လရောင်အောက်ထွန်ယက်ပြီး မြေမွမွကလေး၌ ပျော်မိခြင်း

၁၈.၀၁.၂၀၂၃

လူအုပ်ထဲကအထီးကျန်မှု

လရောင်အောက် ထွန်ယက်ပြီးမြေမွမွကလေး၌ ပျော်မိခြင်း

#lkessayden 95

အချစ်ကို မည်သည့်အချိန်တွင် စတင်ခံစားရသနည်းဟုဆိုလျှင် ကျနော်အချစ်ကို စတင်ခံစားရသည့်အရွယ်မှာ အတော်ပင်ငယ်လွန်းစောလွန်း၍ အတော်ယွတဲ့ သောက်ကလေးဟု အများက ဝေဖန်သမုတ်ပြုကြဦးမည် ထင်ပါသည်။ အချစ်ဆိုသည်ကို ကျနော် လေးတန်းအရွယ်တွင် စသိ ခံစားခဲ့ရပါသည်။ ကျနော်ဧ။်အချစ်မှာ အတန်းဖော်ကောင်မလေးတယောက်ဖြစ်ပါသည်။ ဆရာသော်တာဆွေဧ။် ကျနော့်ဘ၀ဇာတ်ကြောင်းထဲမှ ဇာတ်လမ်းတကွက်တွင် သူချစ်ရသော မန္တလေးမှ ကောင်မလေးတယောက်နှင့် မဆုံတွေ့လိုက်ရပုံကို ရေးသားသည့် ဝါကျကလေးတကြောင်းကို ကျနော် အမြဲအမှတ်ရနေမိသည်။ ၎င်းမှာ “နှစ်ကိုယ်မကြင်လိုက်ရပါတဲ့ မိုစလင်မလေး” ဟူသော ကိုယ်နှင့် မို၊ ကြင်နှင့်လင် ကာရံကိုက်နေသော ဝါကျကလေးဖြစ်ပါသည်။ ကျနော်ဧ။် အချစ်ဦးမိန်းကလေးမှာလည်း မိုစလင်မလေးတယောက် ဖြစ်ခဲ့ပြီး ကြင်နာခွင့်လည်း မရနိုင်ခဲ့ပါ။ (လေးတန်း ရှိသေးတာကိုဗျာ)

ထိုအတန်းဖော်ကောင်မလေးနှင့် ကျနော်သည် ခင်မင်ရင်းနှီးသည့်အဆင့်ပင် ရောက်ရှိခဲ့ဟန် မတူပါ။ အဘယ်ကြောင့်ဆိုသော် လေးတန်းပြီး၍ မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့ ပြောင်းတက်ကြသည့်အခါ တက်ကြသည့်ကျောင်းမတူတော့၍ ယနေ့အချိန်ထိလည်း တခါမျှကလေးပင် ပြန်မဆုံတွေ့ကြတော့သောကြောင့် ဖြစ်ပါသည်။ ထို့နောက် အတော်ယွတဲ့သောက်ကလေးဟု ခေါ်ဆိုနိုင်လောက်သော ကျနော်သည် ခြောက်တန်းနှစ်တွင် ချစ်ရသူတယောက် ထပ်ကောက်ရပြန်ပါသည်။ သူကလေးကတော့ ကျနော် အိမ်နံဘေးမှ အိမ်နီးချင်းကောင်မကလေး ဖြစ်ပါသည်။ ထိုကောင်မလေးနှင့်ဆိုလျှင် ငယ်စဉ် နှပ်ချေးတွဲလောင်း၊ ဂွေးတွဲလောင်းဘဝကတည်းမှ အတူတူဆော့ကစား၊ ဘောလုံးကန်(မိန်းကလေးပေမယ့် သူကလည်း ဘောကန်ကောင်းတယ်ဗျ) တွဲလျက် တွဲလျက် အိမ်နီးချင်းနေကြသော်လည်း ခြောက်တန်းနှစ်ရောက်ခါမှ မည်သို့မည်ပုံ ချစ်စိတ်ဝင်သွားခဲ့သည်ကို ယနေ့အချိန်အထိ ကိုယ့်ကိုယ်ကိုယ်ပင် ပြန်နားမလည်နိုင်ပါ။ ခြောက်တန်းစာမေးပွဲဖြေပြီး နွေရာသီကျောင်းပိတ်ရက်ဖြစ်နေချိန်တွင် ကျနော်သည် ကျနော်ချစ်ရသော ထို အိမ်နီးချင်းကောင်မလေး အား ရည်စားစာပေးရန် စာတစောင်ရေးသားခဲ့ပါသည်။

ယနေ့ပြန်စဉ်းစားကြည့်သည့်အခါတွင် ထိုအချိန်က ကျနော်ရေးသားခဲ့သော ၎င်းရည်းစားစာကိုသာ သူမဖတ်ခွင့်ရခဲ့လျှင် ကျနော်နှင့် သူမတို့ ခြောက်တန်းအရွယ်ကလေးနှင့်ပင် ရည်းစားတွေဘာတွေ ဖြစ်သွားခဲ့ နိုင်သည်ဟု ထင်မြင်မိပါသည်။ ကျနော့်လက်ရေးကား ဝိုင်းစက်ပြီး အတော်လှသည့် လက်ရေးမျိုးဖြစ်ပြီး ကျနော်ရေးခဲ့သည့် ရည်းစားစာမှာလည်း ထိုခေတ်အခါက ခြောက်တန်းကလေးအားလုံးကို ရည်းစားစာ အရေးပြိုင်ပွဲသာ ကျင်းပပေးမည်ဆိုပါက ဆုချိတ်မည့် စာအရေးအသားမျိုးဖြစ်ခဲ့သည်ဟု ယုံကြည်မိပါ၏။

ကျနော့်မှတ်ဉာဏ်ကို အတင်းအဓမ္မနှိုးဆွ၍ ထိုစဉ်က ရေးသားခဲ့သောရည်းစားစာထဲမှ စာတကြောင်းကို ထုတ်နှုတ်ပြရလျှင် “နင့်ကို မြင်နေရရင် ငါ ဗိုက်မဆာဘူး၊ နင့်မျက်နှာကလေးဟာ ငါ့အတွက် ကြက်ဥနဲ့ နွားနို့ထက်တောင် အာဟာရဖြစ်သေးတယ်ဆိုတာ နင်ယုံပါ။ ခေါက်ဆွဲကြော်တွေ အားလုံးထက်လည်း နင်က ပိုလှတယ်” စသဖြင့် စကားလုံးအတိအကျမဟုတ်သော်လည်း ဤသဘောအပြည့်ဆိုသည်ကို ကျနော် အာမခံနိုင်ပါသည်။ ထို့ပြင် ထိုစဉ်က ကျနော်နှင့်အတန်းတူ သူငယ်ချင်းတွေ ရည်းစားစာ ရေးကြလျှင် စာစလျှင်စချင်း “သို့ ချစ်တဲ့ဘယ်သူ” ဟူ၍ ရေးကြသော်လည်း ထိုအချိန်က ကျနော်သည် မည်သူ့ဆီက နည်းရခဲ့သည် စဉ်းစားမရဘဲ ရည်းစားစာအစတွင် “အတွက်” ဟူ၍ ရေးသည်ကို မှတ်မိနေခဲ့ပါသေးသည်။

သို့သော် ကျနော်သည် ငယ်စဉ်တောင်ကျေးကလေးဘဝမှစ၍ ယနေ့အချိန်အထိ အချစ်ရေးတွင် ကံနည်းခဲ့သူတဦးဟု ဆိုနိုင်ပါသည်။ ထိုပြောင်မြောက်လှစွာသော ကျနော်၏ ရည်းစားစာကလေးကို ကျနော်၏ ဒုတိယငယ်ချစ် အိမ်နီးချင်းကောင်မလေး ဖတ်ခွင့်မရခဲ့လိုက်ပါ။ စာပေးရန် လှေကားတွင် ရင်တုန်ပန်းတုန်နှင့် စောင့်နေမိချိန်တွင် ဆယ်တန်းဖြေထားပြီးသော သူ၏မမကြီးရောက်လာကာ “ဟယ် ဒါကဘာလဲ ငါ့ပြစမ်း” ဟူ၍ ကျနော့်စာကို ဆွဲယူဖတ်ရှုပြီး တဟားဟားနှင့် ထိုင်ရယ်နေပါတော့သည်။ ကျနော့်မှာ သူခိုးလူမိမို့ တထိတ်ထိတ်တလန့်လန့်ဖြစ်ကာ သူမ၏မမကြီးက ဘယ်အချိန် နရင်းရိုက်လိုက်မလဲဟု တွေးရင်း ခေါင်းကလေးငုံ့၍သာ နေခဲ့ရရှာပါသည်။ မမမကြီးကား လှောင်ပြောင် ရယ်မော၍ဝသော် “နင်က ငါ့ညီမများကိုများ စာပေးမယ်ဟုတ်လား လူကဘယ်အရွယ်ရှိသေးလဲ ရည်းစားထားချင်ရသတဲ့ အမလေး အရပ်ကတို့၊ နေစမ်းပါဦး ဒါ နင်ကိုယ်တိုင်ရေးတာလား” ဟု ငေါက်မေး မေးပါသည်။ “ဟုတ်ကဲ့ သားပါသားရေးတာပါ” ဖြေရင်း ခေါင်းကလေးငုံ့နေသည့် ကျနော့်အား “စာအရေးအသားကတော့ မဆိုဘူး ရယ်ရတယ်” ဟုပြောကာ ခေါင်းကိုတချက်ပုတ်၍ စာကိုလည်း ပြန်မပေးတော့ဘဲ ထွက်သွားပါတော့သည်။

ထိုအဖြစ်အပျက်ဖြစ်ပြီး တလအကြာတွင် သူမတို့ မိသားစုတစုလုံးသည် ရန်ကုန်မြို့မှ အလွန်ဝေးလံသော ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြောင်းရွှေ့သွားကြပါတော့သည်။ ကျနော့်မှာ ခုနစ်တန်းနှစ် ကျောင်းများပြန်ဖွင့်ပြီး တလနှစ်လခန့်အထိ လူမသိသူမသိ အသည်းကြီးဟက်တက်ကွဲနေခဲ့ရပြီး တငိုငိုတရီရီဖြစ်နေခဲ့ရပါသည်။ ယနေ့အထိ ကျနော်၏ ဒုတိယငယ်ချစ်ဦး ကောင်မကလေးနှင့် ကျနော်သည် ရှင်ကွဲကွဲလျက် ရေစက်ကုန်ခဲ့ကြရပါတော့၏။ ပြန်မဆုံကြရတော့ပါ။ လွမ်းမိပါရဲ့ ရခိုင်မကလေးရယ် ။

လေးတန်းနှစ်၊ ခြောက်တန်းနွေရာသီကျောင်းပိတ်ရက်များတို့တွင် စတင်ခဲ့သော ချစ်စဖွယ်သော ကောင်မလေးနှစ်ဦးမှ အစပြု၍ ကျနော်၏ ချစ်ခရီးလမ်းသည် ဖြောင့်ဖြူးခြင်းအလျဉ်းမရှိခဲ့သော်လည်း ဆက်မြဲဆက်၍သွားတုန်းပင်။ သို့သော် ထိုနှစ်ဦးနောက်မှ ကျနော်ချစ်ရသော မိန်းကလေးအတော်များများ ရှိခဲ့သော်လည်း ဇာတ်လမ်းထိုထို အဖြစ်အပျက်ဖုံဖုံတို့ကို ကျနော် မမှတ်မိ။ ၎င်းနောက်မှ ကျနော့်အနေနှင့် စွဲစွဲမြဲမြဲဖြစ် မမေ့နိုင်သော ဆန်းကြယ်သော အချစ်ကား ပြန်လည်ပြောပြရန်ပင် သင့်မသင့် ကျနော့်မှာ အပူတပြင်းချိန်ဆနေရပါ၏။ ထိုဆန်းကြယ်သော ချစ်ခြင်းကား ရှစ်တန်းနှစ်ဖြေဆိုပြီး နွေရာသီကျောင်းပိတ်ရက်တွင် ပေါက်ဖွားခဲ့ပါသည်။

ရှစ်တန်းနှစ်နွေရာသီကျောင်းပိတ်ရက်တွင် ကျနော်ချစ်မိခဲ့သည်ကား အတန်းဖော်ကောင်မကလေး မဟုတ်ပါ။ အိမ်နီးချင်းမိန်းကလေးလည်း မဟုတ်ပါ။ ဆိုရလျှင် သက်တူရွယ်တူ မိန်းကလေးတယောက်ပင် မဟုတ်ပါ။ ထိုထက်ပို၍ အတိအကျဆိုရလျှင် အပျိုပင်မဟုတ်ပါ။ ထိုအချိန်က ကျနော် ချစ်မိခဲ့သောသူမှာ အသက်သုံးဆယ့်ငါးလေးဆယ်တွင်းခန့် ရှိနေပြီဖြစ်သော အိမ်ထောင်သည်မိန်းမကြီး တယောက်ဖြစ်နေခဲ့ပါသည်။ ဤနေရာတွင် ကြားဖြတ်၍ စကားအနည်းငယ်ဆိုချင်ပါသည်။ ရှစ်တန်းနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ကျနော့်အသက်သည် ကျောင်းစထားစဉ်က အသက်လိမ်ခဲ့သောကြောင့် ဆယ့်နှစ်နှစ်ကျော်ရုံကလေးမျှသာ ရှိသေး၍ လူပျိုစိတ်မပေါက်ခဲ့သေးပါ။ လိင်သဘာဝ၊ လိင်စိတ်ကို မသိသေး။ ပကတိကလေးတယောက် ချစ်စိတ်သာ ရှိနေခဲ့သေးသည်ကို တင်ကြိုပြောပြထားလိုပါသည်။

ဆက်ရပါလျှင် ကျနော်ချစ်မိခဲ့သော အန်တီကြီးအမည်မှာ ဒေါ်ရှမ်းမ ဖြစ်ပါသည်။ သူ့တွင် သားနှစ်ယောက်ရှိ၍ ကျနော်နှင့် ကစားဖက်များဖြစ်ကြ၏။ အကြီးကောင်မှာ ကျနော့်ထက် နှစ်နှစ်ကြီးပြီး အငယ်ကောင်ကား ကျနော်နှင့်ရွယ်တူ ဖြစ်၏။ သို့သော် နှစ်ဦးစလုံး ကျောင်းမနေကြပါ။ အန်တီဒေါ်ရှမ်းမ၏ ယောကျ်ားမှာ ထိုအချိန်က အရက် အလွန်အကျွံသောက်သုံး၍ ဘဝ၏ နောက်ဆုံးအချိန်သို့ရောက်နေသော ဇိုးသမားတဦးဖြစ်ပြီး ဝင်ငွေလည်း မရှာနိုင်တော့ပါ။ အိပ်ရာပေါ်တွင် လဲနေပြီး အရက်ကို ပါးစပ်ထဲ ငှဲ့ငှဲ့ထည့်ပေးနေရပါပြီ။

အန်တီဒေါ်ရှမ်းမသည် ကျနော်တို့အိမ်သို့ နေ့စဉ်လာ၍ ကျနော်တို့မိသားစု၏ အဝတ်များကို အခကြေးငွေယူကာ လျှော်ပေးပါသည်။ ထို့နောက် မီးပူတိုက်ပါသည်။ ထို့နောက် အိမ်သန့်ရှင်းရေးများ လုပ်ပါသည်။ တခါတရံတွင် ထမင်းဟင်းပင် ဝင်ချက်ပေးသွားတတ်ပါသည်။ ထိုကဲ့သို့ ကျနော်တို့အိမ်၏ အိမ်တွင်းမှုလုပ်ငန်းများကို လုပ်ကိုင်ပေးနေသည်မှာ ကျနော်ခုနစ်တန်းအရွယ်ကတည်းက ဖြစ်ပြီး သူ့အိမ်နှင့် ကျနော်တို့အိမ်သည် ကလေးခြေလှမ်းတရာခန့်အတွင်းတွင်သာ ရှိလေရာ အန်တီဒေါ်ရှမ်းမသည် ကျနော်တို့အိမ်သို့ ရောက်လာလိုက် သူ့အိမ်သို့ ပြန်သွားလိုက်ဖြင့်ပင် တနေ့တနေ့ လွန်းထိုးနေတော့ပါ၏။ တခါတရံ ကျနော်တို့အိမ်တွင်ပင် ထမင်းစားသည်၊ ရေချိုးသည်။

တနှစ်ကျော် တနှစ်ခွဲကာလ အိမ်တွင်ရှိနေခဲ့သော အန်တီဒေါ်ရှမ်းမကို တနေ့သ၌ မည်သို့ဖြစ်သည် မသိ။ ကျနော် ကျောင်းကအပြန်တွင် ရေမိုးချိုးပြီး သနပ်ခါးလိမ်းထားသော အန်တီဒေါ်ရှမ်းမတယောက် အိမ်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း တီဗွီကြည့်နေသည်ကို ကျနော်မြင်လိုက်ရင်း ထူးဆန်းလှစွာသော ချစ်စိတ်ဝင်သွားပါတော့သည်။ ယနေ့ပြန်စဉ်းစားကြည့်မိသည့်အခါ အန်တီဒေါ်ရှမ်းမသည့် အလွန်လှသည့် မိန်းမတဦးဆိုသည်ကို ကျနော် ဦးစွာ သတိချပ်မိပါ၏။ အသားမှာ ဖြူ၍ဝင်းနေပါသည်။ ရုပ်ရည်မှာ မင်းသမီး ထွန်းအိန္ဒြာဗိုလ်နှင့် ခပ်ဆင်ဆင်ဖြစ်ပြီး အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ ထွန်းအိန္ဒြာဗိုလ်ထက်ပင် သာသေးသည်ဟု ပြန်စဉ်းစားကြည့်မိပါသည်။ စကားပြောလျှင်လည်း ရှမ်းတိုင်းရင်သူမို့ ၀ဲတဲတဲနှင့် နားထောင်ရသည်မှာ နှစ်သက်ဖွယ်တမျိုးဖြစ်နေခဲ့ပါသည်။

ကျနော်ကျောင်းကအပြန် တအံ့တသြ မှင်သက်မြင်လိုက် ချစ်စိတ်ဝင်သွားသည့်နေကဆိုလျှင် အန်တီဒေါ်ရှမ်းမသည် ရေချိုးပြီးစမို့ တင်ပါးအထိရောက်နေပြီဖြစ်သော ဆံပင်အရှည်ကို ဖြန့်ချထားပြီး ပါးပေါ်တွင် သနပ်ခါးဝါဝါလိမ်းတင်ထားသည်မှာ သူ၏ ဖြူဝင်းသော အသားအရည်နှင့် အင်မတန်ကျက်သရေရှိလှ၍ ဆယ့်နှစ်နှစ်အရွယ်ကလေးငယ် ကျနော့်မှာ ကြက်သီးဖြန်းဖြန်းထသွားမိသည် ထင်ပါသည်။ ထိုနေ့မှစ၍ ကျနော်သည် အန်တီဒေါ်ရှမ်းမကို စွဲလန်းသွားမိပါတော့သည်။ ကျောင်းတွင် ရောက်နေလည်း အန်တီဒေါ်ရှမ်းမကို တွေ့ချင်လှ၍ အိမ်ပြန်ချင်စိတ်က ကြီးစိုးနေသည်။ အိမ်ပြန်ရောက်လျှင်လည်း အန်တီဒေါ်ရှမ်းမဘေးမှ မခွာ သူခိုင်းသော တောက်တိုမယ်ရအလုပ်ကလေး များစွာကို ပျော်ရွှင်စွာလုပ်ကိုင်ပေးရင်း ကျေနပ်ပီတိဖြစ်နေမိသည်။ နောက်ဆုံး ညဘက်တွင် သူ့အိမ်သို့သူ ပြန်သွားသောအခါများ၌ပင် ကျနော့်မှာ အိပ်ရာထဲတွင် တလူးလူးတလိမ့်လိမ့်ဖြစ်၍ အန်တီဒေါ်ရှမ်းမ အိမ်လာမည့်အချိန်ဖြစ်သော မနက်ခင်းသို့ မြန်မြန်ရောက်လိုလှအောင် ထွန့်ထွန့်လူးနေပါတော့သည်။

ယခင်ကဆိုလျှင် ကျောင်းမတက်၍ ခပ်နှိမ်နှိမ်ထားပေါင်းခဲ့သော အန်တီဒေါ်ရှမ်းမသားနှစ်ယောက်အား အန်တီဒေါ်ရှမ်းမကို ကျနော် ချစ်စိတ်ဝင်သွားသည့်နေ့မှစ၍ ညီအစ်ကိုရင်းများကဲ့သို့ ကြင်နာစွာ ပေါင်းသင်းနေထိုင်သည်။ ကျနော့် ကျောင်းမုန့်ဖို့များထဲမှ မုန့်ဝယ်ကျွေးသည်။ ယခင်က သူတို့နှင့် ပိုက်ဆံကြေး ကျောက်ဒိုးပစ်၊ ကားချပ်ချ၊ ဒိုးဆက်ဆော့ကြလျှင် ကျနော့်မှာ အမြဲရှုံးနေ၍ မကြည်ဖြူ မကျေနပ်လှပါ။ အန်တီဒေါ်ရှမ်းမကို ကျနော်ချစ်သွားသည့်နေ့မှစ၍ ကျနော်သည် ကြည်ကြည်ဖြူဖြူ ရှုံးပါသည်။ သို့သော် ကျနော့်မှာ ဆော့ကစားချိန် သိပ်နည်းသွားခဲ့သည်။ အန်တီဒေါ်ရှမ်းမ ဘေးမှ ခွာသည့် အချိန် ရှားပါးသွား၍ ဖြစ်ပြီး သူ၏ မျက်နှာကို မြင်နေရလျှင် ကျနော့်အတွက် အရာရာပြီးပြည့်စုံသကဲ့သို့ ဖြစ်နေခဲ့ပါသည်။

ကျောင်းပိတ်ရက်တနေ့တွင် ကျနော်သည် အန်တီဒေါ်ရှမ်းမ ရေမိုးချိုးပြီး၍ ထဘီရင်လျားနှင့် သနပ်ခါး ကျောက်ပြင်ရှေ့ထိုင်ကာ သနပ်ခါးသွေးနေသည်ကို ထိုင်ကြည့်နေမိသည်။ ရင်ထဲတွင်လည်း တသိမ့်သိမ့်နှင့် ခံစားကျေနပ်လျက်ရှိနေစဉ် ကျနော်ကြည့်နေမှန်းကို သိသွားသော အန်တီဒေါ်ရှမ်းမက မှန်ထဲမှတဆင့် ကျနော့်အား နောက်ပြန်ကြည့်ကာ “ဟိတ်ကောင်လေး ဘာလာလုပ်နေတာလဲ” ဟု ပြုံးပြီး မေးသည့် အချိန်ကလေးကို ယနေ့အထိ ကျနော်မှတ်မိနေပါသည်။ “ဘာမှမလုပ်ပါဘူး အန်တီဒေါ်ရှမ်းမကလဲ” ဟု ရှက်ကိုးရှက်ကန်းနှင့် ဆိုကာ အိမ်ပြင်သို့ ကျနော် ပြေးထွက်ခဲ့ရပါသည်။ ကျနော်သည် ထိုနေ့ကလေးကို ယနေ့အထိ မမေ့ပါ။ ထိုနေ့မှစ၍ ကျနော်သည်လည်း အန်တီဒေါ်ရှမ်းမ အနားသိပ်မကပ်ဖြစ်တော့။ ချစ်စိတ်ရှိဆဲ ဖြစ်နေသော်လည်း ရှက်ရွံ့ခြင်းကြောင့်ပဲလား အဘယ်ကြောင့်ရယ်မသိ အနည်းငယ် စိမ်းသလို ဖြစ်သွားခဲ့ပါသည်။

ထိုမှတလနှစ်လအကြာတွင် အန်တီဒေါ်ရှမ်းမ၏ အိမ်ရာထဲလဲနေသည့် ချစ်စွာသော ယောကျာ်း သေဆုံးသွားခဲ့ပါသည်။ သေဆုံးသွားသော သူ၏ယောကျ်ားအလောင်းကိုဖက်ကာ အော်ဟစ်ငိုကြွေး နေသည့် အန်တီဒေါ်ရှမ်းမ၏ ပုံရိပ်ကို ကျနော်မှတ်မိနေပါသေးသည်။ ထိုပုံရိပ်ကို ကြည့်ရင်း ကျနော်သည်လည်း ဝမ်းနည်းနေခဲ့ဖူးသည်ကိုး။ ထို့နောက် အန်တီဒေါ်ရှမ်းမသည် သားနှစ်ယောက်ကိုခေါ်ကာ သူ၏ဇာတိမြေ ရှမ်းပြည်သို့ ပြန်လည်ပြောင်းရွှေ့သွားပါတော့သည်။ အန်တီဒေါ်ရှမ်းမတို့ ထွက်သွားပြီး တလနှစ်လတွင်တော့ ကျနော်လည်း သူ့ကို လွမ်းဆွတ်နေခဲ့ပါသေးသည်။ နောက်တော့လည်း သူ့အလိုလို မေ့ပျောက်သွားခဲ့ပြန်ပါတော့သည်။

ကျနော်သည် ယနေ့အချိန်တွင် ကျနော့်ဘဝ၏ ချစ်ရသော မိန်းကလေးများအကြောင်းကို စာရင်းချ စဉ်းစားတွေးတောကြည့်မိတိုင်း ကန့်လန့်ကန့်လန့်ပါလာတတ်သော အန်တီဒေါ်ရှမ်းမ၏ ပုံရိပ်ကို တွေး၍ ရှက်စိတ်ဖြစ်ပေါ်နေမိပါသည်။ “ငါ့နှယ် ဘယ်လိုကြောင့် အဒေါ်ကြီးတယောက်ကို သွားချစ်မိသေးပါလိမ့်” ဟူ၍ မတွေးဘဲမနေနိုင်ပါ။ ထို့အတူ မပြုံးမိလိုက်ဘဲ မနေနိုင်ပါ။ သို့သော် ဖျောက်ဖျက်ပစ်လိုက်လို့တော့ဖြင့် မရပါ။ တခါတရံတွင် မည်သည့်အကြောင်းမျှ မတိုက်ဆိုင်ပါဘဲ မှန်ရှေ့၊ ကျောက်ပျဉ်ရှေ့တွင် သနပ်ခါးသွေးနေသော အန်တီဒေါ်ရှမ်းမ၏ ရုပ်ပုံလွှာကို မြင်ယောင်မိနေသေးသည်။ သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ်လှိမ့်နေ၍ ဖြူဝင်းသော လက်မောင်းသားလှုပ်ရှားနေပုံ၊ ထဘီရင်လျားထား၍ ပုခုံးသားနှစ်ဖက် နိမ့်ချည်မြင့်ချည်ဖြစ်နေပုံ၊ ထို့ပြင်တဝ စည်းချက်ကျ တုန်ခါနေသော ရေလဲထဘီအောက်မှ တင်ပါးတုံးကြီးများ။ အဓိကပုံရိပ်မှာတော့ ဆယ့်နှစ်နှစ်အရွယ်ကလေးတယောက်အတွက် အဒေါ်ကြီး ဖြစ်နေသော်လည်း အသက်သုံးဆယ့်ငါးလေးဆယ်အရွယ်တွင် လှပပျိုမြစ်နေသေးသော အန်တီဒေါ်ရှမ်းမ၏ ဖြူဝင်းသွယ်လျသော မျက်နှာ။

အသက်ဆယ့်နှစ်နှစ်အရွယ်က ကျနော်သည် အန်တီဒေါ်ရှမ်းမကို မြတ်နိုးစွာချစ်ခဲ့ဖူးပါသည်။ သို့သော် ထိုအချစ်တွင် ဖိုမသဘာဝ လိင်ပိုင်းဆိုင်ရာမပါဝင်ခဲ့ပါ။ လိင်စိတ်ဆိုသည်ကိုပင် ဘာမှန်းမသိသေးသည့် ကလေးတယောက်သည် အသက်သုံးဆယ့်ငါးလေးဆယ်ဝန်းကျင် အမျိုးသမီးတဦးကို ချစ်စိတ်ဟူသည့် အတိအကျအဓိပ္ပာယ်ဖော်ရခက်လှသော ချစ်စိတ်သက်သက်ဖြင့် အမြတ်တနိုးချစ်ခဲ့ဖူးပါသည်။ မည်သို့သော အချစ်မျိုးပါလိမ့်။ ထိုအချစ်သည် ဘကြီးအောင်၏ ရွှေစင်ရုပ်ကလေးကို စွဲလန်းမိသော မောင်ချစ်ကလေး၏ အဖြစ်မျိုးနှင့် ထပ်တူမကျသည်ဆိုဦးတော့ ခပ်ဆင်ဆင်ဖြစ်လိမ့်မည်ဟု ကျနော်ကတော့ ထင်မြင်နေမိပါတော့သည်။

#လင်းခါး

အမျိုးအစား -အက်ဆေး
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.