အိပ်မက်ထဲက ခွေးတွေ
ကျနော် ခွေးတွေကိုချည့်ပဲ ဆက်တိုက် အိပ်မက်မက်နေတာ နှစ်လလောက်ရှိပြီ။ ဘာဖြစ်လို့မှန်းလည်း မသိဘူး။ အိပ်မက်မက်လိုက်တိုင်း ခွေးတွေက ပါပါလာတယ်။ တခါတလေဆိုရင် အိပ်မက်မက်နေရင်းနဲ့ကို အိပ်မက်ထဲမှာ ခွေးမပါသေးမှန်း သတိရပြီး ခွေးတကောင်ကောင်များ တွေ့ရလေမလားလို့ ကျနော်က ရှာနေသေးတာတဲ့။ ခွေးတွေကလည်း တနည်းနည်းနဲ့တော့ ပါလာတာပဲ။ ကျနော့် အိပ်မက်တွေနဲ့ ခွေးတွေ ဘယ်လိုပတ်သက်နေသလဲ မသိဘူး။ ပထမ တလလောက်အထိ ကျနော်က သာမန်ပါပဲ။ အထူးအထွေ တွေး မနေအားဘူး။ ကိုယ်တိုင်က တကယ့် အပြင်လောကမှာလည်း ခွေးချစ်သူ၊ ခွေးတွေနဲ့ လက်ပွန်းတတီး နေလေ့ ရှိသူဆိုတော့ အိပ်မက်ထဲ ခွေးပါတာ ဘာမှ မခံစားရ၊ ဘယ့်နှယ်မှ မနေဘူး။ ဒါပေမယ့် တဖြည်းဖြည်း အိပ်မက် တိုင်း ခွေးပါတာက ရက်ဆက်လဆက်ဖြစ်လာတော့။ ကျနော်ဟာ ကမ္ဘာမှာ နာမည်မပေးရသေးတဲ့ စိတ်ရောဂါ တခုခုများ ခံစားနေရသူလားလို့ ကိုယ့်ကိုယ်ကိုယ်ထင်လာတယ်။
ကျနော် သိသလောက်ဆိုရင် အိပ်မက်ဆိုတာက အစွဲအလန်းသက်သက်ပါပဲ။ အခြား ဘာမှ ထူးထူးခြားခြား မဟုတ်ဘူး။ တချို့တွေ ပြောတာမျိုးဆိုရင် အိပ်မက်ဆိုတာ လူရဲ့ အငုံ့စိတ်တွေကို တနည်းတလမ်းနဲ့ သွားဖော်ထုတ်တဲ့အရာ ဘလာ ဘလာ ဘလာပေါ့လေ။ ဒါတွေလည်း ကျနော့် ခေါင်းထဲ သိပ်မရှိပါဘူး။ ကျနော်က ဟိုဟာဒီဟာ ဟိုလူဒီလူ သိပ်ယုံကြည်တတ်တဲ့လူလည်း မဟုတ်ဘူး။ စွဲလန်းရအောင် ကလည်း ရုပ်ရှင်မင်းသမီး ဆက်စီမော်ဒယ် အစားအသောက်တခု ဒီလိုဟာတွေ စွဲလန်းမှာပေါ့။ ခွေးတော့ ဘယ်စွဲလန်းမလဲ။ ဒါပေမယ့်ဗျာ အိပ်မက်မက်တိုင်း ခွေးတွေ ပါပါလာတာ နှစ်လကျော်နီးနီးရှိလှပြီ။
ခွေးတွေ ပါလာတယ်ဆိုတာမှာလည်း ပုံသဏ္ဍာန်တခုတည်း အကြောင်းအရာတခုတည်း ပါပုံ ပါနည်း တခုတည်းနဲ့ မဟုတ်ဘူး။ ခွေးကလည်း အရွယ်စုံ ဆိုဒ်စုံ မွေးကင်းစ အမွှေးတောင်မပေါက်သေးတဲ့ အရွယ်က နေ ငုတ်တုတ်ထိုင်နေရင် ကျနော့်ခါးကျော်ကျော်လောက်အထိ ကြီးတဲ့ ခွေးကြီးတွေအထိ။ ခွေးအမျိုး အစားဆိုတာကလည်း စုံတယ်။ ဒါပေမယ့် ဗမာခွေးပဲ ကျနော်ကသိတယ်။ ကျန်တဲ့ ဘိုခွေးတွေကျတော့ ဘယ်ခွေးက ဘာနာမည် ဘယ်ခွေးက ဘာအမျိုးအစား ကျနော် မသိပါဘူး။ အဲဒီလို ကျနော် မသိဘဲနဲ့များ ပါပါလာတတ်တာ ကျနော်ဖြင့် အံ့သြလို့ မဆုံးဘူး။ ဘယ်လို ခွေးရေစက်မှန်း နားမလည်ဘူး။
ငယ်ငယ်တုန်းက အိပ်မက်တွေ မက်ဖူးပါတယ်။ အပြင်မှာ တခါမှ မမြင်ဖူးတဲ့ မိန်းကလေးတယောက် ကို ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတခုမှာ ကိုယ်မကြားဖူးတဲ့ ဘာသာစကားတခုနဲ့ ချစ်စကားပြောနေတယ် ဆိုတာမျိုး။ လူပျိုပေါက်အရွယ်ကဆို ကိုယ်နဲ့ရွယ်တူ မိန်းကလေးတဦးနဲ့ အိပ်မက်ထဲတင် ချစ်တင်းနှောနေတာ ကြုံရဖူးတယ်။ ထားတော့ ဒါတွေက အကျိုးနဲ့ အကြောင်းနဲ့ ရှိတယ်။ ခွေးနဲ့က ဘယ်လိုအကျိုးအကြောင်းလဲ ကျနော်လည်း ရှင် းမပြတတ်ဘူး။
သာမန်အားဖြင့်တော့ ကျနော်က ခွေးချစ်တတ်သူပါ။ ကြောင်တော့ မချစ်ဘူး။ မုန်းတောင် မုန်းသေးတယ်။
ခွေးချစ်တတ်သူတယောက်အနေနဲ့ ခွေးတွေလည်း အများကြီး မွေးဖူးပါတယ်။ လမ်းဘေးခွေးတွေ ပဲပေါ့။ တယုတယမွေးခဲ့ဖူးတယ်။ ရေချိုးပေးတယ်။ အစာကျွေးတယ်။ တခါတလေ အနာတွေဘာတွေရှိရင် ဟုတ်ဟုတ် မဟုတ်ဟုတ် ပါရာစီတမောကို ထောင်းပြီး အနာကိုသိပ်ပေးဖူးတယ်။ ဒါက ကျနော် ခွေးတွေနဲ့ ဘယ်လို နေထိုင်ခဲ့ဖူးတယ် ဆိုတာ ပြောပြတာပါ။ ဘဝမှာ ခွေးဆယ်ကောင်လောက် ကိုယ်တိုင်ကိုယ်ကျ မွေးခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလောက်ပဲ။ အဲဒါတွေကလည်း ကြာလှပြီ။ အခုဆို ခွေးမမွေးဖြစ် တော့တာတောင် သုံးလေးနှစ်မက ရှိနေပြီ။
ဒီလိုကာလကျမှ ဘယ်လိုဖြစ်လို့ အိပ်မက်ထဲ ခွေးတွေ ပါပါလာရတာလည်း ဆိုတာ နားကို မလည်နိုင်ဘူးပေါ့ဗျာ။ စ ိတ်လည်း လေတာပေါ့။ ခွေးရုပ်ရှင်တွေများ အကြည့်များနေလို့လား။ မဟုတ်ပါဘူး။ အဲဒါတွေကလည်း ကြာပါပြီ။ ဒါပေမယ့် ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ခွေးတွေလည်း ပါလာတာပဲ။ The Mask ဇာတ်ကားထဲက မိုင်လို တို့၊ မင်းသားကြီး ရစ်ချတ်ဂီရိပါတဲ့ ဟာချီဇာတ်ကားထဲက ခွေးကလေး ဟာချီ တို့၊ နောက်ပြီး 101 ဆိုတဲ့ ခွေးသူခိုး ဇာတ်ကားလေ အဖြူ အနက်ကွက်ခွေးလေးတွေကို အရေခွံစုတ်ဝတ်ချင်တဲ့ မိန်းမကြီးက ခိုးတဲ့ ခွေးလေးတွေ။ အများစုကတော့ ဗမာခွေးတွေပါပဲ။ ကျနော် မွေးခဲ့ဖူးတဲ့ ခွေးလေးတွေလည်း ကျရာ ဇာတ်ရုပ်ကနေ ပါလာတာပဲ။
မှတ်မိနေတဲ့ အိပ်မက်တခု နှစ်ခုအကြောင်း ပြောပြဦးမယ်။
အိပ်မက်တခုထဲမှာ ကျနော်ဟာ လမ်းကျယ်ကြီးတခုပေါ်မှာ သေရေးရှင်ရေး ပြေးနေရသတဲ့။ ဘာကိစ္စနဲ့ သေရေးရှင်ရေးတာလည်းတော့ မသိဘူးဗျာ။ ကျနော်ဟာ အိပ်မက်ထဲ နောက်ကိုလှည့်ကြည့် လှည့်ကြည့်လုပ် ကြောက်အားလန့်အားနဲ့ ပြေးနေတာတော့ မှတ်မိတယ်။ အဲဒီလို ပြေးနေတုန်း လမ်းရဲ့ တနေရာရောက်တော့ ကျနော်ဟာ လမ်းဘေးက အိမ်တအိမ်ကို လှမ်းကြည့်လိုက်တယ်တဲ့။ အဲဒီအိမ်အောက်မှာ ကျနော်မွေးခဲ့ဖူးတဲ့ ခွေးမတကောင်က သူ့ကလေးတွေကို လျှာနဲ့လျက်နေတယ်။ ဒါနဲ့ ကျနော်လည်း အဲဒီအိမ်အောက်သွား ခွေးမကြီးကိုလည်း ခေါင်းကိုပွတ်ပေး၊ ခွေးကလေးတွေကိုလည်း မချီပြီး သေချာကြည့်လုပ်နေသတဲ့။ ခုနက သေရေးရှင်ရေးဆိုတာတွေ မရှိတော့ဘူးဗျ။ အိပ်မက်ထဲမှာ အဲဒီပြေးလာ တယ်ဆိုတာတောင် မမှတ်မိတော့ဘူး။ သာသာယာယာပဲ။ အဲဒီလိုလုပ်နေတုန်း ခွေးမကြီးက ကျနော့်ကို ပြုံးပြံုး ကြီး ကြည့်ပြီး ပြောတယ်။ လိုချင်ရင် တကောင်နှစ်ကောင် ယူသွားလေ။ အစ်မတွေတော့ ယူမသွားနဲ့ပေါ့တဲ့။
ခွေးကစကားပြောတာလည်း အိပ်မက်ထဲမှာဆိုတော့ မထူးဆန်းပါဘူး။ ကျနော်ကလည်း စကား ပြန်ပြောနေသတဲ့။ အေး နောက်တော့လည်း လာယူသေးတာပေါ့ တဲ့။ အဲဒါ အိပ်မက်တခု။ ဇာတ်လမ်းက ဒါပဲ။
နောက်အိပ်မက်တခု ရှိသေးတယ်။
အဲဒါက ပင်လယ်ကမ်းခြေမှာ ကျနော်ဟာ အုန်းရေကလေးသောက် ပင်လယ်ပြင်ကြီးကို ငေးကြည့် လုပ်နေတုန်းမှာပေါ့။ ကလေးလေးတယောက်ကို တော်တော်ကြီးကို ကြီးတဲ့ ခွေးကြီးတကောင်က လိုက်ကိုက် နေတာ။ ကလေးလေးကလည်း ပြေးတယ်ပေါ့။ ကလေးလေး ကိုယ်မှာလည်း ခွေးကိုက်ထားရာတွေ ဗရပွနဲ့။ ကျနော်လည်း အဲဒါနဲ့ ဒီကလေးတော့ ငါမှဝင်မကယ်ရင် ခွေးကိုက်တာနဲ့ သေတော့မှာလို့ စိတ်ကတွေးပြီး ဒရင်းဘတ်ပေါ်ကထလိုက်သတဲ့။ အဲဒီလို ဒရင်းဘတ်ပေါ်ကထလိုက်တာနဲ့ ကျနော်ဟာလည်း ခွေးတကောင် ဖြစ်သွားတာတဲ့။ အိပ်မက်ထဲမှာ ကျနော်လည်း တော်တော် စိတ်ညစ်သွားတယ်တဲ့။ ဟာကွာ ငါ့ဘာသာငါ အေးအေးလေး နေနေတာ ခုတော့ ဘယ်လိုဖြစ်လို့ ခွေးဖြစ်သွားတယ် မသိဘူးကွာလို့ အိပ်မက်ထဲမှာ တွေးနေ မိတယ်တဲ့။ ခုနက လိုက်ကိုက်နေတဲ့ ခွေးတို့ ပြေးနေတဲ့ ကလေးတို့လည်း မရှိတော့ဘူး။
အိပ်မက်တွေဆိုတာကတော့ ကျိုးကြောင်းဆီလျော် မဖြစ်မှန်း ကျနော် သိပါတယ်။ ဒါပေမယ့် အဲဒီလောက် အဆက်အစပ်မဲ့တဲ့ ဇာတ်လမ်းမျိုးတွေနဲ့ အိပ်မက်မျိုးတွေကတော့ ကျနော့်ဘဝတခုလုံးမယ် ဘယ် လောက်များများ မက်ဖူးမှာလဲ။ မက်ခဲ့သမျှ ခွေးဇာတ်လမ်းတွေ တော်တော်များများက အဲဒါမျိုးတွေချည့်ပါပဲ။ ဇာတ်လမ်းကောင်းကောင်း ယုတ္တိရှိရှိ ခွေးအိပ်မက်တွေလည်း မက်ပါတယ်။ နှစ်လအတွင်းကို မက်တာဆိုတော့ အိပ်မက်က အမယ်စုံလှတယ်။
ယုတ္တိရှိတယ်ဆိုတဲ့ အိပ်မက်မျိုးက ဒီလိုပေါ့။ ဒါလည်း ကျနော် မက်တဲ့ အိပ်မက်တွေ ထဲကနေ ကောင်းနိုးရာရာ တခုကို ကောက်နှုတ်ပြတာပါ။ ဒီအိပ်မက်ဆိုရင် ယုတ္တိလည်း ရှိတဲ့ အပြင် ထူးတောင် ထူးဆန်း နေသေးတယ်။ ယုတ္တိရှိစွာ ထူးဆန်းတာမျိုးပေါ့လေ။
ကျနော်ဟာ ပေတေလေလွင့် အိမ်ကနေ ထွက်ပြေးလာတဲ့ လူငယ်တယောက်ပေါ့။ ခေတ်ကလည်း တကယ့်ခေတ်ပျက်ကြီး။ အမှောင်ခေတ်ကြီး။ ကျနော့်လို ပေတေလေလွင့်နေတဲ့ လူငယ်တွေဆိုတာလည်း ကျနော့်ပတ်ဝန်းကျင်မှာ အများကြီးပေါ့။ ကျနော်တို့ဟာ အတူတူ အရက်ကလေးသောက်လိုက်၊ စိတ်ကူးယဉ်လိုက်၊ တခါတလေလည်း ကျဉ်းမြောင်းလှတဲ့ လောကဓမ္မတွေကို ရှာတွေ့လိုက်နဲ့ နေနေကြသတဲ့။
တရက်မှာတော့ ကျနော်တို့ဟာ တော်တော်ကြီးကို မြင့်လွန်းတဲ့ တောင်ကြီးတခုကို တက်နေကြသတဲ့။ ပထမတော့ အိပ်မက်ထဲမှာ ကျနော်နဲ့ အတူတူ အဲဒီတောင်ကုန်းကြီးကို တက်နေတဲ့လူငယ်တွေ အများကြီးပဲ။ တောင်ထိပ်မှာ ဘာရှိတယ်တော့ ကျနော်လည်း မသိဘူး။ ကျန်တဲ့ ကောင်တွေ ဆိုတာလည်း ကျနော့်အိပ်မက်ထဲက ကောင်တွေဆိုတော့ ကျနော်တောင် မသိတာ ဒီကောင်တွေလည်း သိမယ့်ပုံမရှိဘူး။ တချို့လည်း ကျောဗလာ တချို့လည်း စုတ်ပြတ်နေတဲ့ အကျႌ ဘောင်းဘီတွေနဲ့ပေါ့။ မျက်နှာတွေကတော့ စုတ်ချွန်းချွန်း ထောင့်မကျိုးတဲ့ မျက်ခွက်တွေချည့်ပါပဲ။ ဒါပေမယ့် တောင်ပေါ်တက်ရင်း တက်ရင်းနဲ့ ကျနော့် အနားမှာ ကျနော်အပါအဝင် သုံးယောက်ပဲ ရှိတော့တယ်တဲ့။ (တယောက်ကို အပြင်မှာ ကျနော်သိတယ်၊ တယောက်ကတော့ ဘယ်သူမှန်း ကျနော်မသိဘူး)
အဲဒီသုံးယောက်ထဲမှာမှ ကျနော်က နောက်ဆုံးပဲ။ တောင်တက်တယ်ဆိုတာကလည်း ကျနော်တို့ အပြင်မှာ စေတီပုထိုး ဘုရားတွေရှိတဲ့ တောင်တွေတက်ရသလို စောင်းတန်းနဲ့ လှေကားနဲ့ မဟုတ်ဘူးဗျ။ တောင်ကြီးက ပြောင်ချောကြီး အဲဒီမှာ တောင်ပေါ်က ပစ်ချပေးထားတဲ့ ကြိုးကြီးတွေကို ဆွဲခိုပြီး တက်နေကြတာ။ တေ ာင်ပေါ်က ဘယ်ကောင်က ကြိုးတွေ ပစ်ချပေးနေတယ်တော့ ကျနော်လည်း မသိဘူး။ လက်တွေကလည်း စုတ်ပြတ်နေပြီ။ တကယ့်အပြင်မှာဆို ဘယ်တတ်နိုင်မလဲ။ ခုနကပြောသလို လှေကားနဲ့ စောင်းတန်းနဲ့ တောင်ပေါ်တက်တာတောင် အလှမ်းနှစ်ဆယ်လောက်တက်ပြီးရင် ကျနော် ဟိုက်နေပြီ၊ ပေါင်ကွ နေပြီ။
အဲဒီလို ကျနော်တို့ သုံးယောက်သား တက်နေရင်းနဲ့ ထူးဆန်းတာ တခု ပြောပြဦးမယ်။ ကျနော်တို့ သုံးယောက်ဟာ တောင်လည်းတက်နေရင်းနဲ့ ပျင်းလည်းမပျင်းရအောင်တဲ့ တယောက်နဲ့ တယောက် အလှည့်ကျပုံပြင်တွေလည်း ပြောနေကြတာတဲ့။ ပြောနေတဲ့ ပုံပြင်တွေကလည်း တောင်တက်နေတဲ့ လူတွေ အကြောင်းပဲတဲ့။ ဘယ်လိုလဲဗျာ တောင်တက်နေရင်းနဲ့ တောင်တက်နေတဲ့ ပုံပြင်အကြောင်း ပြောတာလောက် ရူးမိုက်တာ ပျင်းဖို့ကောင်းတာ ရှိဦးမလား။ သို့သော် အိပ်မက်ထဲမှာတော့ အဲဒီလို ပြောနေကြတာပဲ။
ဒါနဲ့ နောက်ဆုံးမှာတော့ ကျနော်တို့ သုံးယောက်သား တောင်ပေါ် ရောက်သွားကြတယ်တဲ့။ အဲဒီလို တောင်ပေါ်ရောက်တော့ ဒီကောင်တွေနှစ်ကောင်က တယောက်တလှည့် ဥဒါန်းကျူးနေကြသတဲ့။ ယောကျ်ား ဘသား ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မယ် ဘာညာပေါ့ဗျာ။ တယောက်တလှည့် လည်ပင်းကြောကြီးတွေ ထောင်နေအောင် အော်နေကြတာပဲ။ ရော့ခ်အဆိုတော်တွေလိုပဲဗျာ။ ပြီးတော့ ဒီကောင် နှစ်ကောင် သူတို့ဘာသာသူတို့ အော်ရုံနဲ့ အားမရကြဘူး ကျနော့်ကိုပါ အော်ဖို့ တိုက်တွန်းကြရော။ စတိုက်တွန်းတော့ ကျနော်က မအော်ချင်ဘူး။ ရှက်စရာကြီးကွာလို့ ထင်နေတာတဲ့။ တောင်အောက်က လူတွေ အများကြီးက ကျနော်တို့ကို ကြည့်နေသလို ခံစားနေရသတဲ့။ ဒါပေမယ့် ဒီနှစ်ကောင်က တိုက်တွန်းအားကြီး လာတော့ ကျနော်လည်း ကဲ ဒီလောက်တောင် ရှိလှတာ ငါလည်း အော်မယ်ကွာ။ စိတ်ထဲလည်း ပေါ့သွား တာပေါ့လို့ တွေးတယ်ပေါ့။ တွေးနေတုန်း ရှိသေးတယ်ဗျာ။ ကျနော့်လက်ထဲမှာ ပေါက်တူးတလက် ရောက်နေ သတဲ့။ အဲဒါ ဘုရားအလောင်း ဇာတ်တော်တခုထဲက ဇာတ်လမ်းဗျ။ ကျနော် မှတ်မိတယ်။ ပေါက်တူးကို တောင် ကမ်းပါးယံကနေ ပစ်ချပြီ အောင်ပြီ အောင်ပြီလို့ အော်တဲ့ ဇာတ်ဗျာ။ ကျနော်လည်း စိတ်ထဲက အဲဒီဇာတ်တော် အတိုင်း လိုက်လုပ်ချင်တာ မဟုတ်ပေမယ့် ပေါက်တူးကြီးက လက်ထဲကိုင်ထားလည်း ဘာလုပ်ဖို့လဲဗျာ။ ဒါနဲ့ ပေါက်တူးကြီးကို တောင်အောက်ပစ်ချလိုက်ပြီး အောင်ပြီ အောင်ပြီ လို့ အော်နေတော့တာပဲတဲ့။
အဲဒီမှာ အိပ်မက်က ပြီးခါနီးပြီဗျ။ ဒါ ပြီးခဲ့တဲ့ နှစ်ရက်ကမှ ကျနော်မက်တဲ့ အိပ်မက်။ အဲဒါ ခင်ဗျားတို့ သတိထားမိလား။ အဲဒီလောက်အထိ ခွေး မပါသေးဘူး။
ပေါက်တူးကြီးကို တောင်အောက်ပစ်ချ ကျနော် အောင်ပြီ အောင်ပြီ အော်နေတုန်းမှာပေါ့။ ဟာ ငါ့အိပ်မက်ထဲ ခုထိ ခွေးလည်း မပါသေးပါလားလို့ အိပ်မက်ထဲမှာပဲ စဉ်းစားမိသွားတယ်တဲ့။ ထူးဆန်းချက်က။ အဲဒီလို စဉ်းစားမိနေတုန်းမှာ
``ဟေ့ကောင် ငါ ရှိပါတယ်ကွ။ မင်းတို့ ဘယ်တောင်ထိပ်ရောက်ရောက် မင်းတို့ တက်တဲ့တောင်ထက် ပိုမြင့်တဲ့တောင်တိုင်းမှာ ငါရှိနေတယ်`` ဆိုပြီး အသံတသံ ကြားလို့ မော့ကြည့်တော့ ကျနော်တို့ ခေါင်းပေါ်မှာ ကျနော်တို့ တောင်ကြီးကို မိုးနေတဲ့ တောင်ထွဋ်ကြီးတခုမှာ ကျနော် မွေးခဲ့ဖူးတဲ့ ခွေးက ပြုံးပြံုးကြီး ကျနော့်ကို ကြည့်နေတာတဲ့။ ကျနော်လည်း အဲဒီခွေးကို မြင်လိုက်ရမှ အော် တော်သေးတာပေါ့လို့ တွေးမိပြီး လန့်နိုးလာတာပဲ။
အဲဒီလိုဗျ။ ကျနော်လည်း တော်တော်စိတ်ညစ်နေပါပြီ။ ခွေးမပါရင် မပြီးတဲ့ အိပ်မက်တွေလည်း မမက် ချင်တော့ဘူး။ အိပ်မက်ရင် ခွေးတွေ တွေ့ရဦးမယ်ဆိုတဲ့ အသိနဲ့ အိပ်တောင် မအိပ်ချင်ဘူး။ ဒါပေမယ့် လူဆိုတာက အိပ်ကို အိပ်ရမယ့် သတ္တဝါ၊ အိပ်မက် မက်ကိုမက်ရမယ့် သတ္တဝါဗျ။ စိတ်များလည်း တော်တော် ညစ်နေပါတယ်။ ကျနော် ရူးနေတာလည်း မဟုတ်ပါဘူး။ အိပ်မက်ထဲ ခွေးတွေပါတာကလွဲရင် ကျနော့်နေ့တွေဟာ သာမန်ပါပဲ။ တခု ရှိတာက အိပ်မက်က နေ့တိုင်းမက်နေတာမျိုးတော့လည်း မဟုတ်ပါဘူး။ တချို့ရက်တွေမှာ တချိုးတည်းအိပ် ဘာအိပ်မက်မှ မမက်ဘဲ မနက်မိုးလင်း ကြည်ကြည်လင်လင် ထရတဲ့ နေ့မျိုးလည်း ရှိပါတယ်။ သို့သော် အိပ်မက် မက်ရင်တော့ ခွေးက ပါကိုပါလာတယ်။
အိပ်မက်ထဲကခွေးတွေ ဘယ်ပုံဘယ်နည်း ထုတ်ပစ်ရမယ်လည်း မသိဘူး။ အိပ်မက်ထဲ စည်ပင်က အဆိပ်ကျွေးသတ်အဖွဲ့တွေတော့ တခါမှ မတွေ့ဖူးဘူး။ ပြောသာပြောရတယ်။ အဲဒီနည်းလမ်းလည်း ကျနော်က မကြိုက်ပါဘူး။ ရက်စက်လွန်းတယ်လို့ တွေးမိတယ်။ ဖြစ်နိုင်ရင် ကျနော်က ခြင်တောင် မသတ် ချင်ဘူး။ ကျနော်က သနားလည်း သနားတတ်တယ်။ သူတပါး အသတ် သတ်ဖို့ မပြောနဲ့ နာကျင်အောင်တောင် မလုပ်ရပ်ပါဘူး။ အိပ်မက်ထဲက ခွေးတွေကလည်း ကျနော် အဲဒီလို စိတ်ထားရှိတာများ သိနေလို့လားတော့ မသိဘူး။ တခါထက် တခါ ပိုပိုလူပါးဝလာတယ်။ ခက်တော့ ခက်တာပါပဲဗျာ။
လင်းခါး
ဇူလိုင် ၂၂ ၂၀၁၇