လက်ဖက်ရည်ဆိုင်
#lkessayden 110
လက်ဖက်ရည်ဆိုင်တွေက ရှိတော့ရှိနေသေးတုန်းပါပဲ။ လက်ဖက်ရည်ဆိုင်ဓလေ့တွေ ကတော့ ရှားပါးကုန်ပြီလို့ထင်တယ်။ ဒါပေမယ့်လည်း လက်ဖက်ရည်ဆိုင်ဓလေ့ဆိုတာ ဘာပါလိမ့်လို့ ဆိုရင်တော့ ကျနော်လည်း ပြောမပြတတ်ဘူး။ ကက်ဆက်တိတ်ခွေကလေးတွေ ယူလာပြီး လုဖွင့်ခိုင်းတဲ့ ကိစ္စလား၊ ကိုယ့်ကိုယ်ကိုယ် ဒေါက်တာရေချမ်းလို့ မှတ်ယူပြီး ခပ်ကျကျလက်ဖက်ရည်တခွက်သောက် ဆေးလိပ်မီးခိုးကို ခပ်သာသာမှုတ်ထုတ်လိုက်ရင်း ငေးမောနေ သို့မဟုတ်လည်းပဲ ပျော်တတ်တဲ့အပေါင်းအသင်းတွေနဲ့ ဟေလားဟားလားလုပ်နေတတ်တဲ့ ဘ၀မျိုးပဲလား။ နေ့စဉ်တကယ့်ဘဝနဲ့ ခေတ်ကြီးကို မေ့ထားလိုက်ပြီး ပျင်းတိပျင်းရွဲလမ်းကိုငေးနေရတဲ့ အရသာမျိုးလား။ အဲဒီထက်ပိုပြီး ထိုက်တန်တဲ့ အခြားသော လက်ဖက်ရည်ဆိုင်ဓလေ့ အကြောင်းရင်းတွေလည်းရှိနေမှာပါ။
လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့အရသာဟာ ဟိုအရင်အချိန်တွေတုန်းကလို မဟုတ်တော့တာတော့ သေချာပါတယ်။ ဒီနေ့မှာ နာမည်ကြီးတဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ဆိုင်ကို သွားထိုင်ကြည့်လိုက်ရင် စနစ်တကျကြီးဖြစ်ပြီး သားနားပြောင်ရောင်နေတဲ့ ထိုင်ခုံတွေ၊ များပြားလှတဲ့ လူတွေ၊ အော်ခေါ်သော်လည်း မကြားချင်ယောင်ဆောင်နေတဲ့ စားပွဲထိုးကလေး တွေ၊ တယောက်နဖူးနားအထိ တယောက်ကပ်ထိုင်ရင်း ရှုပ်ထွေးလှတဲ့အလုပ်ဇယားတွေအကြောင်း ပြောဆိုနေကြတဲ့ လေးထောင့်အကွက်ပုံပေါက်နေတဲ့လူတွေ၊ တချို့ဆိုရင် ယူနီဖောင်းတွေနဲ့ ၀န်ထမ်းတွေ၊ မြို့ထဲကဆိုင်တွေဆီ လှည့်ပတ်ထွက်ဖို့အရေး ဗျူဟာဆွဲ အားယူနေကြတဲ့ အရောင်း၀န်ထမ်းတွေ၊ လက်ဖက်ရည်ဆိုင်၀န်းကျင်ဟာ မီးဖိုပေါ်က အဖုံးမလုံတဲ့ ရေနွေးအိုးလို ဆူညံပွက်လောရိုက်လို့နေတာပဲ။ လက်ဖက်ရည်ကတော့ သိပ်ကောင်းလှတယ် မဟုတ်တော့ဘူး။
အဲဒီလူအုပ်ကြီးအလယ်မှာ ဘယ်သူက လက်ဖက်ရည်ကို ဇိမ်နဲ့ မျှင်းသောက်နိုင်တော့မှာလဲ။ ဆေးလိပ်မီးခိုးကို ခေါင်းမော့ မှုတ်ထုတ်လိုက်ရင်း ရုပ်ရှင်ဆန်ဆန် ပျင်းတိလေးကန်လုပ်နေလို့ ဘယ်ရတော့မှာလဲ။ ရေခွက်ထဲစိမ်ထားတဲ့ အကြမ်းခွက်ကလေးကို ထုတ်၊ ရေနွေးပူနည်းနည်းငှဲ့ထည့်လိုက်ပြီး ဘေးကို ဘယ်လိုလုပ် သွန်ထုတ်ပစ်လိုက်လို့ရမှ ာလဲ။ ခုံကို လက်ဆစ်နဲ့ခေါက်ရင်း သီချင်းသံကို ဘယ်လိုလုပ် စည်းချက်လိုက်လို့ရမှာလဲ။ (သီချင်းသံတွေကို ပျောက်ဆုံးသွားတာ)။ ထိပ်ဆုံးကဝိုင်းမှာထိုင်ရင်း လမ်းက ဖြတ်သွာတဲ့ အပျိုမလေးတွေကို ဘယ်လိုငေးလို့ရတော့မှာလဲ။ အားလုံးဟာ မြန်သွားပြီ။ ရိုက်ထုတ်လိုက်လို့ ကျင်းဆီပြေးသွားရတဲ့ ဂေါက်သီးလိုကို မြန်သွားတာ။
အရင်တုန်းကတော့ ကောင်မလေးတွေကိုယ်တိုင်က လက်ဖက်ရည်ဆိုင်ရှေ့ကနေ ဖြတ်လျှောက်သွားရတာကို ရှိုးတို့ရှန့်တန့်ဖြစ်၊ ဘယ်လိုပဲ စိတ်ကသိကအောက်ဖြစ် ပင်ပန်းလှပါတယ်ဆိုဆို တနေ့တကြိမ်လောက်တော့ လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်ချင်စိတ်ကလေးရှိကြမယ်လို့ ထင်တယ်။ အခုတော့ အဲဒါတွေက ဒဏ္ဍာရီအလားပဲ။ ထွေပြား မနေမနားဘဲ တထပ်ထပ်နဲ့ ရွေ့လျားနေကြပြီ။ သုတ်သုတ် သုတ်သုတ်နဲ့လစ်သွားတဲ့ ကောင်မလေး၊ လမ်းလျှောက်ပုံကိုတောင် ဂရုမစိုက်နိုင်တော့အောင် ဘ၀၀န်ပိနေပြီနဲ့တူပါရဲ့။ အငေးသမားတွေရဲ့ အနှေးခေတ်ကြီးကလည်း မုချ ကုန်ပြီနဲ့တူပါတယ်။
အခုဆိုရင် ညနေခင်းမှာ လက်ဖက်ရည်သောက်ချင်တဲ့အခါ ဆိုင်ထိုင်ဖို့၊ ဒါမှမဟုတ်လည်း ပါဆယ်၀ယ်ဖို့အတွက် တမိုင်ကျော်ကျော်လောက်ဝေးတဲ့ လက်ဖက်ရည်ဆိုင်ကို သွားရတယ်။ ဆိုင်ကယ်လေး ရှိနေလို့ပဲ။ အရင်တုန်းက အရသာမျိုးနဲ့ဆိုရင် သုံးလေးမိုင်က ဆိုင်ဆိုရင်လည်း သွားထိုင်ဖို့က တန်ပါတယ်။ ဒါပေမယ့်ခုက ဘီယာဆိုင်တွေပဲ များများလာတယ်။ တလမ်းထဲကို ဟိုဘက်ဒီဘက်ထိပ် နှစ်ဆိုင် ဖြစ်လာတယ်။ အဲဒီနှစ်ဆိုင်ကြားထဲမှာ ခုချိန်အထိ တပုလင်းနှစ်ရာ သုံးရာနဲ့ ရောင်းနေသေးတဲ့ အရက်ဖြူဆိုင် ကလေးတွေက ရှိနေသေးတယ်။ ညနေနေကျချိန်ကစလို့ ဆိုင်တိုင်းလည်း လူစည်ကားမြဲ။ လက်ဖက်ရည်ဆိုင်တွေကတော့ ညနေခင်းဆိုရင် ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည်ကလဲ ကြဲကြဲတောက်တောက် ။
သို့သော်လည်း ပျံကျရပ်ကွက်ကလေးတွေမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကလေးတွေမှာတော့ ညနေခင်း၊ ညခင်းတိုင်း လူစည်မြဲ။ ဒါပေမယ့် အဲဒီစည်ကားနည်းက ရုပ်ဆိုးတယ်ဗျာ။ ဆိုင်ထဲက လူတိုင်းရဲ့ မျက်လုံးဟာ ဖုန်းစခရင်မ်ပေါ်မှာ၊ တချို့လူငယ်ကလေးတွေဆိုရင် အုပ်စုလိုက် တဝိုင်းထဲထိုင်လို့ နက်၀က်ချိတ်ပြီး ဆဲဆိုဂိမ်းဆော့ကြတာ။ ဆိုင်ကလေးကသာ ဝါးထရံ သွပ်မိုး၊ ကျပ်ခိုးအပြည့်နဲ့၊ ဝိုင်ဖိုင်ဖရီး၀န်ဆောင်မှု မထားလို့တော့ မရဘူး။ အဲဒီဂိမ်းဆော့တဲ့ လူငယ်ကလေးတွေကို ဆွဲဆောင်နိုင်တာဟာ လက်ဖက်ရည်အရသာမဟုတ် ဝိုင်ဖိုင်ပဲလေ။ အဲဒီလူငယ်ကလေးတွေထက် ကြီးတဲ့ ဒါမှမဟုတ် လူလတ်၊ လူကြီးများကျပြန်တော့ သူတို့ကိုယ်တိုင် တချိန်က လက်ဖက်ရည်ဆိုင်ခေတ်ကောင်းကြီးဆိုတာကို မီခဲ့ပါရက်နဲ့ မေ့ပစ်ရက်နိုင်တယ်ဗျာ။ တီဗွီဖန်ပြားပေါ်က ဘောလုံးပွဲနဲ့အတူ အော်ဟစ်၊ ခပ်ကြမ်းကြမ်းအက်ရှင်ကားနဲ့အတူ စီးမျောလို့သာ နေပါတယ်။ အက်ရှင်ကားထဲက ကားသံ၊ ဗုံးပေါက်ကွဲသံ၊ စက်သေနတ်ပစ်သံတွေနဲ့ အုတ်အုတ်ကျက်ကျက် ဆူညံသံတွေကတော့ အပန်းဖြေနည်းတခုလို့တောင် ခေါ်ဖို့ခက်လှပါသေးတယ်။ ဒါပေမယ့် ဒါတွေဟာ ယနေ့ခေတ် လက်ဖက်ရည်ဆိုင်တွေရဲ့ သရုပ်အမှန်ဖြစ်သွားပါပြီ။
လက်ဖက်ရည်ဆိုင်အသစ်တွေပေါ်လာနေမြဲပဲ ဆိုပေမယ့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းရဲ့ အဓိပ္ပါယ်က ပြောင်းလဲသွားတော့ လက်ဖက်ရည်ဆိုင်တွေရဲ့ ပုံစံတွေကလည်း ပြောင်းလဲကုန်တာပဲ။ လူ့အဖွဲ့အစည်းရဲ့ အတွင်းစိတ္တဇက ရုပ်ကမ္ဘာရဲ့အသွင်သဏ္ဍာန်ကို ပြဌာန်းမြဲပဲမဟုတ်လား။ ကျနော်က တော်တော်ငယ်သေးတဲ့ အရွယ်ကတည်းက လက်ဖက်ရည်ဆိုင်ထိုင်တဲ့အကျင့်ရခဲ့သူမို့ လက်ဖက်ရည်ဆိုင်တွေရဲ့ ခေတ်ကောင်းကြီး တခေတ်ကို ကောင်းကောင်းမီခဲ့လိုက်သေးတော့လည်း လွမ်းစရာမရှိ ရှာကြံလွမ်းတာပေါ့ဗျာ။ လက်ဖက်ရည်တခွက် ခုနစ်ကျပ်ခေတ်ကနေ ယနေ့မှာ လက်ဖက်ရည်တခွက် ငါးရာကျပ်ဖြစ်သည်အထိ နှစ်နှစ်ဆယ်ကျော်သော လက်ဖက်ရည်ဆိုင်နှစ်များကို ဖြတ်သန်းခဲ့ရသူအဖို့ တရုတ်စာရေးဆရာကြီး လောရှိရဲ့ လက်ဖက်ရည်ဆိုင် ပြဇာတ်လို၊ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်ဆိုင် အက်ဆေးလို မဟုတ်တောင် တောမရောက်တောင်မရောက် မဖြစ်ညစ်ကျယ် စာကလေးတပုဒ်လောက်တော့ ရေးလိုက်ချင်သား။
ကက်ဆက်တိတ်ခွေကလေးတွေ ယူယူလာ ဆိုင်ရှင်ကို ဖွင့်ဖွင့်ခိုင်းပြီး မှိန်းနေတတ်တဲ့ ကိုယ့်ထက်ကြီးတဲ့အကိုကြီးတွေကိုငေးရင်း၊ အဲဒီဘဲကြီးတွေလိုမျိုး စီးကရက်ကို လက်ညှိုးနဲ့လက်ခလယ်ကြား ဟန်ပါပါညှပ်၊ ဆေးပေါ့လိပ်အသစ်ရဲ့ဖင်ကို စားပွဲခုံနဲ့ ဆေးသားကျပ်အောင် တဒေါက်ဒေါက်ခေါက်၊ မီးခိုးလမ်းမပိတ်အောင် ဖင်အစီခံကြားက အမှုန်အမွှားတွေ ကင်စင်းအောင်လုပ်နေ၊ သူတို့လို လေးလေးကန်ကန် ဟန်ကြီးဖြစ်အောင် လုပ်ယူနေရတာကိုကပဲ ဘ၀တခုဖြစ်လို့နေတယ်။ ငယ်တုန်းကတော့ အဲသလိုလိုက်လုပ်လို့သာ လုပ်ရတယ်။ ဘာကြောင့်မှန်းလဲ သိတယ်ရယ်မဟုတ်ဘူး။ သို့ပေမယ့် နေ့လယ်နေ့ခင်း ငြိမ်သက်နေတဲ့ လက်ဖက်ရည်ဆိုင်အတွင်းထဲ စိုင်းထီးဆိုင်သီချင်းကလေး နားထောင်ပြီး တင်ပလ္လင်ချိတ်ထိုင် ဇိမ်ယူရတာဖြင့် သိပ်လူဖြစ်ကျိုးနပ်တာပဲလို့ တွေးမိတာပေါ့။
လက်ဖက်ရည်ဆိုင်မှာထိုင် ကောင်တာက ရွယ်တူကောင်မလေးကို ရှိုး၊ ဖွင့်ထားတဲ့ သီချင်းအလိုက်ကို သူမအတွက် ရည်စူးပါတယ်ဆိုတဲ့အကြောင်း အသံမထွက်အောင် နှုတ်ခမ်းလှုပ်ရုံလိုက်ဆိုရင်း ဖွန်ကြောင်ရတာ သိပ်ရောမန္တိကဆန်တာပေပဲ။ ကောင်တာက ကောင်မလေးကလည်း သူ့ကို ခံစားပြနေ၊ ကြည့်နေမှန်းသိပါရက်ကြီးနဲ့ မသိချင်ယောင်တွေဆောင်၊ ခေါင်းကလေးစောင်းလို့ ဆံပင်တွေ ခဏခဏသပ်တင်၊ စိတ်ကူးယဉ်နေတာလိုလို၊ အိန္ဒြေကြီးနေတာလိုလို၊ ဟိုးအဝေးကြီးက လမ်းပေါ်ကို ငေးသလိုလိုနဲ့ တချိန်လုံး ပဲများနေတာပါပဲ။ ကျနော့်ဘ၀မှာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်က ကောင်တာထိုင်တဲ့ ကောင်မလေးနှစ်ယောက်ကို လက်ဖက်ရည်ဆိုင်ထိုင်ရင်း အဲ့သလို သွားသွားငမ်းခဲ့ဖူးတယ်။ ဒါပေမယ့်လည်း ငမ်းတဲ့အဆင့်ပါပဲ။ ဘယ်တုန်းကမှလဲ ရှေ့ဆက်တိုးဖို့ မစဉ်းစားခဲ့ဖူးဘူး။ အဲဒီအပိုင်းကျ ကျနော်က မစွံဘူးလို့ ပြောရမယ်။ ၀မ်းနည်းစရာပါဗျာ။
ရုပ်ရှင်တွေထဲကလို တနေ့နေ့တော့ တနေရာရာမှာ ပုခုံးချင်းတိုက်၊ သူလက်ထဲက စာအုပ်တွေလွတ်ကျ၊ အတူတူကုန်းကောက်ကြရင်း နဖူးချင်းတိုက်၊ နှစ်ယောက်စလုံး ဖင်ထိုင်လဲ၊ ကျနော်က သိပ်အားနာ၊ သိပ်၀မ်းနည်း၊ သိပ်ယောကျာ်းပီသတဲ့ ဟန်မျိုးနဲ့ “ကျနော် တောင်းပန်ပါတယ်ဗျာ” လို့ ပြော၊ သူမက “ဟုတ် ရပါတယ်ရှင် မတော်လို့ဖြစ်တာပဲ” လို့ ပြုံးစေ့စေ့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြော။ တယောက်နဲ့တယောက် နာမည်တွေမိတ်ဆက်၊ ပြီးတော့ သိပ်မကြာခင်မှာပဲ ရည်းစားတွေဖြစ်ကုန်ကြမယ်လို့ လက်ဖက်ရည်ဆိုင်မှာထိုင် ကောင်တာကကောင်မလေးကို ငေး၊ ထိုင်ထိုင်တွေးနေရင်းနဲ့ အချိန်ကုန်သွားတာပဲ။ ကျနော်ကိုယ်တိုင်ကလည်း သိပ်စိတ်ကူးယဉ်ချင်တဲ့ ကောင်မျိုး။ အဲဒီလို စိတ်ကူးယဉ်ရင်းနဲ့ပဲ ကျနော့်ငယ်ဘ၀တခုလုံးနဲ့ လက်ဖက်ရည်ဆိုင်ခေတ်ကြီးက ကုန်မှန်းမသိ ကုန်သွားခဲ့တယ် ထင်ပါတယ်။
အခုတော့ အဲဒီခေတ်ကြီးမရှိတော့ပါဘူးဗျာ။ လက်ဖက်ရည်ဆိုင်ကောင်တာတွေမှာလည်း ငယ်ငယ် ချောချောကောင်မလေးတွေ မထိုင်ကြတော့ဘူး။ သီချင်းချည့်သက်သက် အေးအေးငြိမ့်ငြိမ့်ကလေး ဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင်တွေလည်း မရှိတော့ဘူး။ ခွေးခြေခုံကလေးတွေ ဝိုင်းဖွဲ့ထားတဲ့ ခပ်ညစ်ညစ်စားပွဲပုကလေးတွေ မရှိတော့ဘူး။ နှုတ်သီးကော့ကော့ရှည်ရှည် ဒန်နဲ့လုပ်ထားတဲ့ ရေနွေးကရားအိုးလေးတွေလည်း မရှိတော့ဘူး။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်မှာ ထိုင်၊ ဖက်ကြမ်းကလေးဖွာလို့ တောင်ငေးတွေး၊ မြောက်ငေးတွေးလုပ်ချင်တဲ့ ကျနော်အကျင့်ကလေးက ရှိနေတုန်းပဲ။ ကျနော့်လို အဲဒီလက်ဖက်ရည်ဆိုင်ဓလေ့လေးတွေကို လွမ်းနေမယ့် လူတွေလည်း အများကြီး ရှိနေဦးမှာ သေချာပါတယ်။ အထူးသဖြင့် ကျနော်တို့မျိုးဆက်ရဲ့ ရှေ့က ဘီးကြဲတွေပေါ့။ သူတို့ခမျာလည်း ကျနော့်လိုမျိုးပဲ ဘယ်မြို့ကိုရောက်ရောက်၊ ဘယ်မြို့မှာအခြေချရချရ မြို့ရဲ့ တနေရာရာမှာ ဆိတ်ငြိမ်ရပ်၀န်း ကဖေးဆိုင်ကလေးတွေများ ရှိနေလေဦးမလားလို့ လိုက်လိုက်ရှာမိကြမယ်ထင်ပါတယ်။ ပိတ်လှောင်မွန်းကြပ်ခဲ့တဲ့ ခေတ်ကြီးကို ဘယ်လိုပဲ မုန်းခဲ့တယ်ဆိုဆို ထိုခေတ်များထဲက လက်ဖက်ရည်ဆိုင်ကလေးတွေကိုတော့ သူတို့ လွမ်းနေကြမှာ သေချာပါတယ်။