သေးနုပ်သော နေ့စဉ်

၀၂.၀၂.၂၀၂၃

လူအုပ်ထဲကအထီးကျန်မှု အက်ဆေးစုစည်းမှု

သေးနုပ်သော နေ့စဉ်

#lkessayden 85

လေထိုးကျွတ်ဖာဆိုင်ကိုရောက်တော့ လက်မတင်ကလေး ဖီးဆင့်စက်ဘီးစုတ်ကလေးတစီးက ဦးသွားတယ်၊၊ ခဏစောင့်ပါလို့ ရှေ့သွားတွေနဲ့ လမ်းခွဲခဲ့ပြီးတာ ကြာပြီဖြစ်လောက်တဲ့ စက်ဘီးပြင်ဆရာက လေတိုးသံနဲ့ ပြောတယ်၊၊ ပြီးတော့ သစ်ပင်နဲ့ချည်ထားတဲ့ ကြိုးတွေကို ဖြည်ချလိုက်ရင် ဆိုင်ကိုပိတ်ချတဲ့ တံခါးဖြစ်သွားမယ့် လှန်တင်ထားတဲ့ ထရံအမိုးပေါ်မှာ စက်ဘီးကို ကြိုးချည်လိုက်တယ်။ စက်ဘီးဟာ လေထဲမှာ တွဲလွဲ။ ဒေါက်ထောက်စရာ မပါလို့ထင်တယ်။ အဲဒီအတိုင်း စက်ဘီးခွေကို သူဖြုတ်နေတယ်။ ကျနော်လည်း ငုတ်တုတ်ထိုင်ပြီး စက်ဘီးကျွတ်အဟောင်းပုံကြား နှစ်များစွာ ပင်ပန်းလာရလို့ အနားယူနေသလို ခွေအိပ်နေတဲ့ ခွေးကို ငေးကြည့်နေမိတယ်၊၊ ခွေးကိုကြည့်လျက် နဖူးကနေစီးကျလာတဲ့ ချွေးကိုသုတ်ရင်း ဆဲလ်တလုံးရဲ့ အလေးချိန်၊ အလုပ်လုပ်ပုံ၊ ဆဲလ်တလုံးတည်းသာရှိတဲ့ သတ္တဝါဆိုတာတွေကို စကားလုံးအရတော့ သိသလိုလိုပဲလို မဆီမဆိုင်အတွေးဝင်နေမိတယ်။


ကျနော့်မှာ ကျနော့်ရဲ့ ရေနံချောင်းစက်မှုဇုန်က ပြန်လည်တပ်ဆင်ပြီး သူပဲ ဖန်တီးထုတ်လုပ်လိုက်သလိုလို စူပါကပ်ကို စတားတံဆိပ်ပြောင်း ဆိုင်ကယ်ဟောင်းကို နေပူထဲ အဝေးကြီးကနေ တွန်းလာရတာ၊၊ တော်တော်ပင်ပန်း နွမ်းလျနေခဲ့ပြီ။ ကြည့်စမ်း ဒီခွေးကတော့ ကပ်ကမ္ဘာအမျိုးမျိုးကို ကျော်လွှားလာခဲ့ရာမှာ သူတယောက်တည်းသာ နောက်ဆုံးရှင်ကျန်ရစ်သူလို ဇိမ်ကျနေတာမြင်ရတော့ နည်းနည်းတော့ မနာလိုဖြစ်မိတာပေါ့၊ ခွေးကို မနာလိုဖြစ်ရတာလောက် လောကမှာ လူဖြစ်ရှုံးတာရှိပါတော့မလားလို့ စဉ်းစားမိပြန်လို့ နေရင်းထိုင်ရင်း ဒေါသပါထွက်မိလာရော။ ဘယ်လိုပဲဖြစ်ဖြစ် ဒီခွေး ဇိမ်ကျနေတာကဖြင့် အသိသာကြီး၊၊

အရေးထဲ ဖီးဆင့်စက်ဘီးပိုင်ရှင် မိန်းမကြီးက သူစီးမယ့် စက်ဘီးကလေးမျက်နှာကိုမှမထောက် စွပ်စက် ဝဖီးနေရင်းက “ဟိုနေ့ကတော့ ၉၉ နဲ့ အကြာကြီး ငြိမ်နေပြီးမှ တချက်ပြောင်းသွားလိုက်တာ ရင်ကျိုးတာပဲတော်ရေ့” တဲ့ စက်ဘီးပြင်ဆရာကို ပြောတယ်၊၊ စက်ဘီးပြင်ဆရာကို ပြောတယ်ဆိုပေမယ့် သူ့အသံက အထက်ဘဝဂ် အောက်နရက်တိုင်တယ်၊၊ အဝေးက လော်စပီကာနဲ့ ဖွင့်ထားတဲ့ ပဌာန်းသံကိုပါ ဖုံးအုပ်သွားတယ်။ “ဟုတ်ပ ကျနော်လဲ အဲ့နေ့က ခွေးမဖြစ်ရုံတမယ်ပဲဗျာ ဟဲ ဟဲ” တဲ့ ။ စက်ဘီးပြင်ဆရာကလည်း ရယ်ရယ်မောမော ပြန်ပြောတယ်၊၊ ခွေးမဖြစ်ရုံတမယ်ပဲ ဆိုတဲ့ အသံကြားလို့နဲ့ တူတယ်။ ခွေအိပ်နေတဲ့ ရှင်ကျန်ရစ်သူခွေးဟာ ကျွတ်ဟောင်းပုံပေါ်ကနေ နားရွက်တချက်ခတ်လိုက်တာကို မြင်လိုက်ရတယ်၊၊

ခင်ဗျားတို့ သိမလားတော့ ကျနော်လည်း မသိဘူး၊၊ ဘောပွဲဂိုးစကိုးလ်တွေကို တိုက်ရိုက်ကြည့်လို့ရတဲ့ အက်ပလီကေးရှင်းလေးတွေ ရှိသလိုပဲ၊၊ နှစ်လုံးထီ တိုက်ရိုက်ကြည့်လို့ရတဲ့ အက်ပလီကေးရှင်းတွေ ရှိတယ်၊၊ နေ့လယ် ၁၂နာရီမှာတကြိမ် ညနေလေးနာရီခွဲမှာ တကြိမ် တနေ့နှစ်ကြိမ် နှစ်လုံးထွက်တယ်၊၊ လူတော်တော်များများ အဲဒါနဲ့ပဲ အမွဲသံသရာလည်နေကြရတာ။ ပျော်နေတော့လည်း မွဲတယ်ဆိုတာ ဘာဟုတ်သေးလဲ။ မွဲ မွဲပေါ့ကွာ ဘုကလန့်ပြောတတ်ကြသေးတယ်။ မပျော်တောင် အနည်းဆုံးတော့ စိတ်လှုပ်ရှားရသေးတာကိုး၊၊

နှစ်လုံးထီထွက်ခါနီးအချိန်တွေမှာ များသောအားဖြင့်တော့ အဘိုးကြီးတွေဟာ ဖုန်းကလေးတွေ ကိုယ်စီနဲ့ စျန်ရတော့မတတ် အဲဒီဆော့ဝဲလေးဖွင့်ပြီး သမထကျင့်နေတာကို ကျနော်မြင်ဖူးတယ်၊၊ ကွမ်းယာဆိုင်မှာ ကယ်ရီဂိတ်မှာ လက်ဖက်ရည်ဆိုင်မှာ အဲဒီဆော့ဝဲကလေးကို ငယ်ချစ်ရဲ့ မျက်နှာ ကြည့်သလို တစက်ကလေးမှ အလွတ်မပေးဘဲ ကြည့်နေတာကို ပထမဆုံး စမြင်ဖူးတော့ ဘာပါလိမ့်လို့ ကျနော်လည်း စူးစမ်းကြည့်တယ်။ ဦးလေး အဲဒါဘာလဲဗျလို့ ဘိုးတော်တယောက်ကို တခါမှာ ကျနော်မေးကြည့်တော့ ဘိုးတော်က ချက်ချင်းတောင် မဖြေနိုင်ဘူး။ ခဏစောင့်ဦး ဆိုတဲ့သဘောနဲ့ လက်ညှိုးကလေးထောင်တော်မူပြီး တားတယ်။ ကျနော်လည်း ဘာမှဆက်မမေးနိုင်ဘူး။ သူဖြေမယ့် အချိန်ကိုပဲ စောင့်နေရတာပေါ့။ သိပ်မကြာ လိုက်ပါဘူး။ သုံးမိနစ်လောက်နေတော့မှ ဘိုးတော်က အတော်ကြီးကို ကိုယ်စိတ်နှစ်ပါးသက်သာရာ ရသွားပုံနဲ့ သက်ပြင်းချ “တော်သေးတာပေါ့ကွာ” လို့ ဆိုရင်း “ဒါ နှစ်လုံးကြည့်တဲ့ ဆော့ဝဲလေကွာ” လို့ ဖြေတယ်။ ကျနော် အံ့တောင်သြသွားတယ်။ ဟာ ခေတ်မီလှချည်လားပေါ့။

ခေတ်ကြီးက တိုးတက်လာတော့ နှစ်လုံး ဘာထွက်သလဲ ဖုန်းစခရင်ကနေ တိုက်ရိုက် ရှိုးနိုင်ကြပြီလေ။ ထိပ်စီးက မထွက်ခင် ၁၅မိနစ်အလိုဆိုရင် ငြိမ်ပြီတဲ့၊၊ အဲဒါ ကြည့်နေရင်းက ဂဏန်းတခုစီကို ပြောင်းသွားတာနဲ့ လူထူထူကြားထဲမှာ “ဟ ပြောင်းပြီဟေ့ ပြောင်းပြီ ဟ” ရယ်လို့ အကုန်လုံးကြည့်နေကြတာချင်းအတူတူ သူကပဲ စသိသလိုလို ထအော်တတ်ကြသေးတာ၊၊ တယောက်ကို ဖုန်းတလုံးစီနက် ကုက္ကိုပင်ရိပ်အောက်မှာ ဖိနပ်ဖင်ခုထိုင်ကြရင်း တယောက်နဲ့တယောက် ကြည့်တဲ့ ဆော့ဝဲ မတူလို့ ငါ့ဆော့ဝဲက ပိုမြန်တယ် သူ့ဆော့ဝဲက ပိုမြန်တယ် တပတ်အတွင်းထွက်သမျှ ကလန်ဒါပါသေးတယ် စသဖြင့် ငြင်းကြခုန်ကြသေးတာ၊၊ အဘိုးကြီးတွေဟာ ကားချပ်ပစ်တိုင်းကစားနေတဲ့ ကလေးတွေလိုပဲ။

ထားပါလေ။ ခေတ်ကြီးဘယ်လိုတိုးတက်တိုးတက် ကျနော့် အလုပ်တော့လဲ မဟုတ်ပါဘူး၊၊ လောလောဆယ်မှာ အဲဒီအကြောင်းလည်း မပြောချင်တော့ဘူး။ ခုလတ်တလောပြဿနာက ဆိုင်ကယ်ဘီးပေါက်၊ နေပူထဲ တမိုင်ခရီးလောက်တွန်းရင်း ဘီးဖာဆိုင်ရှာရ၊ ဆိုင်တွေ့ပြန်တော့ ငါးစက္ကန့်လောက်ကလေး စောသွားတဲ့ ဖီးဆင့်စက်ဘီးပိုင်ရှင် မိန်းမကြီးကြောင့် ငုတ်တုတ်ထိုင်စောင့်နေရ။ ပြီးတော့ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ တနေ့မှာ စကြာဝဠာကြီးဟာ ကမောက်ကမဖြစ်လာဦးမယ်။ အဲဒါအခါ ဘယ်သူ့ပယောဂမှမပါဘဲ ကမ္ဘာပျက်မယ်။ ကမ္ဘာပျက်ပြီးတဲ့နောက်တော့ လူတွေ၊ သူတို့ယုံကြည်တာတွေ၊ ခမ်းနားတယ်ထင်တာတွေ အားလုံးအားလုံးဟာ စကြာဝဠာကြီးရဲ့ အလွန်အင်မတန်အနန္တကြီးမားမှုထဲမှာ အစရှာမရအောင် ပျောက်သွားမယ်။ ဘာသဲလွန်စမှ မကျန်ခဲ့ဘူးဟေ့ လို့ ကြွေးကြော်ပြီး ယုံကြည်အချက်အပြည့်နဲ့ အိပ်ပျော်နေတဲ့ ခွေးကို မြင်လိုက်ရတော့ စိတ်ဓာတ်ကျရတာပေါ့။

အဲဒီလို ခံစားချက်နဲ့ အလင်းပွင့်လျက်သား စိတ်ဒုက္ခကို ခံစားနေရတဲ့အထဲ သူတို့က နှစ်လုံးအကြောင်းပြောရင်း ခွေးမဖြစ်ရုံတမယ်တွေ ရင်ကျိုးရတာတွေနဲ့ ဒရာမာခင်းနေပြန်တော့ အရမ်းများသွားပြီကွာလို့ အတွင်းထဲကနေကြိတ်ပြီး စိုးလွင်လွင်လို တောက်တချက်ခေါက်လိုက်မိတယ်၊၊ (စိုးလွင်လွင် တောက်ခေါက်တဲ့သီချင်း နားထောင်ဖူးတယ်မို့လား "အချိန်တိုင်းမှာ အချိန်တိုင်းမှာ ကိုယ်ခေါင်းငုံ့နေရတယ် တောက်" ဆိုတာလေ၊၊) အဲဒီတော့ ကျနော့်မှာ ဆက်စပ်စဉ်းစားစရာတွေက ရှိလာတယ်၊၊ အားကလည်း အားနေတာကိုး။ ကျနော့်အလုပ်က စောင့်နေဖို့ပဲရှိတယ်။

ကျနော်တို့ဟာ ကျနော်တို့ကမ္ဘာကြီးဟာ ကျနော်တို့လိုလူတွေအနေနဲ့ စိတ်ကူးဉာဏ်နဲ့ ပုံဖော်မြင်ယောင်ကြည့်ဖို့ ထာဝရမဖြစ်နိုင်တဲ့ ဟဲဗီးအလွန်ကြီးမားတဲ့ သတ္တဝါကြီးတကောင်ကောင်ရဲ့ ဆဲလ်တလုံးများ ဖြစ်နေမလား၊၊ ကမ္ဘာကြီးက အဲဒီကောင်ကြီးရဲ့ ကိုယ်ခန္ဓာတနေရာရာက ဆဲလ်လေးတလုံးပဲ ဆိုတဲ့အတွေးအမြင်ရဖို့ ဆိုတာ လွယ်တော့မလွယ်ဘူး။ အရမ်းသိမ်ငယ်ရတယ်၊၊ စိတ်ဓာတ်ကျနေတဲ့အချိန်မှသာ တွေးလို့ရတာ၊၊ ကိုယ့်အတ္တကိုယ် စွန့်လွှတ်လိုက်ရတာ၊၊ ထားပါတော့ အဲ့သလို မဖြစ်နိုင်ဘူးလား။ ကျနော်တို့ဟာ ကျနော်တို့လုပ်ချင်ရာကို ကျနော်တို့ လုပ်နေကြတယ်ဆိုပေမယ့် (တချို့ဆိုရင် ခေတ်က စနစ်က ခွင့်မပြုလို့ ဖြစ်ချင်ရာ မဖြစ်နိုင်၊ လုပ်ချင်ရာတောင် မလုပ်နိုင်ကြ) အဲဒီဘာမှန်းမသိတဲ့သတ္တဝါကြီးရဲ့ အကျိုးကိုသာ ရှေ့ရှုတဲ့ အဲဒီသတ္တဝါကြီး ကိုယ်ထဲက သိပ်ဖျင်းလှတဲ့ ဆဲလ်ကလေးတလုံး၊၊

လိင်တူဆက်ဆံတာကို ဆန့်ကျင်နေတာတွေ၊ ကျပ်မပြည့်တဲ့ ဘာသာရေးအစွန်းရောက်ကောင်တွေ၊ နျူကလိယစစ်ပွဲတွေနား၊ လူမျိုးရေးပြဿနာတွေလည်း နား၊ မင်းလည်းနား၊ ငါလည်း နား၊ အရာရောက်တာတွေ၊ လူရာဝင်တာတွေလည်း နား။ ဒီပရက်ရှင်ဝင်တာတွေ၊ ဂုဏ်မောက်တာတွေလည်း နား။ ကဗျာရေးတာတွေ၊ အချောင်နှိုက်တာတွေ၊ သိပ်လှတဲ့ မင့်မျက်လုံးတွေအောက် ငါဒူးထောက် စသဖြင့် အကုန်လုံးဆို အကုန်လုံးနား။ အားလုံးဟာ ဘာအဓိပ္ပါယ်မှမရှိတော့။ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကမ္ဘာကြီးဟာ သတ္တဝါကြီးတကောင်ရဲ့ ဆဲလ်ကလေးတလုံးပဲ၊၊

အဲဒီလိုတွေးလိုက်တော့ ကျနော် နည်းနည်းတော့ စိတ်သက်သာရာရသွားတယ်။ ကိုယ့်ကိုယ်ကိုယ် ငြင်းဆိုရတာဆိုပေမယ့် အားလုံးကိုလည်း ငြင်းဆိုလိုက်နိုင်တယ်လေ။ ကျနော် ပျော်သွားတယ်။ နေ့လယ်ခင်း အလင်းရောင်ကတောင် နည်းနည်းဖျော့သလိုဖြစ်သွားတယ်။ ကျနော့်ရှေ့မှာ ခေါင်းငုံ့လျက် သည်းကြီးမည်းကြီးလုပ်နေတဲ့ စက်ဘီးပြင်ဆရာရဲ့ စက်ဘီးကျွတ်ဖာခြင်းလုပ်ငန်းစဉ်ဟာလည်း လက်စသတ်တဲ့ အခြေအနေရောက်နေပြီ။ ခွေထဲကို ကျွတ်ပြန်ထည့်နိုင်လိုက်ပြီ။

“ပေး ပေး ကျမဘာသာ ကျမထိုးလိုက်မယ် တော် ဟိုဆိုင်ကယ်လေး လုပ်ပေးလိုက်တော့” လို့ အရမ်းဝနေတဲ့ အဒေါ်ကြီးဟာ ကျနော့်ကို အားနာပုံနဲ့ကြည့်ရင်း ထလာတယ်။ အဒေါ်ကြီးဟာ ငယ်တုန်းကတော့ အတော်လှခဲ့မှာပါ။ အဲဒါကို ကျနော် သိနေတယ်။ စက်ဘီးပြင်ဆရာကလည်း အသာတကြည်ပဲ အဒေါ်ကြီးကို လေထိုးတံပေးလိုက်တယ် “ဆယ့်ခုနစ်ချက် ထိုး” တဲ့ သူပြောတယ်။ ဆယ့်ခုနစ်ချက်ထိုးဆိုတာကို ကျနော် စိတ်ဝင်စားသွားတယ်။ အဒေါ်ကြီး လေထိုးတာကို စိတ်ထဲကနေ လိုက်ရေကြည့်နေမိတယ်။ ကွက်တိပဲ ဆယ့်ခုနစ်ချက်မှာ သူရပ်တယ်။ ပြီးတော့ ပိုက်ဆံပေးပြီး ထွက်သွားလေရဲ့။

“ဦးလေး အဲဒီစက်ဘီးတွေက ဆယ့်ခုနစ်ချက်ဆိုတော့ ကျနော်တို့ ဆိုင်ကယ်တွေဆိုရင်ရောဗျာ” လို့ စက်ဘီးပြင်ဆရာကို ကျနော်မေးတယ်။ “ဆိုင်ကယ်ကတော့ ဘာဆိုင်ကယ်လဲ ဆိုတာ မူတည်သေးတယ်ကွ” လို့ ပြန်ဖြေရင်း ကျနော့်ဆိုင်ကယ် ကျွတ်ကို ထုတ်ဖို့ သူလုပ်နေပြီ။ ဘာစကားမှလည်း မပြန်တော့။ ဆိုးတော့ မဆိုးဘူး။ စနစ်ကျမှုကလည်း နေရာတိုင်းမှာတော့ ရှိနေတာပဲလို့ ကျနော် တွေးတယ်။ ပြီးတော့ ဘာကြောင့်မှန်းမသိ လူက လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ အလကားနေရင်း ရယ်ချင်သလိုတောင် ဖြစ်နေမိသေးတယ်။ တခါတလေတော့ လူတွေအဲဒီလို ဖြစ်တတ်ကြမယ်ထင်တယ်။ တချို့အကြောင်းကိစ္စကလေးတွေကို မြင်မိရင်း ဆိုင်လှတယ်မဟုတ်ပေမယ့် စိတ်အားတက်ကြွလာတာတွေ၊ အားလုံးကို ရင်ဆိုင်မယ်ဟေ့ ဥဒါန်းကျူးချင်လာတာမျိုးတွေပေါ့။

အဲဒီစိတ်အားတက်ကြွမှုကို ကျနော် ယာယီပဲဖြစ်ဖြစ် ထိန်းသိမ်းထားလိုက်တယ်။ ပြီးတော့ စက်ဘီးပြင်ဆရာရဲ့ ဆိုင်အတွင်းအပြင်အဆင်ကို လေ့လာကြည့်နေမိတယ်။ အမွှေးတိုင်ငုတ်တို ကလေးတွေ တန်းလျက်သား ဘုရားစင်၊ လမ်းနံဘေးက ဘုရားမို့ ဘုရားကားကလည်း ဖုန်းအလိမ်းလိမ်း။ ဆိုင်အတွင်းထရံမည်းမည်းမှာ ထုံးဖြူဖြူနဲ့ စာရေးထားသေးတယ်။

[ (-)ဖြင့် (+)၍ (x)ပြီး (÷)တတ်သူကို မိတ်ဆွေမလုပ်ပါနဲ့ ]

တဲ့။ သိပ်ကောင်းတဲ့ အဆိုအမိန့်ပဲ။ သချင်္ာလက္ခဏာတွေနဲ့ ဖြည့်စွက်ပုံဖော်ထားလိုက်သေးတယ်။ ကျွတ်ပုံပေါ်မှာတော့ ခွေးဟာ စိတ်ချလက်ချ အိပ်နေနိုင်တုန်းပဲ။ ခုနကအတွေးစတခုမှာ ကျနော်ပုံဖော်တင်စားခဲ့တဲ့ ဟဲဗီးအလွန်ကြီးမားတဲ့ သတ္တဝါကြီးကို မြင်ယောင်ကြည့်ဖို့ ထာဝရမဖြစ်နိုင်ဘူးလို့ ဆိုခဲ့မိပါတယ်၊၊ တကယ်တော့ အဲဒါမှားတယ်။ စိတ်ကူးနဲ့တည်ဆောက်ထားတဲ့ အကောင်တကောင်ကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြည့်လို့ ရကိုရရမှာပေါ့။ အဲဒီလိုမှမဟုတ်လည်း အစားထိုး မြင်ယောင်ကြည့်မယ်ဆိုရင်လည်း ဖြစ်နေတာပဲ။ ဥပမာ ကျွတ်ပုံပေါ်မှာ အိပ်နေတဲ့ခွေးဟာ အဲဒီသတ္တဝါကြီးပဲ ဆိုပါတော့။

လင်းခါး

အမျိုးအစား -အက်ဆေး
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.