၂၀၀၅ တုန်းက
lkessayden 99
၂၀၀၅ ခုနှစ်က ကျနော့်အသက် ၁၉ နှစ် ရှိပြီ။ ၂၀၀၅ခုနှစ်တွင် ကျနော်သည် မဂ္ဂဇင်း၌ ကဗျာ ၁ဝပုဒ်ပါပြီး ဖြစ်၍ လေထဲက နေ့ရက်များကို ဖြတ်သန်းနေရသည်။ ကျနော်ကဗျာများကို တဂိုး၏ ကဗျာများကဲ့သို့ နှောင်းလူများက သီချင်းလုပ်ညဉ်းကြမည်ဟု တွေးနေမိ၏။ ဆေးပေါ့လိပ်ကို ကျနော်ခဲနေပုံမှာ မာယာကော့စကီး ဆေးပြင်းလိပ်ခဲနေပုံနှင့် အတော်တူသည်ဟု တွေးမိသည်။ ရွေ့လျားနေကြသော လူအုပ်အတွင်းသို့ ဝင်မိလျှင် ၎င်းလူအုပ်ကြီးသည် သူတို့အနား ကျနော်ဖြတ်လျှောက်ခဲ့ဖူးသည်ကို တစ်ချိန်သိကြလျှင် ဤ အချိန်ကို တွေး၍ စိတ်ကူးဖဲရိုက်နေကြမည်ဟု ပြုံးမိသည်။ ၂၀၀၅ ခုနှစ်က ကျနော်သည် ဆင်းရဲလွန်း၍ အစိုးရ မကောင်းဟု တိုက်ရိုက်မသိသော်လည်း စစ်ဗိုလ်ချုပ်များကို မုန်းပါသည်။ ရေးသည့် ကဗျာများမှာ ထမင်းအိုး ကျကွဲသည့် ကဗျာ၊ ပေါင်မုန့်များ နင်းခြေခံရသော်လည်း နင်းခြေသွားသည့် ခြေထောက်ကို ရှာမတွေ့သည့် ကဗျာ၊ ညလမ်းများပေါ်မှ အကန်းတစ်ယောက်ရဲ့ အူသံ ကဗျာ၊ ခွေးဝဲစားတစ်ကောင်အား ကားဖြတ်ကြိတ်ခြင်း ကဗျာတို့နှင့် ချောမောလှသော မိန်းကလေးတစ်ယောက်နှင့် လတ်လတ်ဆတ်ဆတ်လမ်းခွဲလိုက်ရသလို ခံစားရေးဖွဲ့သည့် (၂၀၀၅ တုန်းက ခင်ရမင်ရသော မိန်းကလေးပင်မရှိပါ)ကဗျာများဖြစ်ပါသည်။ သို့သော် ၂၀၀၅ တုန်းက ကျနော့် ကဗျာများသည် ၂၀၀၅ ကျနော့်၏ ယုံကြည်ချက်များ ဖြစ်ပါသည်။ ကဗျာများကတော့ မကောင်းလှပါ။ သို့သော် ၂၀၀၅ တုန်းက ကျနော် ကြိုက်ခဲ့ပါသည်။ ၂၀၀၅ တုန်းက အယ်လ်ပီ၊ ကွန်ဆက်ကျူရယ် စသဖြင့် ကျနော် မကြားဖူးသေးပါ။ ခေတ်ပြိုင်ဟူသော စကားလုံးရှိနေသော်လည်း ကွန်တမ်ပိုရာရီ ဟု မသိပါ။ ၂၀၀၅ တုန်းက ကဗျာများသည် ရိုးရှင်းလျှင် လယ်ပြင်ဆင်သွားသကဲ့သို့ ဖြစ်၍ နက်နဲလျှင် အဓိပ္ပာယ်မဖော်တတ်တော့ပါ။ စိစစ်ရေးရှိ၍ လှည့်ပတ်နေရခြင်းကြောင့် ဖြစ်မည်ထင်သည်။ ၂၀၀၅ တုန်းက ကဗျာအထက်မှာ ဘာမျှမရှိဟု ပြောသူအချို့သည် ၂၀၁၀ နောက်ပိုင်းတွင် နိုင်ငံရေးအထိမ်းအမှတ်ပွဲများတက်၍ အရာရာဟာ နိုင်ငံရေးပဲဟု ဆိုလာပြန်ကြပါ၏။ ၂၀၀၅ တုန်းက ကျနော်ကြားဖူးသည်မှာ ဟိုတချိန်က အနုပညာသည် အနုပညာအတွက်နှင့် အနုပညာသည် ပြည်သူအတွက် နှစ်မျိုးကွဲခဲ့ကြဖူးကြောင်း ကြားဖူးပါသည်။ ၂၀၀၅ တုန်းက ကျနော်သည် ကဗျာဟူသည်မှာ မော်ဒန်ဆိုကောင်း ကာရံနဲ့ဆို ပိုကောင်းတယ်ဟု ရိုးသားစွာ ထင်မြင်ခဲ့ပါသည်။ ထိုအချိန်က ဖိုးမောင်လာပြီ တို့ ခရေ တို့ ဗေဒါလမ်း တို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးတို့ ကျနော် ဖတ်နေသောကြောင့် ဖြစ်ပါသည်။ ၂၀၀၅ တုန်းက ကျနော်သည် ဘယ်သွားသွား လွယ်အိတ်တစ်လုံးပါပြီး ထိုလွယ်အိတ်ထဲ၌ ဆေးပေါ့လိပ် (ငြိမ်းချမ်းရေး) မီးခြစ်နှင့် ရေးနိုး ဘောပင်တစ်ချောင်း အမြဲပါပါသည်။ ရုတ်တရက်ပေါ်လာတတ်သော ကဗျာအတွေးတို့ လွတ်မသွားစေရန်ဟု အကြောင်းပြချက်ပေးပါသည်။ ၂၀၀၅ တုန်းက ကျနော့်သည် ထိုအချိန်က ခေတ်စားကာစ အာဇာနည်ကေ ဆံပင်အရှည် ညှင်းသိုးသိုးနှင့် ဖြစ်၏။ လမ်းလျှောက်လျှင် ခေါင်းငုံ့လျှောက်ပြီး စကားပြောလျှင် ခေါင်းမော့ပြောပါသည်။ အပေါင်းအသင်းတချို့က သောက်ရူး ဘာတွေလျှောက်ရေးနေတာလဲဟု ပြောလာလျှင် မင်း ရှိတ်စပီးယားကြားဖူးလား သူသေတာ နှစ်ပေါင်းရာချီနေပြီ သူ့စာတွေ အခုထိဖတ်နေရတုန်းကွဟု ကျနော်က ပြန်ပြောလေ့ရှိပါသည်။ ပျော်စရာကောင်းသည်က ထိုသို့ပြောလိုက်လျှင် အပေါင်းအသင်းများမှာ ဘာမှဆက်မပြောနိုင်ဘဲ ငြိမ်ကျသွားကြတော့၏။ သို့သော် ၂၀၀၅ တုန်းက ကျနော်သည် ရှိတ်စပီးယား၏ စာကို တလုံးမျှ မဖတ်ဖူးသေးပါ။
၂၀၀၅ တုန်းက ကျနော် အဝေးသင်တက္ကသိုလ်တွင် စိတ်ပညာ ဒုတိယနှစ်တက်နေပါသည်။ ငွေမရှိ၍ အပေါင်းအသင်းလည်း မရှိပါ။ အဝေးသင်တက်ရောက်ခါနီးလျှင် ကျနော့်မှာ အသည်းအသန်အလုပ်ရှာရလေ့ရှိပြီး ရေနံဂျီးသုတ်ခြင်း ရေထမ်းခြင်း ဆိုက်ကားနင်းခြင်း သတင်းစာပို့ခြင်း စသည့်အလုပ်တို့ လုပ်ရလေ့ရှိပြီး အလုပ်တိုင်းတွင် အလုပ်ရှင်တို့၏ ခေါင်းပုံဖြတ်ခြင်း လူပါးဝခံရခြင်းတို့ ကြုံတွေ့ရလေ့ရှိပါ၏။ ထိုအချိန်က ကျနော်သည် ကားလမာက်၊ အိန်ဂျယ်၊ လီနင် တို့ကို မသိပါ။ ဆင်းရဲခြင်းသည် လူအား အရှက်ဂုဏ်သိက္ခာမဲ့လာစေခြင်းကို သိပါသည်။ ကျနော်သည် ကျောက်ဆည်မြို့ကို ၂၀၀၃ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပြီးနောက် ထိုမြို့တွင် နိုင်ငံရေးဟူသော စကားလုံးကို လူတဦးပါးစပ်မှ ပထမဆုံး ကြားဖူးချိန်မှာ ၂၀၀၅ ခုနှစ်တွင် ၁ နှစ်ခန့်သာရှိသေးပြီး အာရ်အိုင်တီ ကျောင်းဆင်း စာရေးဆရာ ညွန့်လွင်(RIT)က ပြောခြင်းဖြစ်၏။ သူက ဗေဒင်လက္ခဏာဆောင်းပါးများ ဂဏန်းဗေဒင် ဆောင်းပါးများလည်း ဂမ္ဘီရမဂ္ဂဇင်းများတွင် ရေးသား၍ ၎င်းဗေဒင်များအကြောင်း ကိုင်ရို၏ သင်နှင့်သင့်ရဲ့ကြယ်တွေ စာအုပ်အကြောင်းများ သူပြောသည့်အခါ အခြားစာရေးဆရာအများစုက ဝိုင်းဝန်းနားထောင်ကြသော်လည်း သူ၏ စကားစမှာ နိုင်ငံရေးဘက်သို့ရောက်သွားလျှင် ထိုစာရေးဆရာဟူသောအများစုကပင် ရှောင်ထွက်သွားကြလေ့ ရှိပါသည်။ ၂၀၀၅ တုန်းက နိုင်ငံရေးဟူသည်မှာ နားထောင်ဖို့ရန် မသင့်လျော်ဟု သူတို့ မှတ်ယူခဲ့ကြမည် ထင်သည်။ (စာရေးဆရာ ညွန့်လွင်(RIT)မှာ ကျနော်၏ ကဗျာဘဝ၊ နိုင်ငံရေးအသိတို့နှင့် ပတ်သက်၍ ကြီးစွာသော အထောက်အပံ့ ရှိခြင်းအကြောင်းတို့ကို နောက်များလျှင် ရေးပါဦးမည်)
၂၀၀၅ တုန်းက ကျနော့်ဇာတ်လမ်းသည် စင်ဒရဲလားကလေးအား မိထွေးမကြီးနှင့် သမီးများ ဝိုင်းဝန်းနှိပ်စက်ကြသည့် အခန်းများ၊ တရုတ်တပ်နီတော်ကြီး၏ ခရီးရှည်ချီတက်ပွဲကာလတို့ကဲ့သို့ရှိ၏။ သို့သော် ယနေ့အထိ ကျနော့်ဇာတ်လမ်းတွင် တပ်နီတော်ကြီး အောင်ပွဲမရသေးပါ။ စင်ဒရဲကလေးအား မင်းသားက ရှာမတွေ့သေးပါ။ ၂၀၀၅ တုန်းက ကျနော့်ဓာတ်ပုံအချို့အရိုက်ခံခဲ့ဖူးပြီး ပန်းခြံထဲ ဘုရားမှာစသဖြင့် အလှပုံများတော့ မဟုတ်ပါ။ ကျောင်းအပ်ရန် အလုပ်ရှာရန် ပတ်စပို့ပုံများသာ ဖြစ်ပြီး ယခုအချိန်တွင် ထိုပုံများကို ကြည့်မိသည့်အခါတိုင်း ၂၀၀၅ တုန်းက ကျနော့် လောကဓံကို ကိုယ်တပိုင်းပတ်စပို့ပုံသေးသေးလေးအတွင်းမှာပင် ပေါ်လွင်ထင်ရှားနေ၍ ကျနော့်မှာ အံ့သြမိ၊ ယနေ့အချိန်ကာလနှင့် ယှဉ်ထိုးကြည့် အားတက်မိပါသေးသည်။
၂၀၀၅ တုန်းက ကျနော်သည် ကဗျာဆရာဘဝကို အရူးအမူး စွဲလန်းနှစ်ခြိုက်နေခဲ့ပါသည်။ ဆေးလိပ်မီးခိုးကလည်း ကဗျာ၊ ဖိနပ်သည်းကြိုး ပြတ်တာလည်း ကဗျာ၊ ကဗျာသည် မိုးအဖြစ် ရွာသွန်းပြီး ကဗျာသည် ကျနော့်မျက်နှာတွင် ဝက်ခြံအပေါက်အပေါက် အမာရွတ်များထင်ကျန်ခဲ့အောင် ပြုလုပ်ခဲ့သော ကာလ ဖြစ်ခဲ့သည်။ ကဗျာရေးရန်အတွက် လက်ဖက်ရည်ဆိုင်ထိုင်လျှင် ဖက်ကြမ်းဆေးလိပ်တပွဲသာမှာ၍ ထိုင်ပြီး လက်ဖက်ရည်ဖိုး ချွေတာကာ အကြမ်းဆုံး စျေးအပေါဆုံးဗလာစာအုပ်ကို ရွေးဝယ်ရပါသည်။ ကြာကြာခံလှသည်လည်း မဟုတ်ပါ။ စာမျက်နှာ ရှစ်ဆယ်မပြည့်သော ဗလာစာအုပ်တအုပ်လျှင် ရက်သတ္တပတ်တပတ်လောက်သာ ခံမည်ထင်၏။ ၂၀၀၅ တုန်းက ကျနော်သည် တနေ့လျှင် ကဗျာဆယ်ပုဒ်ခန့် ရေးခဲ့သည်ကိုး။ (လွန်ခဲ့သည့် လေးငါးခြောက်နှစ်ခန့်က စာအုပ်ပုံရှင်းရင်း ထိုဗလာစာအုပ်များ အထပ်လိုက်တွေ့ရာ ရှက်ရှက်ဖြင့် အကုန်မီးရှို့ပစ်ခဲ့ပြီ) စာမူတခါပို့ရန် စာတိုက်တံဆိပ်ခေါင်းခ၊ စာအိတ်ခ၊ အေဖိုးစာရွက်အချောဝယ်ခ တို့ဖြင့် ၂၀၀၅ တုန်းက ကျနော့်လုပ်အားခ၏ သုံးပုံ၁ပုံခန့် ငွေကြေးသည် မဂ္ဂဇင်းသို့ စာမူပို့ခြင်းအားဖြင့် စာအိတ်များနှင့်အတူ ထွက်ခွာသွားခဲ့ကြပါသည်။ ၂၀၀၅ ခုနှစ်တွင် ကျနော်လုပ်အားခဖြင့် ဝယ်ယူသည့် စာအုပ်ဟူ၍ ကျနော့်ကဗျာကို ပုံနှိပ်ဖော်ပြထားသော မဂ္ဂဇင်းစာအုပ်များသာ ရှိခဲ့သေးသည်။ ဘဝတွင် ကျနော့် ပိုက်ဆံဖြင့် ပထမဆုံး ဝယ်ယူခဲ့သော (မဂ္ဂဇင်းမှအပ) စာအုပ်မှာ ဆရာဒဂုန်တာရာ၏ စန္ဒရားဆရာ စာအုပ် ဖြစ်ပါသည်။ ၆၀၀ ကျပ်ဖြင့် ပန်းဆိုးတန်းဂုံးတံအောက်မှ ဝယ်ယူခဲ့ခြင်း ဖြစ်ကာ ၎င်းမှာ ၂၀၀၅ တုန်းက မဟုတ်ပါ။
၂၀၀၅ တုန်းက ကျနော်သည် ကွမ်းမစားပါ။ ဆေးပေါ့လိပ်သောက်သည်။ တခါတရံ ဘီအီးသောက်သည်။ ထိုစဉ်က ဘီအီးတလုံးကို ၂၀၀ ကျပ်ဟု ဝိုးတဝါးထင်မိပါသည်။ ထို့ကြောင့် ထိုအချိန်က ကျနော်၏ လုပ်အားခနှင့် အရက်သောက်ခြင်းမှာ အများအားဖြင့် အများနှင့်လိုက်၍ ကုန်းဆင်းရခြင်းက များပါသည်။ ၂၀၀၅ တုန်းက ကျနော်သည် ကျနော်တို့နိုင်ငံတွင် နာမည်ဆိုးနှင့်ကျော်ကြားလှသော အဓိပတိကြီး၏ အိမ်တွင် တညလျှင် ၂၀၀ ကျပ်ဖြင့် နေ့စားညစောင့် လုပ်ခဲ့ဖူးပါသည်။ (သူ၏ အိမ်တော်ဟု ဆိုသော်လည်း ဘယ်သူမှ မနေပါ။ ယနေ့အချိန်ထိလည်း မည်သူမျှ နေထိုင်ကြသည် မဟုတ်ပါ။ သို့သော် ၎င်းရပ်ကွက်တွင်နေထိုင်သော သာမန်ပြည်သူများ၏ ဝိုင်းကွက်များ အိမ်များကို အတင်းအဓမ္မဖယ်ရှားပြီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အင်မတန်ကျယ်ဝန်းလှ၏။) ထိုခြံဝင်းကြီး၏ ထိပ် ဂိတ်တဲထဲတွင် ညစောင့်အိပ်ရင်း ယနေ့အထိလည်း ကျော်ကြားမလာသော ကဗျာပေါင်းများစွာ ရေးသားခဲ့ဖူးပါသည်။
၂၀၀၅ တုန်းက ကျနော်သည် အလုပ်ပေါင်းစုံ လုပ်ခဲ့ရသော်လည်း ယနေ့အထိ မမေ့သော ထူးခြားသည့် အလုပ်နှစ်ခု ရှိခဲ့ပါသည်။ တခုမှာ ပုဂ္ဂလိကဆေးရုံတခုတွင် ခွဲစိတ်ခန်းသန့်ရှင်းရေး အလုပ်ဖြစ်ပြီး ထိုအလုပ်ကို မည်သို့မျှ ဆက်မလုပ်နိုင်တော့၍ တလတည်းသာ လုပ်ဖြစ်ခဲ့သော်လည်း ထူးခြားသည့်အတွေ့အကြုံကြောင့် ကျေနပ်မိသည်။ ခွဲစိတ်ခန်းသန့်ရှင်းရေးသမား တဦးအနေဖြင့် ခွဲခန်းအတွင်းသို့ ဝင်ခဲ့ရပြီး လူသားကလေးငယ်တဦး မွေးဖွားသည်ကို မြင်ခဲ့ရခြင်းဖြစ်ပါသည်။ (၂၀၁၄ ခုနှစ်က ကျနော့် ကျနော့်မိန်းမဗိုက်မှ ကျနော့်သမီးလေးထွက်လာသည်ကိုတောင် ဘေးနားက ကြည့်ခွင့်မှ မရဘဲလေ) ကိုယ်ဝန်သည်၏ ဗိုက်ကို ကန့်လန့်ခွဲချလိုက်ပြီးနောက် အတွင်းက ကလေးကို နှိုက်ယူလိုက်သော မြင်ကွင်းသည်ကား ယခုထိ ပြန်စဉ်းစားကြည့်တိုင်း ကျနော့်အတွက် ကမ္ဘာ့အံ့ဖွယ်ပင် ဖြစ်နေသေးသည်။ နောက်တကြိမ်မှာ ရင်သားရှိ အကျိတ်ကို (ကင်ဆာအကျိတ်မဟုတ်သော်လည်း) စိတ်မသန့်၍ ခွဲထုတ်ချင်သော အပျိုကောင်မလေးတဦး။ ထိုကောင်မလေးမှာ ခွဲစိတ်ခန်းအကျႌကလေးဝတ်၍ ခွဲကုတင်ပေါ် ပက်လက်နေပြီးကာမှ သူနှင့်ရွယ်တူဖြစ်သော သန့်ရှင်းရေးအလုပ်သမား ကျနော့်ကို မြင်၍ ရှက်ကိုးရှက်ကန်းဖြစ်ကာ ကုန်းရုန်းထနေ၍ ဆရာဝန်များ နာ့စ်မများက အတော်ရှင်းပြယူမှ အသာတကြည် အခွဲခံသည်ကို ယခုအချိန်ပြန်တွေးကြည့် ပြုံးမိပါသေးသည်။
၂၀၀၅ တုန်းက ကျနော်လုပ်ခဲ့ရသည့် နောက်ထပ်အလုပ်တခုမှာ စာကူးရေးခြင်းအလုပ်ဖြစ်ပါသည်။ လက်ရေးသိပ်မလှသော စာရေးဆရာနှစ်ယောက်၏ မဂ္ဂဇင်းပို့ရန် စာမူအချောကို လက်ရေးလှသော ကျနော်က တမျက်နှာလျှင် ၂ဝကျပ်ဖြင့် ကူးရေးပေးရခြင်းဖြစ်ပါသည်။ ၎င်းစာရေးဆရာနှစ်ယောက်၏ လက်ရေးမှာ အဆိုးကြီးမဟုတ်လှသော်လည်း ကျနော်၏ လက်ရေးလှခြင်း အေဖိုးစာရွက်ပြောင်ပေါ်တွင် စာအတန်းညီအောင် ရေးတတ်ခြင်းနှင့် ကျနော်၏ ငွေကြေးအခက်အခဲကို တနည်းတလမ်းဖြင့် ၎င်းတို့၏ အကူအညီပေးခြင်းသာ ဖြစ်ပါသည်။ ထိုအလုပ်လုပ်သည့် လပိုင်းအတွင်းတွင် တနေ့လုံးရေးပြီးနောက် တညလုံးအောင့်နေလေ့ရှိသော ညာဘက်လက်အတွက် ဘီအီးသည်သာ အခရာ ညဘက်ကောင်းကောင်း အိပ်ပျော်တယ်ပေါ့။
၂၀၀၅ တုန်းက ကျနော်သည် စာကို ဝါးစားသလို ဖတ်သည့် ကာလများ ဖြစ်ပါသည်။ စစ်နှင့် ငြိမ်းချမ်းရေး၊ ကာရာမာဇော့ ညီနောင်များ၊ မင်းသားလေး၊ လူနာဆောင်အမှတ်ခြောက်၊ ယောနသံစင်ရော်၊ ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား၊ ဆရာနေဝင်းမြင့်၏ ဝတ္ထုတိုများ၊ ဆရာဝင်းဖေ၏ ဝတ္ထုတိုများ စသဖြင့် စာအုပ်များကို ထိုကာလများတွင်ဖတ်ခဲ့ခြင်းဖြစ်ပြီး အချို့စာအုပ်များဆိုလျှင် ယနေ့ပြန်စဉ်းစားကြည့်သည့်အခါ ဖတ်ဖူးသည်သာ သိ၍ အတွင်းမှ ဇာတ်လမ်း ဇာတ်ကောင်များကို မမှတ်မိတော့ပေ။ ၂၀၀၅ တုန်းက ကျနော့်အခြေအနေနှင့် ဤစာအုပ်များ ဘယ်လိုဖတ်နိုင်သနည်းဟု မေးသော် ကျနော်တို့မြို့မှ ဖတ်သူအင်မတန်နည်းသော ပြန်/ဆက် စာကြည့်တိုက်နှင့် စာရေးဆရာကျော်ညိုလွင်(ကျောက်ဆည်)၏ သူရဲကောင်းစာအုပ်အငှားဆိုင်တို့ကို ထည့်ပြောရမည် ဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်နှင့် အခြားကပ်လျက် နှစ်များကို စာကြည့်တိုက်နှင့် စာအုပ်အငှားဆိုင်တွင်သာ ဖြတ်သန်းကုန်ဆုံးခဲ့ပြီး ထိုနှစ်များ၏ အရသာကား စာဖတ်ခြင်းနှင့် မွဲတေခြင်းသာ ဖြစ်တော့၏။
၂၀၀၅ တုန်းက ကျနော်၏ ကဗျာချစ်စိတ်မှာ ငယ်ထိပ်တက်နေသော ကာလများ ဖြစ်သော်လည်း ထိုအချိန်က ကျနော်သည် အောင်ချိမ့် ကို ကောင်းကောင်းမသိပါ။ လှသန်းကို ကောင်းကောင်းမသိပါ။ ၂၀၀၅ တုန်းက ကျနော်အကြိုက်ဆုံး ကဗျာဆရာမှာ မောင်ချောနွယ်ဖြစ်ပြီး အဖတ်အများဆုံးကဗျာဆရာမှာလည်း မောင်ချောနွယ်သာ ဖြစ်ပါသည်။ ထိုနှစ်က ဒုတိယနှစ် စာမေးပွဲဖြေဆိုရာတွင် စာမရ၍ အဖြေလွှာတွင် မောင်ချောနွယ်၏ ငါ နေကောင်းသွားပြီ ပန်းကလေးရေ၊ ဂျူံးနီနှင့် နေမျိုး၏ ဂျက်ကပြောတယ် (ထင်တယ်)ကဗျာတို့ကို စာမေးပွဲအဖြေလွှာတွင် ရေးပြီးပြန်ခဲ့သည်။
၂၀၀၅ တုန်းက ကျနော်သည် ကဗျာဆရာမောင်ချောနွယ်မှာ ကွယ်လွန်ပြီး၂နှစ်မျှ ရှိပြီဖြစ်သည်ကို သိသလား မသိသလား ကျနော်မမှတ်မိပါ။ ၂၀၀၅ ခုနှစ်အပါအဝင် ထိုနှစ်များတွင် ကျနော့်အတွက် စိတ်အပျော်ရွှင်ရဆုံးမှာ အ မေ လူထုဒေါ်အမာ မွေးနေ့ပွဲ မတိုင်ခင် ညများ ဖြစ်ခဲ့၏။ ၂၀၀၅ ခုနှစ်က ကျနော့်လို ကဗျာဆရာပေါက်စတယောက် အတွက် ထိုပွဲတွင် တွေ့ရသမျှ ကဗျာဆရာတိုင်းသည် မောင်ချောနွယ်တမျှ ကြီးကျယ်ခမ်းနားလှသည်ကိုလည်း မမေ့နိုင်သေးပါ။ အားလုံးကို ငေးကြည့် အားလုံးကို လိုက်လံမိတ်ဆက်ကာ အားလုံး၏ (ကဗျာဆရာပေါက်စ အချင်းချင်းမှအပ) အဖက်မလုပ်ခြင်းကို ခံခဲ့ရသော်လည်း အားလုံးကို ချစ်မြတ်နိုးခဲ့ရပါသည်။ ၂၀၀၅ ခုနှစ်သည် ဆန်းကြယ်ပေစွ။
၂၀၀၅ ခုနှစ်တွင် ကောင်မလေးတယောက်ကို ချစ်ရုံမျှ ချစ်ဖူးခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရွှေသလျောင်းတောင်ပေါ်တက် စိတ်နာကျည်းလျက် ခေါင်းလောင်းထိုးခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် မိုးရေထဲ ငိုခဲ့ဖူးသည်။ ၂၀၀၅ ခုနှစ်တွင် မဖျားနာဖူးပါ။ ၂၀၀၅ ခုနှစ်တွင် ညကြီးသန်းခေါင် မြစ်ကမ်းနံဘေးထိုင်ကာ မူးမူးရူးရူး အော်ဟစ်ခဲ့ဖူးသည်။ ဘာတွေအော်ခဲ့သည် မမှတ်မိပါ။ ကျနော်သည် ယခုအချိန်တွင် ၂၀၀၅ ဆီမှ တခုခု နုတ်ယူခွင့်ရမည် ဆိုပါက ကျနော်၏ အစာအိမ်ကိုသာ နုတ်ယူချင်ပါသည်။ ၂၀၀၅ ခုနှစ်သည် မရှိတော့ပါ။ ၂၀၀၅ ခုနှစ်ထုတ် ပြက္ခဒိန်အဟောင်းတချို့တလေကိုပင် ရှာဖွေရန် မလွယ်တော့ပါ။ ၂၀၀၅ ခုနှစ်သည် ၂၀၀၅ ခုနှစ်က ကျနော်၏ ကိုယ်ပေါ်မှအရေပြားဆဲလ်များကဲ့သို့ ပျက်စီးသွားခဲ့ပြီး ဖြစ်၏။
၂၀၀၅ ခုနှစ်သည် ကျနော့်၏ လူမှုရေးဘဝဖြစ်သော်လည်း ကျနော့်ကို ကျနော့် သိမှုကို အလုံးစုံပြဌာန်းခဲ့သည်တော့ မဟုတ်ပါ။ ၂၀၀၅ ခုနှစ်သည် ကျနော့်ကို ကိုယ်စားပြုသော်လည်း လက်သည်းခွံမျှ ကိုယ်စားပြုမှုသာဖြစ်မည် ထင်ပါသည်။ ၂၀၀၅ ခုနှစ်ဟာ နှစ်ကလေးတနှစ်ပဲ မဟုတ်လား။ ဒါနဲ့
၂၀၀၅ တုန်းက ကျနော့်အကြောင်းများ ပျင်းနေပြီလား။ ပြီးပါပြီ။
လင်းခါး