ဟိုးဝေးဝေးက လေရဟတ်
အရင်တုန်းက နေခဲ့ဖူးတဲ့ အိမ်ရဲ့ ရှေ့မှာတော့ ကြည့်စရာက ဂိုဒေါင်ကြီးတလုံးပဲရှိတယ်။ ကတ္တရာပုံးအဟောင်းတွေကို ပြားပြီး အမိုးမိုး၊ ပတ်ပတ်လည်ကာ။ ဂိုဒေါင်တခုလုံးကို ကတ္တရာပုံးအဟောင်းတွေနဲ့ချည့် လုပ်ထားတာဆိုတော့ ဂိုဒေါင်ကြီးက မဲမဲခြောက်ခြောက်ကြီးပေါ့။ အပြင်ဘက်ကကြည့်ရင် မဲခြောက်ခြောက်ပဲ ဆိုပေမယ့် ဂိုဒေါင်ထဲမှာ ထားတဲ့ပစ္စည်းတွေက ဘိလပ်မြေအိတ်၊ သံချောင်း စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေမို့ ဘိလပ်မြေအမှုန့်တွေနဲ့ဆိုတော့ တခါတခါ ဂိုဒေါင်တံခါးကြီးဖွင့်ထားလို့ ကြည့်မိရင် ကြမ်းပြင်ကတော့ ဖွေးဆုတ်နေလို့ပဲ။ ဂိုဒေါင်အပေါ်ဘက် အမှောင်ထဲမှာ တောက်ပနေတဲ့ ပင့်ကူအိမ်ကြီးတွေကိုတောင် လှမ်းမြင်နေရသေးတယ်။ အတော်ကြီးကို ရုပ်ကြမ်းသဘောဆောင်တဲ့ ဂိုဒေါင်ကြီး။ တနေ့ တနေ့ ဂိုဒေါင်ကြီးကိုဖွင့် ကားကြီးတစင်းပေါ်ကနေ ဘိလပ်မြေအိတ်ထဲတွေကို အလုပ်သမားတွေ သယ်ထည့်ကြ။ နောက်တနေ့ကျတော့ အရင်ရက်က သယ်ထည့်ထားတဲ့ ဘိလပ်မြေအိတ်တွေကို သယ်ထုတ်သွားကြ။ သွင်းလိုက် ထုတ်လိုက် သယ်လိုက် ချလိုက်ပဲ။ စိတ်၀င်စားစရာရယ်လို့ အနည်းငယ်ပြောနိုင်တာကတော့ ဒီဘိလပ်မြေအိတ်တွေကို သယ်ကြ ချကြတဲ့ မိန်းမယောက်ျား အလုပ်သမားတွေပဲ။
စကားတပြောပြော ရယ်ရယ်မောမောနဲ့ လုပ်နေကြတာ။ တခါတရံ ကျနော်လည်း အားနေတဲ့ ရက်များဆိုရင် သူတို့အလုပ်လုပ်တာကို ပြတင်းပေါက်ကနေ စိတ်၀င်စားတယ်ရယ်တော့ မဟုတ်ဘဲ ကြည့်နေမိတယ်။ မိန်းမတွေက ဆံပင်ကို ဘိလပ်မြေအမှုန်တွေမပေအောင် ပုဆိုးစုတ်ကလေးတွေ ခြုံထားတယ်။ လေးငါးခြောက်ဆယ် အရွယ် မိန်းမတွေပါသလို နှစ်ဆယ် အစိတ်အရွယ် မိန်းကလေးတွေလည်း ပါတာပဲ။ ရုပ်ရည်တွေကတော့ ချောရဲ့လား လှရဲ့လား ခန့်မှန်းဖို့ မလွယ်ဘူး။ လှတပတကလေးရှိတယ်လို့ ထင်မိလို့ ကြည့်မိတော့လည်း လက်ဆစ်ခြေဆစ် အကြီးကြီးတွေနဲ့ရယ်။ ဘ၀ကို ဘယ်လိုဖြတ်သန်းလာရသလဲ မေးကြည့်ဖို့တောင် မလိုအောင် သိသာလှတာပေါ့။ တချို့ဆိုရင် ကလေးတန်းလန်းပါလာတော့ မြေကြီးပေါ် မြွေရေအိတ်ကလေးခင်း အဲဒီအပေါ် ကလေးကို ချထားပြီး ဆော့ကစားခိုင်းထားရတာပဲ။ သိပ်လည်း ဗာဟီရများမနေဘူး။ ကလေးကလည်း သူ့ဟာသူ နေတာပဲ။ မြေကြီးတွေ ကောက်စားချင်လည်း ကောက်စားလို့ပဲ။ တခါတလေ ၀င်းထဲရှိတဲ့ ခွေးတွေက ကလေးမျက်နှာကို၊ တင်ပါးကလေးကို ၀င်၀င်အနံ့ခံ နမ်းရှုပ်သွားတာကို မြင်ရတတ်သေး။
ယောက်ျားတွေကတော့ လူငယ်တွေများတယ်။ ဆေးဆိုးထားတဲ့ ရွှေအိုရောင်၊ အဝါရောင်၊ အနီရောင် ဆံပင်တွေကတော့ ဘိလပ်မြေမှုန်ဖွေးဖွေး အဖြူရောင်ပဲ ရှိတော့တယ်။ ရှေ့ဆံပင်ကို တမင်တကာရှည်ထားတော့ နှာခေါင်းလောက်အထိ ကျကျလာတဲ့ ဆံပင်ကို သပ်သပ်တင်နေရတာကိုက လုပ်အားခပေးသင့်တဲ့ အလုပ်တခု။ တယောက်နဲ့တယောက် တကြိမ်တည်း အိတ်ဘယ်နှအိတ်ထမ်းနိုင်သလဲ၊ ဘယ်လောက်မြန်မြန် သယ်ပို့နိုင်သလဲ ပြိုင်ကြသေးတာ။ ဒီလိုလုပ်ရင်း ညစ်ညစ်ညမ်းညမ်း ဟာသတွေထင်တယ် ကြားညှပ်ပြောပြောပြီး ရယ်နေကြတာပဲ။ တခါတလေ နားစွန်နာဖျားကြားရလို့သာ ပြောတာပါ။ တကယ်တော့ သူတို့ရယ်သမျှ မောသမျှတိုင်းရဲ့ အကြောင်းရင်းတိုင်းကို ကျနော်အနေနဲ့ မသိနိုင်ဘူး။
သူတို့ အဲသလို နှစ်ရက် တခါ၊ သုံးရက်တခါ ဂိုဒေါင်ကြီးထဲကို ဘိလပ်မြေအိတ်တွေ၊ သံချောင်းတွေ ထည့်လိုက်၊ ပြန်ထုတ်လိုက် လုပ်နေတာတွေကို မြင်ရဖန်များတော့ ဒါအတွက် အခကြေးငွေ ဘယ်လောက်များ ရကြတုန်းလို့ ကျနော် မေးကြည့်ဖူးတယ်။ ဘိလပ်မြေ တအိတ်ကို ငွေတစ်ရာကျပ် ရကြသတဲ့။ သံချောင်းကတော့ ပုတ်ပြတ်ပဲ။ ဒါပေမယ့် အတော့်ကိုနည်းတဲ့ အဖိုးအခပါပဲ။ တယောက်ကို တထောင့်ငါးရာ နှစ်ထောင်တော့ ရကြမယ်ထင်တယ်။ နေ့တိုင်း ဒီအလုပ်ကလည်း ရှိတာမဟုတ်တော့ သူတို့တတွေရဲ့ ပင်မအလုပ်လည်း မဟုတ်ကြပါဘူး။ တချို့လည်း စျေးသည်၊ တချို့လည်း ခဝါသည်တွေပေါ့။ နေ့စဉ် နေ့စဉ် အလုပ်နဲ့လက် မပြတ်အောင် လုပ်နေကြရပြီး ပင်ပန်းနေရတယ်ဆိုပေမယ့်လည်း သူတို့ကြည့်လိုက်ရင် အမှုန်တဖွေးဖွေးကြားမှာ သယ်ရင်းပြုရင်း ဝေါခနဲ ရယ်လိုက်သံတွေ၊ ရယ်လွန်းလို့ ခေါင်းပေါ်က ဘိလပ်မြေအိတ်ပြုတ်ကျမသွားအောင် လက်ကပါ ထိန်းနေပြုနေရတာတွေကို မြင်နေရတာပါပဲ။
အဲဒီအိမ်မှာ နေရစဉ်တုန်းကတော့ ဒီလို အိမ်ရှေ့မှာ လူတွေ ပင်ပင်ပန်းပန်းလုပ်နေကြရတာကို ကျနော့်မှာ ပြတင်းပေါက်ကနေ လှမ်းလှမ်းငေးရင်း ဆိုင်တော့မဆိုင်လှပေမယ့် စိတ်မလုံသလို ခံစားရတယ်။ ကျနော့်မှာလည်း အဲဒီပြဿနာက တော်တော်ကြီးတယ်။ ကိုယ့်တာ၀န်မပါဘဲ ဖြစ်နေတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရကောင်းလားဆိုပြီး ကိုယ့်ဘာသာကိုယ် ၀မ်းနည်းနေမိတာမျိုးပေါ့။ သူတို့တွေမှာ အဲသလို သယ်ရင်းပြုရင်းက ကလေးကငိုနေလို့ အိတ်ကိုချ ကလေးဆီသွား အင်္ကျီကလေးလှစ်လို့ နို့ပြေးတိုက်၊ တကိုယ်လုံးအမှုန်တွေ ပေကျံနေမှတော့ ကလေးစို့မယ့် ဒီနို့သီးခေါင်းကလေးမှာလည်း ဘိလပ်မြေမှုန့်တွေ ကပ်နေမှာပါပဲ။ အမှုန်တွေက ဘယ်လောက်များ များသလဲဆိုရင် သူတို့ကိုယ်ခန္ဓာတွေ လှုပ်ရှားလိုက်တိုင်းမှာကို တဖွားဖွားလွင့်နေတဲ့ ငွေရောင်အမှုန်တွေဟာ ကိုယ်ရောင်ကိုယ်ဝါတောက်နေတဲ့ နတ်သမီးတွေအလား ဖြစ်နေတာ။ ဒီလို ကလေးကို နို့ထိုင်တိုက်နေလို့ချည့် မပြီးသေးတော့ အိတ်ကလေး ပြေးရွက်။ ကျနော့်မှာ ဒီကိစ္စတွေကို ငေးလို့သာကြည့်နေရတယ်။ လူက နုံးတုံးတုံးပဲ။ ရေခဲသေတ္တာထဲက အေးမြနေတဲ့ ရေဘူးကလေးထုတ် နည်းနည်းအမောပြေ ပြေစေရော့ ဆိုတဲ့သဘောနဲ့ တခါတခါ စိတ်လိုလက်ရ သွားပေးမိပေမယ့်လည်း မြေကြီးပေါ်က ကလေးပေါက်စတွေကိုကြည့်ပြီး ဘယ်မှာစိတ်ချမ်းသာသာ နေနိုင်ပါ့မလဲ။
ညဘက်တွေကျပြန်တော့လည်း ဒီဂိုဒေါင်ကြီးကြည့်ရတာကိုက စိတ်မချမ်းသာစရာကြီး။ မဲမဲ မဲမဲနဲ့ သဘက်ကောင်ကြီးတကောင် ငုတ်တုတ်ထိုင်နေသလိုပေါ့။ ဂိုဒေါင်ကြီးက ငြိမ်သက်နေပေမယ့် သူ့အနောက်ဘက်မှာရှိတဲ့ အပင်မြင့်မြင့် ပင်စည်နွဲ့နွဲ့အပင်တွေက လေတိုက်ရင် ယိမ်းကာလှုပ်ကာ နေလေတော့ ရုတ်တရက်ကြည့်မိရင် အပင်ကလှုပ်သလို မထင်ရဘဲ ဒီဂိုဒေါင်ကြီးကပဲ ဘယ်ညာလှုပ်ရှား နေသလို ဖြစ်နေတယ်။ အဲဒီဂိုဒေါင်ရှေ့က အိမ်ကနေ ပြောင်းရွှေ့ရတော့ ပျော်တယ်ရွှင်တယ်ရယ် မဟုတ်ပေမယ့် မနက်လင်းလို့ အိပ်ရာကထ မျက်နှာသစ်ဖို့ အိမ်ရှေ့ထွက်လာတာနဲ့ မြင်နေရတဲ့ စိတ်ပျက်စရာ ဂိုဒေါင်ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားပေးမိတယ်။
အခုလက်ရှိနေရတဲ့ အိမ်ရှေ့မျက်နှာစာကတော့ ဂိုဒေါင်မဲမဲကြီးထက်စာရင် အများကြီး စိတ်ချမ်းသာစရာကောင်းပါတယ်။ အိမ်ရှေ့မှာ စျေးကိုသွားတဲ့ ဆယ့်နှစ်ပေလောက်ကျယ်မယ့် အပေါက် အချိုင့်တွေနဲ့ ကတ္တရာလမ်း။ လမ်းရဲ့တဖက်မှာ အပင်တန်း အုပ်အုပ်ကလေး။ သရက်ပင်၊ ထန်းပင်၊ ပိတောက်ပင်၊ ဆေးရိုးပင် အစရှိသဖြင့်ပဲ၊ အောက်ပိုင်းကလည်း ချုံနွယ်ပိတ်ပေါင်းနဲ့ ထူထူထပ်ထပ်ဆိုပါတော့။ စိမ်းစိမ်းစိုစိုဆိုတော့လည်း မျက်စိအေးသား။ ညနေခင်းဆိုရင် အပင်ကြားက တိုက်ခတ်လာတဲ့ လေတဖြူးဖြူးနဲ့မို့ အိမ်ရှေ့ ပက်လက်ကုလားထိုင်လေးချ စာကလေးထိုင်ဖတ် ဇိမ်ယူရင်း၊ မိသားစုလိုက်ထိုင်ရင်း အချိန်ဖြုန်းကြတာပေါ့။ သမီးကလေးကလည်း ဟိုဟိုဒီဒီ ပြေးနေ၊ သူ့အမေက တခါတလေ နောက်ကလိုက်၊ “မီတော့မယ်နော် မီတော့မယ်နော် မေမေက“ စသဖြင့်နဲ့၊ ဒီလိုဆိုတော့လည်း ဘ၀ဟာ နေပျော်လှတာပဲ လို့ အကြိမ်ကြိမ်တွေးမိစေတဲ့ အခြေအနေပါပဲ။
လေအနည်းငယ်ပြင်းသယောင်ရှိတဲ့ တညနေမှာတော့ လေးနှစ်သာရှိသေးတဲ့ သမီးငယ်က အိမ်ရှေ့မှာထိုင်နေကြတုန်း `ဖေဖေရေ ဟိုမှာ ပန်ကာကြီး ရယ်နေတယ်` တဲ့ ပြောလို့ ဘာများပြောပါလိမ့်လို့ လှမ်းကြည့်မိတယ်။ ဒီတော့မှ သစ်ပင်အုပ်အုပ်ကြားက ကြည့်လိုက်မိတော့ သစ်ပင်အုပ်ရဲ့ ဟိုးအနောက်မှာ လေရဟတ်ကြီးတခု၊ လေတိုက်တော့ လည်နေလေရဲ့။ သစ်ပင်စိမ်းစိမ်းစိုစိုကို အာရုံကျနေတော့လည်း နောက်က လေရဟတ်ကို မမြင်မိဘူးပေါ့။ ကလေးဆိုတာကတော့ စူးစမ်းဖွေရှာနေတတ်သူတွေဆိုတော့ အကုန်မြင်တာပဲ။ “ဟုတ်သားပဲ အဲဒါကို ပန်ကာလို့ မခေါ်ဘူး လေရဟတ်လို့ ခေါ်ရတယ်သမီးလေးရဲ့“ ဆိုတော့ သမီးငယ်က “ယေယဟတ် ယေယဟတ်“ ရယ်လို့ စကားလုံးအသစ်တခုရလို့ စမ်းအသံထွက်ကြည့်နေတယ်။ ပြီးတော့ မေးခွန်းထုတ်ပြန်ပါလေရော “ယေယဟတ်ကြီးက ဘာလို့ ရယ်နေတာယဲ ဖေဖေ” တဲ့။ ကျနော်လည်း လွယ်လွယ်ကူကူပဲ “လေရဟတ်ကြီးက လေတိုက်လို့ လည်နေတာပေါ့ သမီးလေးရယ်” လို့ ဖြေလိုက်တယ်။ ကျနော့် အဖြေကို သူ သဘောကျသွားပုံပါပဲ။ သူ့ဘာသာသူ တယောက်တည်း ခပ်တိုးတိုး ပြောနေလေရဲ့။ “ယေယဟတ် ကြီး က ရေ တိုက်လို့ ရယ်နေတာနော့“ တဲ့။ ကျနော်လည်း သစ်ပင်ကြားကမြင်ရတဲ့ လေရဟတ်ကို ငေးနေမိလိုက်တယ်။ ဘာလုပ်ဖို့အတွက် ထားတဲ့ လေရဟတ်လဲပေါ့ သိချင်စိတ်ကလေးလဲ ဖြစ်မိတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက သိရလို့လဲ ဘာမှအကြောင်းထူးလှတာလည်း မဟုတ်တော့ တကူးတက ဘယ်သူ့မှ မေးမနေအားပါဘူး။ မေ့မေ့ပျောက်ပျောက် လေရဟတ် ဖြစ်သွားတာပေါ့။
သို့သော်လည်း ကျနော့်သမီးကလေးအတွက်ကတော့ အဲသလို မဟုတ်ဘူး။ သစ်ပင်အုပ်အနောက်က တစွန်းတစမြင်ရတဲ့ လေရဟတ်ကို မြင်လိုက်ရပြီးနောက်ပိုင်း တစ်လ နှစ်လလောက်အထိ သမီးကလေးမှာ နေ့စဉ် မနက်ခင်းမိုးလင်းတာနဲ့ အိမ်ရှေ့ထွက် ဒီလေရဟတ် လည်မလည် ကြည့်ရတာအမောပဲ။ လေရဟတ်ဆိုတာကလည်း ဒလက်တွေက အကြီးကြီးတွေဆိုတော့ တော်ရုံတန်ရုံလေတိုက်ရုံလောက်နဲ့ ဘယ်လည်မလဲ။ လည်မိပြန်တော့လည်း လှုပ်တယ်ဆိုရုံပဲ တပတ်လည်အောင်တောင် မလည်ပြန်ဘူး။ မလည်တဲ့အချိန်က ပိုများနေတာပေါ့။ သမီးလေးကတော့ ဒီလေရဟတ်မလည်ရင် သိပ်စိတ်ကြည်ပုံမရဘူး။ သူ့မှာ လေရဟတ်လည်တာကို ကြည့်လို့ အားမရသေးပုံပါပဲ။ မိုးရွာလို့ ကျနော်တို့ အိမ်ထဲမှာ ကုပ်နေကွေးနေချင်တဲ့ အချိန်မျိုးဆိုရင် သမီးကလေးက အိမ်တံခါးပေါက်မှာ ထိုင်ရင်း တချက်တချက် လှုပ်သယောင်ပြတဲ့ လေရဟတ်ကို ထိုင်ငေးနေတာပဲ။ မိုးရွာတော့ လေက အနည်းငယ်ပါတာကိုး။ ပြီးတော့ တပတ်ဆယ်ရက် လေကငြိမ်သွားပြန်ရော။ အဲဒီရက်တွေမှာ ငြိမ်သက်လွန်းလှတဲ့ လေရဟတ်ကိုကြည့်ရင်း “ယေယဟတ်ကြီး ဘယ်တော့ရယ်မှာယဲ ဖေဖေ“ လို့တောင် တကြိမ်တခါ မေးနေသေးတယ်။ ကျနော်လည်း သူ့နံဘေး ၀င်ထိုင်ပြီး ဘယ်လိုဖြေရပါ့မလဲ ရှည်ရှည်ဝေးဝေး စဉ်းစားပေမယ့် နောက်ဆုံးတော့လည်း “လေတိုက်ရင်တော့ လေရဟတ်ကြီးက လည်မှာပေါ့ သမီးရဲ့“ လို့ပဲ ဖြေရတာပါပဲ။ ဒီအပြင်လည်း ဘယ်လိုဖြေရမယ် မစဉ်းစားတတ်တော့ဘူးလေ။
ကလေးတွေရဲ့ မှတ်ဥာဏ်ဆိုတာကလည်း တမျိုးရယ်။ ကလေးအရွယ်မှာ မှတ်ကြသားကြ သင်ယူကြတယ် ဆိုပေမယ့် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ ဦးနှောက်ကပါ ဖွံ့ဖြိုးလာတဲ့နောက် ငယ်ဘ၀အဖြစ်အပျက် တော်တော်များများကို မမှတ်မိနိုင်တော့ဘူးတဲ့။ သိပံမဂ္ဂဇင်းတခုမှာ အဲ့သလို ဖတ်ဖူးတာပဲ။ ကျနော့်သမီးငယ်လေးကတော့ ဒီလေရဟတ်ကို အချိန်ကာလတခုခုအထိတော့ မှတ်မိနေလိမ့်မယ်လို့တော့ ထင်မိတယ်။ လုံးလုံးမေ့သွားတာလည်း ဖြစ်ချင် ဖြစ်မှာ။ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့်လည်း မှတ်မိခဲ့သည်ရှိသော် ဒီလေရဟတ်နဲ့ ပတ်သက်လို့ ဖေဖေနဲ့သမီး ဘယ်လိုအမေးအဖြေရှိခဲ့တယ်၊ သမီးကလေးက ဘယ်လိုစိတ်၀င်စားခဲ့တယ် ဆိုတာလောက် တချိန်ပြန်ပြောပြနိုင်အောင်တော့ လေရဟတ်အကြောင်း ဒီထက်ပိုသိအောင်တော့ အားထုတ်ဦးမှလို့ တွေးမိတယ်။ အနည်းဆုံးတော့ သမီးငယ်ငယ်တုန်းက စိတ်၀င်စားခဲ့တဲ့ သစ်ပင်အုပ်အုပ်ရဲ့ ဟိုးအနောက်က လေရဟတ်မှာ ဒလက်ဘယ်နှခုရှိတယ်လောက်တော့ သိဖို့ကောင်းတယ်လေ။
လင်းခါး