လစ်တမတ်စက္ကူပေါ်က ဘီလူးပုံ

၀၄.၀၂.၂၀၂၃

လူအုပ်ထဲကအထီးကျန်မှု

လစ်တမတ်စက္ကူပေါ်က ဘီလူးပုံ

lkessayden 67


ပြောင်းလဲသွားကြတဲ့ လူတွေကို ကြည့်ရင်းက မအံ့သြဘူးဆိုပေမယ့် နည်းနည်းတော့ တွေတွေဝေဝေ ဖြစ်မိတယ်။ နှစ်များစွာကြာတော့ လူတွေဟာ ပြောင်းလဲကုန်ကြတယ်။ တချို့ လပိုင်းလောက်နဲ့တင် ကိုယ်တံထွေးကိုယ် ပြန်မြိုကြတာ။ ယုံကြည်ချက်တွေ ပြောင်းပြန်ဖြစ်ကုန် ကြတယ်။ ယုံကြည်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တော့ ပြောတဲ့စကားတွေကလည်း ပြောခဲ့တဲ့စကားတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တယ်။ ဒီတော့ ကြီးကျယ်ခမ်းနားမှုတွေဟာ ရေဆိုးမြောင်းထဲက ကြွက်တွေ ဖြစ်ကုန်ကြပြီး၊ ရုပ်တုတွေဟာလည်း မြောင်းကိုပိတ်ထားတဲ့ ရွံစရာအဝတ်စုတ်တွေ ဖြစ်ခဲ့ကြရတော့တယ်။ လူဆိုတာ အစဉ်မပြတ်ပြောင်းလဲနေရမယ့် သတ္တဝါပါ။ လူမှ မဟုတ်ဘူး စကြာဝဠာတခုလုံးဟာ ပြောင်းလဲနေတာ။ မျိုးစေ့တွေဟာ သစ်ပင်အဖြစ်၊ ကြယ်ဟာ ကြယ်သေအဖြစ။် ဒါပေမယ့် ဒါတွေဟာ သမိုင်းလှန်ကြည့်လို့ရတဲ့ အခြေအမြစ်ရှိတဲ့ ပြောင်းလဲမှုတွေ။ တချို့ ပြောင်းလဲမှုတွေကျတော့ လုံးဝ ဂငယ်ကွေ့တွေ ဖြစ်ကုန်တာ။ ဖက်ဆစ်တွေက သူတော်စင်ဝတ်ရုံတွေ ခြုံလာပြီး၊ သတ်သတ်လွတ်သမားက သားသတ်သမားဖြစ်သွားတာမျိုး။

ကပ်ဖကာရဲ့ အသွင်ပြောင်းလဲခြင်းဆိုတဲ့ ၀တ္ထုထဲမှာ ဇာတ်ကောင်ဟာ မနက်လင်း အိပ်ရာနှိုးလာတော့ လူစင်စင်ကနေ ပိုးကောင်ကြီးတကောင် ဖြစ်သွားတယ်တဲ့။ ကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုပဲ။ အဲဒီဝတ္ထုကို ဖတ်ရစဉ်က ကျနော်ဟာ ငယ်ငယ်တုန်းက အိပ်မက်ထဲ ပိုးဟပ်ဖြစ်သွားလိုက်၊ မြွေဖြစ်သွားလိုက်၊ တခါတလေဆိုရင် ထူးထူးဆန်းဆန်း ကျနော့်အိပ်မက်ထဲမှာ ကျနော်ဟာ ချီးတုံး တတုံးတောင် ဖြစ်နေခဲ့ဖူးတာတွေကို အမှတ်ရနေမိတယ်။ ကြောက်စရာ အိပ်မက်ဆိုးတွေပဲ။ တချို့ပြောင်းလဲမှုတွေကျတော့ သမရိုးကျပဲ ဆိုပေမယ့် တော်တော် အံ့အားသင့်ဖို့ ကောင်းတယ်။ ကျနော်တို့ ငယ်ငယ်က ဖားတပိုင်း ငါးတပိုင်းကောင်လေးတွေကိုကြည့်ပြီး အံ့သြရသလိုပဲ။ စိတ်ပျက်ရွံရှာဖွယ် ပိုးတုံးလုံးကနေ အရောင်အသွေးစုံ လှပလွန်းလှတဲ့ လိပ်ပြာတကောင် ပြောင်းလဲသွားတာကတော့ ကမ္ဘာပေါ်မှာ စံထားဖို့ကောင်းလှတဲ့ ပြောင်းလဲမှု တခုလို့တောင် ထင်တယ်။ ဒါပေမယ့် မျောက်ကနေ လူအဖြစ် ဆင့်ကဲတော်လှန်ပြောင်းလဲလာမှုဖြစ်စဉ်ကလည်း အံ့ချီးလောက်တာပဲ။

ထင်မှတ်မထားတဲ့ ပြောင်းလဲမှုတွေကို ကြုံရတိုင်း အံ့သြမှုတော့ မဖြစ်တော့ပေမယ့်လည်း စိတ်မသက်မသာတော့ ခံစားရတာချည့်ပဲ။ အထူးသဖြင့် ငယ်သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ကြရ တာမျိုးတွေမှာ အမြဲ မသက်မသာဖြစ်ရတယ်။ ကျနော် ခုနစ်တန်းကျောင်းသားနှစ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းစုံညီပွဲတော်မှာ အငြိမ့်ကကြတော့ ကျနော်ဟာ လူရွှင်တော်အနေနဲ့ ဝင်ကခဲ့ဖူးတယ်။ ကျနော်နဲ့အတူတူ ကျနော်သူငယ်ချင်းလေးယောက်နဲ့ပေါ့။ ကျနော်တို့ ကျောင်းသားကလေး ငါးယောက်ကို လူရွှင်တော်တွေ ပြက်ရမယ့် ပြက်လုံးတွေ သင်ပေးတာကတော့ ကျနော့် အဖေပဲ။ အဖေက လူရွှင်တော်အနေနဲ့ နှစ်များစွာ အသက်မွေးခဲ့ဖူးတာကိုး။ လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ ပြက်လုံးတွေ၊ ဥပမာ “ဂျပန်တော်လှန်ရေးမှာ ဂျပန်အယောက်နှစ်ဆယ် ဒူးတွေချည့် ဖြတ်လာတာကွ“ “ဟေ့ရောင် ခေါင်း တွေချည့် ဖြတ်တယ် လုပ်ပါ” “ဟာ ခေါင်းက သူများဖြတ်သွားပြီဟ” ဆိုတာမျိုးတွေပေါ့။ တယောက်ကို သုံးမျိုးစီလောက် အလွတ်ကျက် သူရှေ့မှာ စာပြန်သလို ပြန်ပြ၊ စာရပြီဆိုတော့မှ သန္ဓေတို့ လေတို့ စသဖြင့်ပေါ့ဗျာ သရုပ်ပါပါနဲ့ အဖေ့ရှေ့မှာ ပြက်ပြရတာပေါ့။

ကျနော်တို့ရဲ့ ကလေးအငြိမ့်ပွဲလေးဟာ အောင်မြင်ပါတယ်။ ပွဲကြည့်ကြတဲ့ ဆရာ ဆရာမတွေရော ကျောင်းသားမိဘတွေရော ကျောင်းသားတွေပါ တဝါးဝါးရယ်ကြ အားပေးကြတာကိုး။ ပြက်လုံးတွေကို သဘောကျလို့ ရယ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် ခုနစ်တန်းကျောင်းသား ကလေးတွေ တောင်ရှည်နဲ့ တိုက်ပုံနဲ့ မျက်နှာချေနဲ့ ခေါင်းပေါင်းနဲ့မို့ကို ရယ်စရာဖြစ်နေလို့ ရယ်ကြတာလည်း ဖြစ်ချင်ဖြစ်မှာပဲ မပြောနိုင်ဘူး။ သို့သော်လည်း ကျနော်တို့ လူရွှင်တော် ငါးယောက်ထဲက ကျော်ထူး လို့ ခေါ်တဲ့ တကောင်ကတော့ တကယ်ကို ပီပြင်တာ။ ဒီကောင်က အငြိမ့်ကမှရယ် မဟုတ်ဘူး အတန်းထဲလည်း အမြဲတမ်း ဟာသလုပ်နေတဲ့ကောင်၊ မျက်ခွက်အလွန်ပြောင်တဲ့ကောင်။ ဘယ်တော့ကြည့်ကြည့် မျက်နှာပိုးမသေဘူး။ မျက်နှာပိုးသေပြီး တည်နေလို့လည်း အဟုတ်မမှတ်နဲ့ အတည်ပေါက်နဲ့ နောက်တတ်တဲ့ကောင်မျိုး။ ကျနော့်အဖေကဆို နောင်နှစ်များစွာကြာတဲ့အထိ လူရွှင်တော်အစစ် တကယ်ဖြစ်နိုင်တဲ့ ကျော်ထူးအကြောင်းကို တမ်းတမ်းတတ လွမ်းနေတုန်း၊ ချီးကျူးတုန်း၊ ချစ်တုန်း။ အဲဒီလို သူတကာချစ်မွှေးပါတဲ့ ပြုံးရွှင်နေတတ်တဲ့ ကျော်ထူးဟာ အသက်နှစ်ဆယ့်ခြောက်နှစ်လောက်မှာ ဘာစကားတခွန်းမှ မပြောတော့ဘဲ သူ့အိမ်က အမှောင်ခန်းလေးထဲ ယဉ်ယဉ်လေးနဲ့ သွက်သွက်ခါအောင် ရူးသွားခဲ့သတဲ့။ ကျော်ထူးတယောက် ဘာတွေခံစားခဲ့ရပြီး ဘယ်လိုတွေများ ပြောင်းလဲကုန်ရတာပါလိမ့်။

အဲဒီလိုပါပဲ ငယ်ငယ်က သူငယ်ချင်းတယောက်အိမ်ကိုသွားတိုင်း ဘုရားစင်ရှေ့မှာ အမြဲတမ်း စာအုပ်ဝါသေးသေးလေးကိုင်လို့ မေတ္တာသုတ်တွေရွတ်နေတတ်တဲ့ သူငယ်ချင်းရဲ့အစ်မ ရိုးရိုးယဉ်ယဉ် ကလေးဟာ လူမှုကွန်ရက်မှာ အဆဲဘုရင်မနီးနီးဖြစ်နေတာကို တွေ့လိုက်ရတော့ ဘယ်လိုဆန်းကြယ်တဲ့ အဖြစ်တွေပါလိမ့်လို့ ခေါင်းတခါခါဖြစ်မိပါတယ်။ တကယ့်အဖြစ်အပျက်တွေရဲ့ အပြောင်းအလဲ အချိုးအကွေ့တွေဟာ ပြဇာတ်ထက်တောင် ပြဇာတ်ဆန်နေခဲ့ပါတယ်။

ကျနော်ကိုယ်တိုင်လည်း ပြောင်းလဲနေတာပဲ။ ကျနော်သဘောကျတဲ့ အမျိုးသမီးတွေရဲ့ ပုံစံ၊ ပုံသဏ္ဍာန်၊ ကျနော်ကြိုက်တဲ့ အသီးအရွက် အသီးအနှံတွေ၊ နှစ်တွေကြာလာတော့ ချစ်စရာ ကျားငယ်ကလေးဟာ သားရဲဖြစ်လာဖို့ သင်ယူရတဲ့ ပုံစံမျိုးပဲ။ အဲ့သလောက်တော့ တိကျမှု မရှိဘူးပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကြိုက်ခဲ့တဲ့ ကဗျာတွေကို တချို့တလေကလွဲရင် ကျနော်မကြိုက်တော့ဘူး။ ၀တ္ထုတွေဆိုရင်လည်း အဲ့လိုပဲ။ လွန်ခဲ့တဲ့ နှစ်များစွာက နှစ်သက်ခဲ့တဲ့ ဝါဒတခုနဲ့ပတ်သက်လို့ ချေဖျက်လို့ရနိုင်တဲ့ ဆင်ခြေတွေ အများကြီး ရှိလာတယ်။ ဖတ်လာတဲ့ စာတွေကနေ၊ နေ့စဉ် လူမှုဘဝ ပတ်ဝန်းကျင်က ကျနော့်ကို လွှမ်းမိုးပို့ချနေတယ်။ သဘာဝတရားရဲ့ ကျိုးကြောင်းဆီလျော်မှုတွေ၊ ပန်းပေါင်းတရာပွင့်နေတဲ့ ယုံကြည်ချက်တွေ၊ အသွင်သဏ္ဍာန်အားဖြင့် အတွေးအခေါ်အားဖြင့် ကွဲပြားတဲ့ အခြားဘဝဇာတ်လမ်းတွေဟာ ကျနော် မသိလိုက်ရပါဘဲ ကျနော့်ကိုယ်ထဲ တစိမ့်စိမ့်နဲ့ ဝင်လာတယ်။ ပြီးတော့ ကျနော့်ကို ရင့်ကျက်လာစေတယ်လို့ ထင်မိတယ်။ ပျားရည် စုနေတဲ့ ပျားကောင်တွေနဲ့တောင် တူနေတယ်။

Unknown block type "poster", please specify a serializer for it in the `serializers.types` prop

ကျနော့်ကို “မင်းတော်တော် ပြောင်းလဲသွားတာပဲ“ လို့ မနှစ်မြို့သလို ပြောကြတာမျိုး ကြုံဖူးတယ်။ မနှစ်မြို့ရလောက်အောင် ကျနော်ဘာတွေ ပြောင်းလဲသွားခဲ့တာလဲ။ တချို့ကျပြန်တော့လည်း “မင်းက အရင်နဲ့ကို မတူတော့ဘူး” တဲ့ နားမလည်နိုင်သလို ပြောတယ်။ သူပြောတဲ့ အရင်နဲ့ ဆိုတာ ဘယ်တုန်းက အရင်နဲ့ မှန်း ကျနော်လည်း မသိနိုင်ဘူး။ ကိုယ်ကိုယ်တိုင်ကျ ပြောင်းလဲလို့ နေနေတော့တယ် လို့သာ ဆိုရတာ ဒါကို နှစ်အနည်းငယ်လောက်နဲ့တော့ မရိပ်မိနိုင်ဘူး။ မြင်သာလွန်းတဲ့ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲလိုဟာမျိုးတောင် နေ့စဉ်မှန်ကြည့်နေတဲ့အခါမှာတော့ မပြောင်းလဲသလိုပဲ။ ဆယ်ကျော်သက် အရွယ်ကနေစပြီး ဝက်ခြံအကြီးကြီးတွေ ထွက်လာတယ်။ ညှစ်ထုတ်တယ်။ အဆံတွေ ထွက်သွားတဲ့အခါမှာ ကျောက်ပေါက်မာလို အပေါက်ပေါက်ကြီးတွေကျန်ခဲ့တယ်။ နဖူးပေါ်က အရေအကြောင်းတွေဟာ ထင်ရှားလာတယ်။ နှုတ်ခမ်းမွှေးနုနုကလေးတွေ ထွက်လာတယ်။ တဖြည်းဖြည်း အမွှေးတွေက ကြမ်းလာတယ်။ မုတ်ဆိတ်တွေက ဆိတ်မုတ်ဆိတ်တွေလို တနေရာတည်း ကွက်ပြီးရှည်လာတယ်။ မျက်လုံးတွေ မှုန်လာလို့ မျက်မှန်တပ်လာရတယ်။ လက်သန်းမှာ ရှိနေခဲ့တဲ့ မှဲ့တလုံးကို အမှတ်မထင် မေ့နေခဲ့ရင်းနဲ့ပဲ ပျောက်သွားတယ်။ ငယ်တုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေပြန်ကြည့်မိတဲ့အခါကျမှ ရင့်ထော်နေတဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကျတော့ ပိုပြီးတော့ ညင်သာပြီး ပိုပြီး သတိထားမိဖို့ ခဲယဉ်းတာပေါ့။ အဲဒီတော့ ပြောင်းလဲသွားတာပဲတို့ အရင်ကနဲ့ မတူတော့ဘူး ဆိုတာတွေဟာ တဆက်တည်းသော ရေအလျဉ်လိုဖြစ်နေလို့ ဘာမှအဓ္ပိပါယ်မရှိတော့သလိုပဲ။

ပြောင်းလဲခြင်းဆိုတဲ့ စကားလုံးကို ကျနော်တွေးနေတဲ့ အချိန်တိုင်း၊ ပါးစပ်ကနေ ထုတ်ပြောမိတဲ့ အချိန်တိုင်းမှာ ကျနော်အမြဲသတိရမိသွားတဲ့ အကြောင်းအရာတခုရှိသေးတယ်။ အဲဒါကတော့ The Experiment ဆိုတဲ့ ရုပ်ရှင်ပဲ။ စိတ်ပညာပိုင်းဆိုင်ရာ စမ်းသပ်မှု တခုကို ရုပ်ရှင်ရိုက်ထားတာလို့ ဖတ်ဖူးတယ်။ စမ်းသပ်ချက် အစစ်အမှန်က ကျောင်းသားတွေနဲ့ စမ်းသပ်ခဲ့တာလို့ ဆိုပြီး စမ်းသပ်ရက်ကို သုံးပတ် သတ်မှတ်ထားပေမယ့် တပတ်ထဲနဲ့တင် အခြေအနေတွေဆိုးလာလို့ ရပ်လိုက်ရတဲ့ စမ်းသပ်မှု တခုလို့လည်း ဝိုးတဝါး ဖတ်ခဲ့ရဖူးတယ်။ Stanford Prison Experiment ဆိုပြီးလည်း ရုပ်ရှင်ထွက်ဖူးတယ်ဆိုပေမယ့် အဲဒါကိုတော့ မကြည့်ဖူးဘူး။ ကျနော်က ရုပ်ရှင်ကြည့်တဲ့အခါ မင်းသားရွေးတယ်။ လူမည်းမင်းသားတွေထဲမှာ ဆိုရင် မော်ဂန်ဖရီးမင်း၊ ဖောရက်ဝှစ်တိတ်ကာ နဲ့ ဒဇယ်ဝါရှင်တန် ကို အကြိုက်ဆုံးမို့ အဲဒီမင်းသားတွေပါတဲ့ ရုပ်ရှင် တွေဆိုရင် မလွတ်တမ်း အရူးအမူးလိုက်ကြည့်ရင်း ဖော်ရက်ဝှစ်တိတ်ကာ ပါဝင်သရုပ်ဆောင်ထားတဲ့ အဲဒီ The Experiment ရုပ်ရှင်ကို ကြည့်ခဲ့ဖူးတာ။

The Experiment ဇာတ်ကားထဲမှာ ပိုက်ဆံရဖို့အတွက် စမ်းသပ်မှုတခုမှာ ပါဝင်ကြဖို့ သဘောတူထားတဲ့ လူတွေကို ထောင်လို အချုပ်ခန်းတွေပါတဲ့ အဆောက်အဦတခု ထည့်ပိတ်ထားလိုက်ပြီး လူတွေကိုလည်း အုပ်စုနှစ်ခုခွဲပေးလိုက်ပါတယ်။ လူ နှစ်ဆယ်ပါတဲ့ အကျဉ်းသားအုပ်စု၊ အဲဒီအုပ်စုကိုတော့ အချုပ်ခန်းတွေထဲမှာ စည်းကမ်းအချို့တွေနဲ့ နေစေတယ်။ ခြောက်ယောက်ကတော့ ထောင်အစောင့်တွေပေါ့။ သူတို့အလုပ်ကတော့ ထောင်သား အယောက်နှစ်ဆယ် စည်းကမ်းလိုက်နာဖို့ စောင့်ကြပ်ပေးရတဲ့ သူတွေ။ ထုံပေပေမျက်နှာကြီးနဲ့ ၀ှစ်တိတ်ကာကြီးကတော့ ထောင့်စောင့် ခြောက်ယောက် အုပ်စုထဲကပေါ့။ အစောပိုင်းရက်တွေမှာတော့ စမ်းသပ်မှုတခုလို့ သိထားတော့ ပြဿနာမရှိသေးပေမယ့် ရက်သတ္တပတ်တွေ ဖြစ်လာတဲ့အခါမှာတော့ အလုံပိတ်ထားတဲ့ အဆောက်အဦထဲကလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ပြောင်းလဲလာပါတော့တယ်။ အကျဉ်းသားတွေဟာလည်း တကယ့်အကျဉ်းသားတွေလို ခံစားလာရပြီး ထောင်စောင့်တွေဟာလည်း တကယ့် အာဏာပိုင်တွေလို့ သူတို့ကိုယ်သူတို့ ထင်လာကြတယ်။ ပြီးတော့ စည်းကမ်းချိုးဖောက်လာတဲ့ အကျဉ်းသားတွေကို ရက်စက်ကြမ်းကြုတ်လှတဲ့ နှိပ်ကွပ်မှုတွေနဲ့ ကိုင်တွယ်လာကြတော့တယ်။ မျက်ခွံတဖက်တွဲကျနေလို့ မျက်လုံးတဖက်မှေးသလိုဖြစ်နေတဲ့ ၀ှစ်တိတ်ကာကြီးဟာ အလွန်ရိုးသားထုံအတဲ့ ပေါတာကောင်ကြီးလို့ ထင်စရာပါ။ ဒါပေမယ့် ထောင်အာဏာပိုင်တယောက်လို့ သူ့ကိုယ်သူထင်လာတဲ့ အခါမှာ သေတဲ့ကြေတဲ့အထိ အပြစ်ပေးရိုက်နှိပ်မှုတွေကို သူက ဦးဆောင်ပြီး လုပ်ပါတော့တယ်။ အာဏာဟာ လူကို ပျက်စီးစေတယ်။ အကြွင်းမဲ့အာဏာဟာ လူကို အကြွင်းမဲ့ ပျက်စီးစေတယ် ဆိုတဲ့ စကားကို သတိရစရာပဲ။ အခြေအနေနဲ့ အချိန်အခါဟာ လူ့စိတ်ကို အကြီးအကျယ် ပြောင်းလဲသွားစေပါတယ်။ ကြောက်စရာကောင်းတဲ့ အစွန်းတခုဆီကို ချောက်ချားဖို့ကောင်းအောင် တွန်းပို့ထည့်လိုက်ပါတယ်။ လူစီဖာသက်ရောက်မှု လက်မမြဲသူ ပြုတ်ကျစတမ်းပါပဲ။

ဒီ Lucifer Effect ဆိုတာနဲ့ ခပ်ဆင်ဆင်တူတဲ့ ပုံပြင်လေးတခု ကျနော်ငယ်ငယ်က အမေပြောပြလေ့ရှိလို့ မှတ်မိနေပါသေးတယ်။ လူတွေကို အလွန်အင်မတန်ဒုက္ခပေးနေတဲ့ ကျောက်ဂူထဲက ဘီလူးကြီးတကောင်။ အဲဒီ ဘီလူးကြီးကို သွားရောက်နှိမ်နင်းကြတဲ့ ချစ်စဖွယ် လေးစားကြည်ညိုဖွယ် မင်းသားလေးတွေ။ ဘီလူးကို သတ်ဖြတ်ပြီးတဲ့အခါတိုင်း ကျောက်ဂူထဲမှာ ရှိနေတဲ့ ရွှေငွေ ကျောက်သံပတ္တမြားတွေကိုတွေ့ပြီး လောဘဇောတက်ပြီး ကိုယ်တိုင် ပိုပြီးဆိုးယုတ်တဲ့ ဘီလူးတွေ ဖြစ်ကုန်ကြတဲ့အကြောင်း ပုံပြင်လေးပါ။ ငယ်ငယ်ကတော့ မင်းသားလေးတွေဟာ ဘာဖြစ်လို့များ ဘီလူးဖြစ်ကုန်ရသလဲဆိုတာကို ကလေးအတွေးနဲ့ မယုံကြည်နိုင် အလိုမကျနိုင်ဖြစ်ခဲ့ရတာပေါ့။ လစ်တမတ်စက္ကူတွေ အပြာက အနီ၊ အနီက အပြာပြောင်းတာကို အံ့သြရသလိုပဲ။ ဒါပေမယ့် လစ်တမတ် စက္ကူဟာ ကန့်သတ်ချက်ရှိပါတယ်။ ပုတ်သင်ညိုတကောင်လောက်အထိပေါ့။ ဘီလူးဖြစ်လောက်အောင် ပြောင်းလဲမယ်လို့တော့ မယုံကြည်ဘူး။

လင်းခါး

အမျိုးအစား -အက်ဆေး
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.