊ နှုတ်အားဖြင့်အကုသိုလ်၊ စိတ်အားဖြင့်အကုသိုလ် အမြဲဖြစ်နေတယ်။ တရားကို အမြဲတမ်းဖွင့်ထားတ ော့ တရားအပေါ်မှာ ဆင်ခြင်တာသုံးသပ်တာ လုပ်မိတာထက်။ နားညည်းလို့ဒေါသထွက် နေ တာက ပိုနေတယ်။ ညာဘက်အိမ်က မဟာအဝီဇိနဲ့ ဘယ်ဘက်အိမ်က တာဝတိံသာ ဒါမှမဟုတ် စတုမဟာရာဇ်ပေါ့ နှစ်ဘုံ ကြားက လူ့ဘုံ စစ်စစ်လာဖြစ်နေတာပေါ့။ ခင်ဗျားမှာ အိမ်နီးချင်းဆိုး ရှိထားပြီဆိုရင် ခင်ဗျားကိုယ်တိုင်ကလည်း အိမ်နီးချင်းဆိုး ဖြစ်ပြီပေါ့။ တုံ့ပြန်တဲ့နည်းပေါ့။ ကျနော့်မှာ တချို့မီးနင်းလေး တလုံးတလေလောက်သာ နားလည်တဲ့ အမ်တီဗွီလိုင်းကို တချိန်လုံး အော်ကြီးဟစ်ကျယ်ဖွင့်ထားပြီး တန်ပြန်ရတာပေါ့။ ပါဠိနဲ့အင်္ဂလိပ်ဆိုရင် ပထမအရာကို ငါငြင်းတယ်ဆိုတာမျိုးပေါ့။ အမှန်ကတော့ နှစ်မျိုးစလုံး နားမလည်ဘူး။
အဲဒီတော့ ကျနော့်မှာ အနာဂတ်အကြောင်းက ဘာမှတွေးလို့မရတော့ဘူး။ ပစ္စုပ္ပန်အဆိုးမှာလည်း ရှေ့ရှုလို့နေထိုင်လို့မရတော့ အတိတ်ကာလကို ပြန်သွားရတာပဲ။ ကျနော့်မှာ အတိတ်ကာလက ကောင်းကောင်းကန်းကန်း ဘာမှကြုံခဲ့ရတယ်မရှိပါဘူး။ ကြိုးတံတားပေါ် မူးပြီးအိပ်မိလို့မှောင်ရိပ်ခိုပါတယ် ဆိုပြီး ရဲက လက်ထိပ်ခတ် ဖမ်းခေါ်သွားတယ်။ အကိုတဝမ်းကွဲက သတင်းကြားလို့ရဲကို ပိုက်ဆံပေး အချုပ်ထဲမသွင်းခင် ပြန်ခေါ်လာလို့အချုပ်/ထောင်မကျခဲ့တာက ကျနော့်ဘဝရဲ့အကြီးမားဆုံး အောင်မြင်မှုလောက် ဖြစ်နေတယ်။ နောက်ပြီး ဆယ်တန်းစာမေးပွဲအောင်တာ၊ ပထမဆုံး ကဗျာစာမူပါတာ ဒါတွေက အောင်မြင်မှုအကြီးစားတွေပေါ့။ ဒါကြောင့် ကမ္ဘာကျော်တို့ရဲ့အောင်မြင်မှုအတွက် အဆိုအမိန့်များ လို့ဆိုလိုက်ရင် ဘယ်လို သောက်မြင်ကတ်မိမှန်း မသိဘူး။ နောက်ပြီး အကျင့်ကလည်း သိပ်ကောင်းလှတယ်မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က ဘာ ကောင်မှမဟုတ်တော့ ဘာကောင်မှမဟုတ်တဲ့ကောင်ဆိုရင်လည်း သိပ်ကြည့်မရဘူး။ ဘာကောင်ညာကောင်ဆိုရင်လည်း မုန်း ပြန်ရော။ အဲဒီတော့ မင့် ဘာကောင်းသေးသလဲဆိုရင် ဘာမှမကောင်းခဲ့ပါဘူး။ အဲဒါဟာ ကျနော်တို့ခေတ်ရဲ့စတိုင်ပါလို့ဆိုရင်တော့ ကျနော်ပြောတာများတယ်ဆိုတာ ကျနော်သိပါတယ်။
ကျနော့် မူလစိတ်ကတော့ ဝတ်ကောင်းစားလှကလေးဝတ် ဖတ်ချင်တဲ့စာအုပ်တွေဘေးချပြီး လက်ဖက်ရည်ကလေးသောက် ကွမ်းယာကလေးဝါး ဆေးလိပ်ကလေးဖွာနဲ့လူတွေရဲ့ချစ်စရာ အပြုအမူတွေအကြောင်း စာတအုပ်ရေးချင်တာ၊ ထိုင်တွေးချင် တာ။ ကိုယ့်ဟာကိုယ် နေ့တိုင်းမြင်ဖူးနေပေမယ့် ဓာတ်ပုံဆရာတွေ ရိုက်ပြလိုက်မှ မြတ်နိုးစရာလေးဖြစ်နေတဲ့ ဓာတ်ပုံတွေ (ဓာတ်ပုံတွေထဲက အရာတွေဟာ ဘယ်တော့မှမပြောင်းလဲတော့ဘူးလို့ထင်ရတယ်) အနုပညာတွေ ကြည့်ချင်တာ။ တသက် လုံး တကားမှ မဆွဲဖြစ်ခဲ့ရင်တောင် ဒါမှမဟုတ် ဘာပုံမှမဆွဲတတ်ရင်တောင် ဒေါက်ပေါ်မှာ ကင်းဗတ်စက ကျပ်ထားပြီးသား စုတ်တံတို့ဆေးတို့လည်း အဆင်သင့်ဘေးမှာချပြီး နေချင်တာ။ တယောပြားကလေးလည်း ရှိမယ်။ ငှက်ကလေးတွေကလည်း ကျိကျိကျာကျာပေါ့။ ဖြစ်နိုင်ရင် ပျင်းတိပျင်းတွဲနဲ့အိပ်နေတဲ့ ကျားကြီးတကောင်ကလည်း ဘေးမှာ။ တော်တော်ဖောက်ပြန်တဲ့ မူလစိတ်ပေါ့လေ။
ကျနော်အမြဲတမ်းမှတ်မိနေတဲ့ဝါကျတကြောင်းရှိတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့‘‘ရန်ကုန်မြို့ရဲ့ညတည’’ ထဲက စာရေး ဆရာ ရွှေဥသြ ရဲ့ညည်းတွားသံပဲ။
‘‘Rose softly blooming ‘‘တောက်’’ သူသည် အံသွားကို ကြိတ်လိုက်သည်။ ‘‘ငတ်နေရတဲ့ကြားထဲ နှင်းဆီပန်းက သက် သောင့် သက်သာနဲ့ပဲ ပွင့်လာနေရသေးသလား၊ တောက် . . .’’ ’’
တချို့လူတွေမှာ အဲဒီလို အတွင်းပဋိပက္ခကြီးစွာ ရှိတာပဲ။ ကျနော်လဲ ရှိတာပေါ့။ ဘယ်တော့မှ သတိပြန်မရချင်တာတွေ၊ ဘယ်တော့မှ မမေ့ချင်တာတွေ။ သာမန်လုပ်ရိုးလုပ်စဉ် ကျနော်တို့ ဘာမှမစဉ်းစားဘဲ လုပ်ခဲ့တာတွေက အခု ရာဇဝတ်မှုတွေ ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်မိတာတွေ၊ ရှက်နေတာတွေ၊ အငုံ့စိတ်တွေ၊ သောက်သုံးမကျတာတွေ ကျနော်ဟာ ချောင်ပိတ်မိ သလို ဖြစ်နေပြီ။
ကျနော့်အဖြစ်က ခေတ်ကြီးကို သည်းမခံနိုင် စိတ်ညစ်နေလို့ သီချင်းနားထောင်မိပါတယ်။ သီချင်းက မွန်းအောင်ရဲ့ စာ ခြောက်ရုပ်၊ လူငယ်ခြေကျ စသဖြင့်တွေ ဖြစ်နေတယ်။
အဲဒီလိုပါ။ နောက်ပြီး ကျနော့်မှာ ဘာကိုကြည့်ကြည့် ဘာကိုဖတ်ဖတ် ဘာကိုတွေးတွေး ဒွိစုံတွေးမိတာမျိုး ခဏခဏ ဖြစ် လာပါတယ်။ အဲဒါကတော့ ပို့စ်မော်ဒန်သဘောနဲ့တောင် ခပ်ဆင်ဆင်ပဲ။ တစုံတခုကို ထပ်ခါ ထပ်ခါ တွေ့လာ တွေးလာ ခိုင်မာတယ်လို့ ထင်လာခဲ့တဲ့ အရာတော်တော် များများက သောက်တလွဲ ဖြစ်ဖြစ်ကုန်တာကို မြင်မြင်လာရတာကိုး။ စာအုပ်တအုပ်ဖတ်တယ်ပေါ့။ ဝံပုလွေများသည် သဘာဝအားဖြင့် လူကို ရန်မပြုတတ်ပါပေါ့။ နောက်တအုပ်ဖတ်တယ်ပေါ့ ဝံပုလွေနှင့် တွေ့ပြီး သေဆုံးခဲ့ရသည့်မုဆိုး ဆိုပြန်တယ်ပေါ့။ သာဓကဆောင်တာပါ။ ကျနော် ဝံပုလွေအကြောင်း ဘာမျှမသိပါ။ ကြီးကြယ်ခမ်းနားမှုတွေ၊ သူရဲကောင်းတွေ၊ ကွန်ကရစ်နံရံနဲ့ ဆပ်ပြာပူဖောင်းတွေ ကျနော် မယုံကြည်တော့ပါ။ မောင်ချစ် ကလေးက ဘကြီးအောင်ကို မယုံတော့သလိုမျိုး။ အပြင်းအထန်အရိုက်ခံထားရတော့ အစာကျွေးဖို့ ခေါ်တာတောင် ဗိုက်ဆာနေပါရက် အနားကို မလာတော့တဲ့ခွေးကလေးတွေလိုမျိုးပေါ့။ မောင်ချောနွယ်ရဲ့ ကိုက်လမ်း ကဗျာကိုဖတ်ဖူးတဲ့ ယုန်ကလေးလိုမျိုး အခြေခံသိမှုတချို့ကလည်း ချောင်ပိတ်ခဲ့တာ များပြီကိုး။
အဲဒါ လတ်တလော ကျနော်မြင်နေရတဲ့ရေသေအိုင်တခုအကြောင်းပါ။ ပျော်စရာတွေက ကျနော့်ဆီ ရောက်လာတော့မယ် လို့တော့ ကျနော် မျှော်လင့်တာပါပဲ။ အဲဒါနဲ့ပတ်သက်လို့ ကျနော့်မှာ ဘာတွေ ရှိထားလို့ မျှော်လင့်ရတယ်ဆိုတာကို ခဏမေ့ ထားပြီး ကျနော့်ရှေ့မှာ လူတယောက်ဆွဲပြတဲ့ အသံထွက်ပန်းချီတခုကို ပြောပါရစေ။
ဟိုး လွန်ခဲ့တဲ့ ဆောင်းတွင်းမနက် တခုမှာပေါ့။ ကျနော်ဟာ ထူးထူးဆန်းဆန်း မနက်ခြောက်နာရီလောက်မှာ အိပ်ရာကနိုးလာ ပါတယ်။ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တော့ ကျနော့်အိမ်ရဲ့ ဝင်းတဖက်မှာ ကျီးအာသီးအပင်နဲ့ရောနေလို့ ကျီးအားသီးတွေ တဝင်းဝင်းနဲ့ ရောထွေးနေတဲ့ တမာပင်က တမာရွက်ကလေးတွေဟာ နှင်းစက်ကလေးတွေ စိုပြီး စိမ်းစိုနေပါတယ်။ ကျနော့် အိမ်ဝင်းဟိုဘက်က ဆေးရုံဝင်းဆိုတော့ ဆေးရုံထဲက တမာပင်လေးပေါ့။ တမာပင်အောက်မှာ လူတယောက်ဟာ ဆောင့် ကြောင့်ထိုင်နေပြီး မွေးခါစကလေးလေးကို လက်တဖက်ကချီထားပါတယ်။ လက်တဖက်ကတော့ မီးသေနေတဲ့ ဆေးပေါ့ လိပ်ကို ကိုင်ထားတယ်။ အဲဒါနဲ့ ကျနော်ဟာ သေးပေါက်ဆင်းတယ်။ ပြီးတော့ အိပ်ရာထဲဝင် ပြန်အိပ်ပါတယ်။ ကျနော် အိပ် ရေးဝသွားတော့ ပြန်နိုးလာတဲ့အခါ ပြတင်းပေါက်ကို ပြန်ဖွင့်ပါတယ်။ ကလေးချီပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ လူဟာ အဲဒီအ တိုင်းပဲ တစက်ကလေးမှ အနေအထားမပျက် ဆက်ရှိနေသေးတော့ ကျနော့်မှာ အံ့သြနေမိပါ တယ်။ ငါ အိပ်လိုက်ရ ရဲ့လားရယ်လို့ နာရီကြည့်လိုက်တော့ မနက်ခုနစ်နာရီခွဲ ရှိပြီ။
အဲဒီလူဟာ လက်ထဲက ဆေးလိပ်ကို ကောက်ဖွာလိုက်တယ်။ ပြီးတော့ မီးခိုးတွေကို လိုက်ကြည့်နေပါတယ်။ ပြီးတော့ ကလေးကို ကြည့်နေပါတယ်။ ဆောင်းတွင်းမနက် အေးစက်စက်ထဲ အနှီပါးပါးလေးပဲပါတဲ့ကလေးကို ချီထားပြီး ဒီလူ ဘာလုပ်နေတယ် ကျနော် မသိပါ။ နောက်ထပ် နာရီဝက်လောက်ကြာ တော့ သူ့ဘေးနားကို လူတယောက်ရောက်လာ သူ့ပခုံးကို ပုတ်ပြီး စကားပြောတယ်။ “မြင့်နိုင်ရေ ကလေးပေးတော့ကွာ” တဲ့။ လျောလျောရှူရှူပဲ သူပေးလိုက်ပါတယ်။ ဟိုလူက ကလေးကို ယူပြီး ကျန်ကျောင်းအိတ်ထဲ ထည့်တယ်။ ပြီးတော့ သူ့ကို ခဏကြည့်နေပြီး ဘာမှမပြောတော့ဘဲ အိတ်ကို ပခုံးပေါ်တင်ကာ ထွက်သွားတော့တယ်။ သူဟာ တံဆိပ်အပတ်ထိရောက်နေပြီဖြစ်တဲ့ ဆေးပေါ့လိပ်ကို ဖွာရှိုက်နေ ဆဲ။
ကျနော့်မှာ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့အသံလွှင့်အစီအစဉ် “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” လိုပဲ ပြောစ ရာတွေရှိပေမယ့် အခုတလောကို အဲဒီလို စိတ်ညစ်စရာတွေချည်းပဲ ရှေ့တန်းက ရောက်ရောက်လာတယ်။
ကျနော်မှတ်မိနေတဲ့ စစ်ကိုင်းတောင်ပေါ်တညမှာ ကဗျာဆရာဦးဇင်းတွေနဲ့ ကျနော် ဘယ်လိုပျော်ခဲ့ရတဲ့အကြောင်း၊ ငယ်ငယ် က ချော်တွင်းကုန်းက ချမ်းမြေ့ရိပ်သာမှာ ကိုရင်ဝတ်တုန်း ဆုံခဲ့ရတဲ့ မယ်သီလရှင်ကလေး။ အဲဒီမယ်သီရှင်ကလေးဟာ တရားထိုင်ဖို့အသွား လမ်းမှာဆုံတိုင်း စိတ်ချမ်းမြေ့ စရာမျက်နှာကလေးနဲ့ အမြဲပြုံးပြတာလေးကို ကျနော်မေ့မရတဲ့ အ ကြောင်း။ အခုဆိုရင် ၂ နှစ်နဲ့ ၅ လ အရွယ်ရှိပြီဖြစ်တဲ့ ကျနော့်သမီးလေးက ခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ် သီချင်းကို စဆုံး မပီကလာ ပီကလာနဲ့ ဆိုတတ်နေပြီဖြစ်တဲ့အကြောင်း စတာတွေကို ပြောချင်စိတ် မရှိဘူး ဖြစ်နေတယ်။ နောက်များတော့ ဖြစ်လာမှာပေါ့လေ။
လင်းခါး
ဒီဇင်ဘာ ၂၀၁၆