ဋ္ဌာနချုပ်ကို အမြောက်နဲ့ထုခြင်း
ငါ့ သူငယ်ချင်း သုံးကောင်ပေါ့။ ငါနဲ့ဆို လေးကောင်။ အဲဒီလေးကောင်ထဲမှာ နှစ်ကောင်က တကောင်နဲ့တကောင် မသိတာကလွဲရင် အကုန်လုံး ပတ်လည်ရိုက်ပြီး သိနေကြတာ။ နောက်ပြီး အဲဒီတုန်းက ငါတို့က ကဗျာတွေ တောင်လိုပုံအောင် ရေးနေကြတဲ့အချိန်။ ပြီးတော့ မဂ္ဂဇင်းဆီ အင့်ဟယ် အင့်ဟယ်နဲ့ တဖွတ်ဖွတ် ပို့ကြတာ။ တကောင်က အသက်သုံးဆယ်နဲ့ မာယာကော့စကီးဖြစ်မှာ၊ နောက်တကောင်က ဗားတော့ဗရက်၊ နောက်တကောင်က နီရူဒါ၊ (ငါကတော့ ဘာဖြစ်ချင်မှန်းကို မသိသေးတာ။) စသဖြင့်ပဲ။ အမြဲတမ်း မှုန်ကုပ်ကုပ်နဲ့ ခါးထောက်နေတဲ့ ကောင်တွေ၊ အောက်က ပုဆိုးက လှည့်ဝတ်စရာတောင် မကျန်တော့ဘူး၊ ဖိနပ်က ဖော့ဖိနပ်နောက်မြီးပါးတွေ၊ အစစ အရာရာ တယောက်အပေါ်တယောက်လှည့် ကုန်းဆင်းလို့သာ နေနေရတာဆိုပေမယ့် တနေ့ တနေ့ တောင်ပေါ် ကျောက်တုံးကြီး တွန်း တွန်းတင်နေတယ်ဆိုတဲ့ စီစီဖတ်တောင် ငါတို့လောက်ပင်ပန်းမယ် မထင်ဘူး။ နောက်ခံအခင်းအကျင်းကို ပြောပြတာပါ။
တနေ့တော့ သူ့ကိုယ်သူတနေ့ မာယာကော့စကီးလို ဖြစ်လာမယ်လို့ထင်နေတဲ့ကောင်က ပိုက်ဆံလိုလို့ ပိုက်ဆံနည်းနည်းရွှင်သလိုရှိနေတဲ့ ဗားတော့ဗရက်ဖြစ်မယ့်ကောင်ဆီ ပိုက်ဆံသွားချေးဖို့ နီရူဒါဖြစ်မယ့်ကောင်ကို အဖော်ခေါ်တယ်။ နီရူဒါက ပြောတယ်။ “မင်းကောင်ဆီက ပိုက်ဆံ ချေးလို့ရမယ် ထင်လို့လား“ ဗားတော့ဗရက်နဲ့ နီရူဒါက မသိကြဘူးလေ။
မာယာကော့စကီးက ပြန်ပြောတယ် “ရမှာသေချာတယ် ဒီကောင်ထောနေတာ မနေ့ညက ဒေါ်စန်း ဆိုင်မှာ တညလုံးမူးပြီး ဆိုင်ရှေ့တောင် ချီးထိုင်ပါသွားလို့ ဆိုင်ကရိုက်မယ်ပြုမယ်လုပ်နေတာ မြင်ခဲ့တယ်လို့ ငါ့ကို အံ့ကြီးက ပြောတယ်“ (အံ့ကြီးဆိုတာက ငါ့ကိုပြောတာ၊ ငါ့ကလောင်နာမည်က အံ့ကြီးလေ)
“အဲဒါဆို ပိုက်ဆံရရင် ငါတော့ အရက်တိုက်“ နီရူဒါက ပြောတယ်။ အိုခေ ဆိုပြီး မာယာကော့စကီးနဲ့ နီရူဒါတို့ ဗားတော့ဗရက်ဆီ သွားကြတယ်။ ရောက်တော့ အိမ်ထဲမှာ ငုတ်တုတ်ထိုင်ပြီး ခေါင်းကိုသူ့လက်နဲ့သူပြန်ညှစ်နေတဲ့ ဗားတော့ပရက်ကို တွေ့ရတယ်။ မာယာကော့စကီးကို မြင်တော့ ထလာတယ်။ မနေ့ညက ငါ တအားများသွားလို့ကွာ ခေါင်းတွေကိုက်နေတယ် တဲ့ ဗားတော့ပရက်က ပြောတယ်။ မျက်နှာကလည်း ပလာတာကို ခုတ်ထစ်ထားတဲ့အတိုင်းပဲ။ သိသိသာသာကြီးကို ပုံပျက်နေတာ။ မာယာကော့စကီးက “ဘလက်ကော်ဖီသောက်လေကွာ ဒါမှမဟုတ်လည်း လီမွန်တီးသောက်“ တဲ့ စေတနာထားသလို အကြံပေးတယ်။ ဒါနဲ့ မင်းဘာလာလုပ်တာလဲ လာထိုင်ဦး ဆိုပြီး ဗားတော့ဗရက်က ခေါ်တော့မှ နောက်က ကပ်လျက်ပါလာတဲ့ နီရူဒါကို မြင်တယ်။ ဒါပေမယ့် နီရူဒါကို သူမသိဘူး။ ခေါင်းကလည်း ကိုက်နေတော့ တဂိုးကို ခေါ်လိုက်ရင် သူ့ကောင်လဲ ပါလာမှာပဲ ဆိုပြီး အိမ်ထဲ ဝင်သွားတယ်။ တဂိုးလည်း နီရူဒါ့ကို လက်ဆွဲခေါ်ပြီး အိမ်ထဲလိုက်ဝင်တယ်။ အိမ်ထဲမှာကလည်း မှောင်လိုက်တာဆိုတာ နှာခေါင်းဟာ မျက်စိမလိုလို့သာ အသက်ရှူလို့ရတယ်။
တကယ်တော့ မာယာကော့စကီးရဲ့ ပျက်ကွက်မှုပဲ။ အိမ်ထဲဝင်ကတည်းက ဗားတော့ပရက်နဲ့ နီရူဒါကို မိတ်ဆက်ပေးလိုက်ရမှာ သို့သော်လည်းပဲ ပိုက်ဆံချေးရဖို့အရေး လတ်တလော တရက် တပတ်အတွင်း ဗားတော့ဗရက်ရေးထားတဲ့ ကဗျာတပုဒ်ပုဒ်ရဲ့ စာသားကို သူစဉ်းစားနေတာ။ အဲဒီအပုဒ်တော့ ထိတယ်ကွာ ပြောဖို့ မင်းဘယ်လို ရေးလိုက်တာလဲကွာ လို့ တကယ်သိချင်တာလိုလို မေးချင်လို့။ အဲဒါစဉ်းစားနေရတာနဲ့ပဲ မိတ်ဆက်ပေးဖို့ကို မေ့သွားတယ်။ ဒါပေမယ့် သူ စဉ်းစားနေတဲ့ ဗားတော့ပရက်ရဲ့ ကဗျာတပုဒ် ကဗျာစာသားတကြောင်းကြောင်းဆိုတာကိုလည်း အစဖော်လို့က မရဘူး။ အကျပ်ရိုက်နေတုန်း စားပွဲပေါ်မှာ စာရွက်ပိုင်းလေးတခုတွေ့လို့ ကောက်ဖတ်လိုက်တော့ ဗားတော့ဗရက် ဘယ်တုန်းက ရေးထားတယ် မသိတဲ့ ကဗျာအကြမ်းတပိုဒ်ကို သွားတွေ့တယ်။ ဘာတဲ့
“နေရောင်ခြည်က မလာသေးပေမယ့် လေပ ူတွေကို ငါခံစားရပြီ၊ ညည့်အလယ်မှာ၊ အချိန်နဲ့ အာကာသရဲ့ အလယ်မှာ၊ ငါက လူလည်လုပ်ဖို့တောင်မှ အစွန်းရောက်လွန်းနေတယ်“ ဆိုပဲ။
ဟာ ကောင်းလိုက်တာကွာ လို့ မာယာကော့စကီးက ထအော်တယ်။ နီရူဒါကိုတောင် လက်တို့ပြီး ပြလိုက်သေးတယ်။ အဲဒီအထိ မိတ်ဆက်ပေးဖို့ သူမေ့နေတုန်း။ ဗားတော့ပရက်က မာယာကော့စကီးကို လှမ်းကြည့်ပြီး ဒါဘာမှ မဟုတ်သေးပါဘူးကွာ ဆိုတဲ့ပုံနဲ့ ခေါင်းကို ညှစ်နေတဲ့ လက်နှစ်ဖက်ထဲက တဖက်ကို လွှတ်လိုက်ပြီး အသာယမ်းပြနေတယ်။ မာယာကော့စကီးက နည်းနည်းတော့ တင်းသွားတယ် မအေဘေး ဒီစောက်ချိုးချည့်ပဲလို့ စိတ်ထဲက ဆဲမိတယ်။ နီရူဒါကတော့ ဘာမှ မပြောဘူး။ စာရွက်ကို စားပွဲပေါ်ပြန်ချထားလိုက်ပြီး အိမ်အပြင်ဘက်ကို လှမ်းငေးနေတယ်။ အိမ်ခန်းက မှောင်လွန်းတော့ အပြင်ဘက်ကို လှမ်းကြည့်တာ မီးထိုး ထားတဲ့ ဇာတ်စင်ပေါ်ကို လှမ်းကြည့်ရသလိုပဲ လင်းထိန်လို ့။
“မင်းဘာလာလုပ်တာလဲ” လို့ ဗားတော့ဗရက်က မာယာကော့စကီးကိုမေးတယ်။
“ငါ ပိုက်ဆံချေးချင်လို့ကွာ မင်းသိတဲ့အတိုင်းပဲ . . .“ လို့ မာယာကော့စကီးရဲ့ စကားစတောင် မပြတ်သေးဘူး “ငါမှာ့မှ ပိုက်ဆံမရှိတာကွာ မင်းကို ဘယ်လိုချေးမလဲ” လို့ ပြန်ပြောတယ်။ နီရူဒါက မာယာကော့စကီးကို မျက်စိပြူးပြတယ်။ မင်းဟာက သေချာရဲ့လားကွာ လို့ မေးလိုက်သလိုပဲ။ မာယာကော့စကီးလည်း ဗားတော့ဗရက်ကို တင်းသွားတယ်။ စိတ်ထဲကနေ သောက်ကျင့်မကောင်းတဲ့ကောင် မင်း ပိုက်ဆံရှိတာ ငါသိတယ်ကွ လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ “ဗရက်ရာ ဘော်ဒါအချင်းချင်း အဲ့လို မလုပ်စမ်းပါနဲ့ မနေ့က အံ့ကြီးက ငါ့ကို ပြောပြီးပြီကွ ငါတကယ်လိုလို့ပါကွာ” လို့ ပြောတော့ ဗားတော့ဗရက် သက်ပြင်းချလိုက်တာများ နီရူဒါနဲ့ မာယာကော့စကီးတောင် လန့်သွားတယ်။ မြွေတကောင်ကောင် နှာမှုတ်လိုက်တယ်လို့ ထင်သွားမိလို့ ခုံတွေပေါ်ကို ခြေထောက်တွေတောင် ဆတ်ကနဲ ပြိုင်တူတင်လိုက်မိကြပြီး အိမ်ထဲမှာပေမယ့် အစိုပြန်နေတဲ့ မြေကြီးကို မလုံမလဲ ငုံ့ကြည့်မိသွားကြတယ်။ သို့သော်လည်း အဲသလို အောက်ကို ငုံ့ကြည့်လိုက်လိုက်ချင်းမှာပဲ ဒါဟာ ဗားတော့ဗရက် သက်ပြင်းချလိုက်တာမှန်း နှစ်ယောက်လုံး သိလိုက်ကြပြီးပြီ။
“အေးပါကွာ မင်းက ဘယ်လောက်လိုလို့လဲ” လို့ ဗားတော့ဗရက်မေးတယ်။ မာယာကော့စကီးက “သုံးထောင်လောက်ပါကွာ” တဲ့။ “ဟေ့ရောင် သေချာတော့ ပြန်ဆပ်နော်” လို့ ပြောပြီး ရေအိုးစင်ကနေ ရေထသောက်တယ်။ မာယာကော့စကီးက အေးပါကွာ အဆင်ပြေတာနော်နဲ့ ပြန်ဆပ်ပါ့မယ်လို့ ပြောရင်း တဆက်တည်း မင်းအရက်နာကျနေရင် ရေအေးတွေ မသောက်နဲ့ကွ ရေနွေး များများသောက်ပေး တဲ့ မာယာကော့စကီးက ရွာတွေမှာ အပ်ပုန်းလိုက်ထိုးတဲ့ ရမ်းကုဆရာဝန်တယောက်လေနဲ့ ပြောလိုက်သေးတယ်။ နီရူဒါကတော့ ပိုက်ဆံတော့ သေချာပြီဆိုတဲ့ သဘောနဲ့ ဇာတ်စင်ကို ပြန်ငေးနေလိုက်တော့တယ်။ အဲဒီအထိလည်း မာယာကော့စကီး ဆိုတဲ့ကောင်ဟာ ဗားတော့ဗရက်နဲ့နီရူဒါတို့ကို မိတ်ဆက်ပေးဖို့ သတိမရသေးဘူး။ ကံကြမ္မာက သေချာ စီရင်ပေးလိုက်သလိုပဲ။
ဗားတော့ဗရက်ဟာ ပိုက်ဆံချေးတော့မယ် ဆိုပေမယ့်လည်း ချက်ချင်းကြီး ရော့ကွာအင့်လို့ ပေးမယ်ပုံမရှိသေးဘူး ရေသောက်လိုက်ရလို့ စိတ်အေးသက်သာရှိသွားတဲ့ ပုံမျိုးနဲ့ မာယာကော့စကီးနဲ့ နီရူဒါတို့ရဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်ချလိုက်တယ်။ ပြီးတော့ မင်း ကဗျာရော ရေးဖြစ်ရဲ့လား ဟရောင် လို့ မာယာကော့စကီးကို မေးတယ်။ မေးပုံက မသိရင် သူပဲ ကဗျာရေးသင်ပေးခဲ့ပုံနဲ့။ သိပ်မရေးဖြစ်ဘူးကွာ မင်းကမှ ရေးအားကောင်း တွေးအားကောင်းတယ် လို့ မာယာကော့စကီးက မျက်နှာငယ်လေးနဲ့ ပြန်ဖြေတယ်။ မျက်နှာငယ်ကလေး ဆိုတာကို သူ့ခမျာ သေချာလုပ်ယူလိုက်ရပေမယ့် အဲဒီလို မျက်နှာငယ်လေးနဲ့ ပြောပြီးပြီးချင်း အိမ်အပြင်ကို ငေးလိုက်တော့ မျက်စိစူးသွားလို့ မျက်နှာငယ်ထားတာတောင် ပျက်သွားတယ်။ ဒီတော့ “ဟရောင် မင်း ပြတင်းပေါက်တွေလဲ ဖွင့်ပါဦးဟ“ လို့ ဗားတော့ဗရက်ကို ပြောလိုက်တယ်။ နီရူဒါဟာ နည်းနည်းငြီးငွေ့နေပြီ။
ဘာကောင်မှန်းမသိတဲ့ ဒီ ဗားတော့ဗရက် ဆိုတဲ့ ငပေါကောင်မျိုးရဲ့ ပြဇာတ်ဆန်တဲ့ အပြုအမူတွေကို ကြည့်ရင်း ပြောလိုတော့ မရနိုင်ဘူး ဒီလို စောက်ရူးမျိုးတွေဟာ ထွန်းထွန်းပေါက်ပေါက် ဖြစ်ချင်လည်း ဖြစ်သွားတတ်တယ်လို့ သူ ကြည့်ခဲ့ဖူးတဲ့ ကမ္ဘာကျော်တွေရဲ့ ဘဝဇာတ်ကြောင်း ရုပ်ရှင်တွေနဲ့ နှိုင်းယှဉ်ကြည့်နေမိတယ်။ တဆက်တည်း ဒီလိုနိုင်ငံက ဒီလို တောမကျမြို့မကျ အရပ်က ကောင်တကောင်ကတော့ ဖြစ်လာစရာအကြောင်းမရှိပါဘူးလေ လို့ သူ့ကိုယ်သူ ပြန်နှစ်သိမ့်တယ်။ နောက်ပြီး ဒီလိုစောက်ရူးမျိုးက ကဗျာရေးတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကဗျာရေးမိတဲ့အဖြစ်ကိုတောင် ပြန်ရှက်ရမလို ဖြစ်နေတယ်လို့ နီရူဒါဟာ တွေးနေတယ်။ ပြီးတော့ မာယာကော့စကီးရဲ့ ပေါင်ကို တချက်ဆိတ်လိုက်တယ်။ ခေါင်းလဲ တချက်ဆတ်ပြလိုက်တယ်။ ပိုက်ဆံတောင်းလေ ပြီးရင် လစ်ရအောင်ပေါ့။ မာယာကော့စကီးကလဲ ခိုးကြောင်ခိုးဝှက်နဲ့ လက်ပြလိုက်တယ်။ သည်းခံလော့ ဒကာ ဆိုတဲ့အတိုင်းပဲ။
“ဒါနဲ့ ဟေ့ရောင် မင်း နီရူဒါဆိုတဲ့ကောင်ကို သိလား ဒီမြို့ကပဲလို့ ပြောတယ် ငါ အံ့ကြီးကိုလဲ မေးမလို့ အဲဒီကောင် ကဗျာတွေကွာ မဂ္ဂဇင်းတွေမှာ စောက်ရမ်းပါနေတာ တပုဒ်မှလည်း မကောင်းဘူး“ တဲ့ ဗားတော့ဗရက်က ရုတ်တရက်ကြီး ထပြောရော။ မာယာကော့စကီးဆို မျက်လုံးကြီးကို ပြူးထွက်သွားတာ ပုစွန်ဆိတ်ခေါင်းလိုပဲ၊ နီရူဒါဆိုရင် ပါးစပ်ထဲ ဘာမှမရှိဘဲ သည်းမလိုတောင် ဖြစ်သွားတယ်။ ဗားတော့ဗရက်ဆိုတဲ့ နွားကတော့ အဲဒါတွေကိုလည်း မတွေ့လိုက်ဘူး။ တံခါးပေါက်က အလင်းစူးစူး ကြီးကို ကြည့်ပြီး ပြောနေတာကိုး။ မာယာကော့စကီးက ဘာပြောရမယ်မှန်း မသိဘူး။ ရုတ်တရက်ဆိုတော့ ပြူးကြောင်ကြောင်နဲ့ သေသလို ဖြစ်နေတာ။ မအေဘေးကတော့ အဲဒါတွေ မသိဘူး။ ဆက်ပြောတယ်။
“ငါ လိုက်ဖတ်ကြည့်နေတာကွာ ဒီကောင့်ဟာတွေက ကဗျာမှ မဟုတ်ဘဲ ဖွတ်၊ လခွမ်းထဲ စာလည်း ကောင ်းကောင်းဖတ်မယ့်ပုံ မဟုတ်ဘူး ဝါကျတွေက အရှင်းကြီးတွေ၊ ကဗျာခေါင်းစဉ်တွေက ကြည့်လိုက်ဦး ဘာတဲ့ . . .ကွာ . . .ဟို . . .ရထားလက်မှတ် တဲ့၊ သံလမ်းပေါ်က ဖားတကောင် တဲ့ ။ အဲဒီကောင် ဘူတာနားနေတဲ့ကောင် နေမယ်“
ဗားတော့ဗရက် ဆိုတဲ့ကောင်ဟာ သူများစောက်တင်းများပြောရမယ်ဆိုရင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ကားတန်းတွေနောက်ကလိုက်ပြီး ကောင်မလေးတွေ ဖင်လိုက်ဆိတ်ရတာထက် ပိုပျော်သေးတယ်။ ခုနက အရက်နာကျလို့ ခေါင်းကိုက်ပြီး သေမလို ဖြစ်နေတဲ့ ကောင်ဟာ အခုတော့ မျက်နှာတွေတောင် ဝင်းပလို့။ သွေးလည်ပတ်မှုတွေ ပိုကောင်းလာသလိုပဲ။ တက်တက်ကြွကြွဖြစ်လာတယ်။ စဝင်လာခါစက သံပတ်ပေးထားတဲ့ စက်ရုပ်လို ပါးစပ်တခုပဲ လှုပ်ပြီး စကားပြောနေတဲ့ကောင်က အခုတော့ လက်ဟန် ခြေဟန်တွေပါ ပါလာတယ်။ လက်တွေလှုပ်ရှားလွန်းလို့ သူ့မျက်ခွက် သူပြန်ရိုက်မှာတောင် ကြောက်ပုံမရဘူး။ ဆက်ပြောတယ်။
“ငါ့ကဗျာတွေကွာ မင်းသိတဲ့အတိုင်းပဲ ဒီလောက်ကောင်းနေတာ တနှစ်တပုဒ်ထက် ပိုမပါဘူး ငါက လက်ခံပါတယ်။ ပြဿနာမရှိဘူး။ ဒါပေမယ့် နီရူဒါလို သောက်ပေါကဗျာတွေကျတော့ ပါပါနေတာ ငါ လက်ကိုမခံနိုင်ဘူးကွ၊ ဒီကောင်ဟာတွေက ရှင်းလွန်းတော့လည်း ငါတို့ လေးတန်းတုန်းက ရေးရင်တောင် သူ့လောက်မရှင်းဘူး၊ ရှုပ်တော့လည်း စကားလုံးတွေက ရင်ထဲကလာတာမဟုတ်ဘဲ လျှောက်တွဲစပ်ထားတာ အသိသာကြီးပဲ စောက်ပေါ ပါကွာ တကယ့်စောက်ပေါ၊ တခါတလေကျ အယ်ဒီတာ ဆိုတဲ့ကောင်တွေလဲ ငါ သောက်ခွက်တွေချည့်ရိုက်ချင်တယ် ဘာတွေရွေးနေလို့ ရွေးနေမှန်း မသိဘူး။ ငါယုံတယ် ဟေ့ရောင် ငါ ကဗျာ ငါးပုဒ်ပို့ရင် အနည်းဆုံး နှစ်ပုဒ်တော့ကောင်းတယ် မင်း ခုနက ကြိုက်တယ်လို့ ပြောတဲ့ ကဗျာဆို ငါ မကြိုက်တော့လို ဆက်မရေးတာ မင်းတို့လဲ ကောင်းတာပဲ။ အံ့ကြီးဟာတွေဆို ငါကြိုက်တယ် မင်းဟာတွေလည်း ဒီလိုပဲ တချို့ အပုဒ်တွေ ငါတော်တော်ကြိုက်တယ်။ အဲဒီကောင်ဟာတွေကတော့ကွာ တကယ့်ကို တပုဒ်ဆို တပုဒ်မှတောင် ရင်ကို လာမထိဘူး မအေဘေး“
ဗားတော့ဗရက်ဟာ လုံးဝမမောဘူး။ မာယောကော့စကီးနဲ့ နီရူဒါကို တချက်ကြည့်တယ်။ ရေအေးအေး တခွက်ထသောက်တယ်။ ရေခွက်ကို ပါးစပ်နဲ့ တေ့ထားရင်း မသောက်သေးဘဲနဲ့ မာယာကော့စကီးကို လှမ်းပြောနေသေးတယ် “မင်းရော ဖတ်မိရဲ့လား အဲ့ကောင် ကဗျာတွေ” တဲ့။ မာယာကော့စကီးကတော့ ဘေးက နီရူဒါကို ငဲ့စောင်းကြည့်ရင်း ဂဏှာလည်း တော်တော်မငြိမ်တော့ဘူး။ နီရူဒါများ ထရိုက်လိုက်မလားလို့ စိတ်ပူနေတာ။ နီရူဒါကတော့ တော်တော်အံ့သြဖို့ကောင်းတယ်။ ခြေချိတ်ထိုင်ပြီး အိမ်အမိုးက ပင့်ကူအိမ်ကြီးကို ငေးနေတယ်။ ဒူးပေါ်ကိုတင်ထားတဲ့ လက်ချောင်းတွေကတော့ စန္ဒယားဆရာတယောက် စန္ဒရာတီးနေသလို တချောင်းချင်းဆီ လှုပ်ရှားကစားနေတယ်။ မာယာကော့စကီးဟာ နီရူဒါအဲသလို မထုံတက်ထေးနဲ့ ဥပေက္ခာပစ်ထားနိုင်တာကို ကြည့်ရင်း ကြက်သီးမွေးညှင်းတွေတောင် ထလာတယ်။ နီရူဒါ့ကို စိတ်ထဲကနေ တော်တော်လေးစားသွားမိတယ်။ မအေဘေး ဗားတော့ဗရက်ကတော့ ဆက်ပြောဖို့ ပါးစပ်ပြင်နေပြန်ပြီ။
“အဲဒီကောင် နီရူဒါဆိုတာ ငါတို့မြို့ကပဲတဲ့ကွ ဘယ်နားနေလဲတော့ မသိဘူး ရေးပုံသားပုံကြည့်ရ တာတော့ ဆီမီးမော်ဒန်သမား အဘိုးကြီးတယောက် ထင်တာပဲကွာ” တဲ့။ ဗားတော့ဗရက်ဟာ ပြောစရာစကား မကုန်သေးပေမယ့် အင်း အဲ ကလေးတောင် မလိုက်နိုင်တဲ့ မာယာကော့စကီးကို မျက်နှာချင်းဆိုင် ထိုင်နေရက်က တချက်ကုန်းကြည့်လိုက်သေးတယ်။ မာယာကော့စကီးကတော့ အာခေါင်တွေကို ခြောက်လိုက်လာတာ။ နီရူဒါကတော့ သူ့ဘာသာသူ ဘာမှမဖြစ်သလိုနေပေမယ့်လည်း ဒေါသတော့ထွက်မှာပဲ။ အရူးကပဲ တမူးသာ။ သူခိုးက လူ လူ ဟစ် စသဖြင့် တွေးနေမှာ။
“ငါ့ ပိုက်ဆံပေးတော့လေကွာ ငါ သွားစရာရှိသေးလို့. . .” လို့ မာယာကော့စကီးက တကယ့်ကို တိုးတိုးညင်သာ ကလေးပြောတယ်။ “အေး အေး” လို့ ဆိုပြီ ဗားတော့ဗရက်ဟာ အိမ်ခန်းအနောက်ခန်း အမှောင်ထဲကလေး ဝင်သွားတယ်။
“ သူငယ်ချင်း နီရူဒါ ဘယ်လိုမှ မအောက်မေ့နဲ့ကွာ မင်းဘယ်လိုလဲ . . .” လို့ မေးတယ်။ နီရူဒါက မာယာကော့စကီးကို သူစိမ်းတယောက်ကို ကြည့်သလို လှည့်ကြည့်တယ်။ မာယာကော့စကီးခမျာလည်း ကြားထဲကနေ မျက်နှာချင်း မဆိုင်ရဲသလိုတောင် ဖြစ်နေတယ်။ “ဟေ့ရောင် ဒီအပေါ် တခုခုတော့ ပြန်လုပ်မှ ဖြစ်မယ်” လို့ နီရူဒါက ပြတ်ပြတ်သားသားကြီး ပြောတယ်။ “မင်းက ရိုက်ချင်လို့လား . .” တဲ့ မာယာကော့စကီး မဝံ့မရဲ မေးတယ်။ နီရူဒါပြောတယ် “မဟုတ်ပါဘူး အဲ့လို မဟုတ်ဘူး“ တဲ့။ “ ဟာ ငါ အကြံရပြီ မင်း ငါ့နောက်ကသာ ဖော်လို လုပ်တော့ ဟုတ်ပြီလား” လို့ မာယာကော့စကီးက ပြောတယ်။ သူ့မျက်နှာဟာ ရုတ်ချည်းကို ပြုံးပြံုးရွှင်ရွှင်ဖြစ်သွားတယ်။ နီရူဒါကလည်း “ချကွာ” တဲ့ ခပ်ပြတ်ပြတ်ပြောပြီး အပေါ်က ပင့်ကူအိမ် မည်းမည်းကြီးကို ပြန်ကြည့်ဖို့ လုပ်ပေမယ့်လည်း ဇက်ညောင်းလာလို့ တံခါးပေါက်က ဝင်လာတဲ့ အလင်းဖြူဖြူကြီးကိုပဲ ပြန်ငေးနေတော့တယ်။ ဗားတော့ဗရက် အခန်းရှေ့ ပြန်ဝင်လာတယ်။ လက်ထဲမှာ ပါးစပ်တွေက အထပ်လိုက်ကြီး နှစ်ရာတန်တွေ ငါးရာတန်တွေ သေချာရေတွက်လာပုံပဲ။ ဒီလောက်အမှောင်ကြီးထဲ ဒီကောင်ဘယ်လိုများ ရေတွက်လာသလဲ မသိဘူး လို့ မာယာကော့စကီးက ခပ်ချဉ်ချဉ်နဲ့ တွေးနေတယ်။
“ရော့ သုံးထောင် မြန်မြန်တော့ ပြန်ဆပ်နော် ဟေ့ရောင်” တဲ့။ မာယာကော့စကီးဟာ ပိုက်ဆံကို ယူတယ်။ မတ်တပ်ထပြီး ဂျင်းဘောင်းဘီ ရှေ့အိတ်ထဲကို ပိုက်ဆံတွေ အတင်းသွပ်ထည့်နေတယ်။ ပိုက်ဆံ အကုန် ဘောင်းဘီအိတ်ထဲရောက်တာ သေချာပြီလို့ ဆိုတော့မှ အလွန်ပြတ်သားပြီး သြဇာကြီးလှတဲ့ ငေါက်ငမ်းသံကြီးနဲ့ စကားစပြောတယ်။
“ဟေ့ရောင် ဗားတော့ဗရက် မင်းဆိုတဲ့ကောင်ဟာ ဘယ်တော့မှ စကားကို ဆင်ဆင်ခြင်ခြင် ရှေ့နောက်ကြည့် မပြောတတ်တဲ့ကောင် ရှေ့ပြောနောက်ကြည့် နေ့ပြော အောက်ကြည့်တဲ့ကွ၊ မင်း တချိန်လုံး အမြှုပ်ထွက်အောင် စောက်တင်းတုပ်နေတဲ့ နီရူဒါဆိုတာ ဒီမှာ ဒါပဲ ” လို့ နီရူဒါ့ ပုခုံးကိုတောင် ခပ်ဆတ်ဆတ် နှစ်ချက်ပုတ်ပြလိုက်တယ်။ ဗားတော့ဗရက် ဘယ်လိုနေမယ် ထားဦး နီရူဒါတောင် အံ့သြသွားတာ သေချာတယ်။ ထိုင်ခုံပေါ်ကနေ ပြုတ်ကျမလိုတောင် ဖြစ်သွားလို့ မာယာကော့စကီး ကိုယ်တိုင်တောင် ပုခုံးကို လှမ်းဆွဲလိုက်ရတယ်။ ဗားတော့ဗရက် ဟာ “အန် . . ” လို့ သံရှည်ဆွဲ အံ့သြသွားတာများ အသံက စူးရှရှကြီးမို့ ဝက်ကို တူနဲ့ ထူလိုက်သလိုပဲ။ ပြီးတော့ ခေါင်းပြန်ကိုက်သွားပုံရတယ်။ သူ့ခေါင်းကို သူပြန်ညှစ်နေပြန်တယ်။ ပုံစံက မန့်ချ် ရဲ့ အော်သံ ပန်းချီကား ကို ကြည့်ရတဲ့အတိုင်းပဲ။ အဲဒီအတိုင်းကို စက္ကန့်သုံးဆယ်လောက် ကြာလိမ့်မယ် ထင်ပါတယ်။
ဗားတော့ဗရက် မျက်နှာကြီးဟာ ရဲနေတာပဲ အမှောင်ထဲမှာကို ရဲနေတာ။ တော်တော်ရှက်သွားတာ သိသာတယ်။ တစ်ရှက်မဟုတ်ဘူး နှစ်ရှက်။ ပယ်ပယ်နယ်နယ် စောက်တင်းနှက်နေတဲ့ လူဟာ သူရှေ့က လူဖြစ်နေလို့ အားနာပြီး ရှက်နေတာက တရှက်၊ ကိုယ်ကိုယ့်ကိုယ် ကဗျာဆရာဖြစ်နေပြီး ဒီလောက်တောင် သူတပါးစောက်တင်း အကင်းပါးပါး မနှက်တတ်ရကောင်းလားလို့ ရှက်မိတာက တရှက်။ ကိုယ့်ကိုယ်ကိုယ်တောင် ကဗျာဆရာအဖြစ်ကနေ စျာန်လျှောကျသွားသလို ခံစားလိုက်ရတယ်။ ကမ္ဘာကြီး ပျက်မယ်ဆိုရင် အခုပျက်လိုက်ပါတော့လို့တောင် စဉ်းစားမိသွားတယ်။ ပြီးတော့ ခွေးအကြီး လှည်းနင်းတာ ဘယ်လိုမှန်းမသိပေမယ့် အဲဒီ ခွေးအကြီးကို လှည်းနင်းသလိုပါပဲ “ - - ငါ - - ငါ ကွာ - - - ဟို ဟွာ လေ -“ အထစ်ထစ် အငေါ့ငေါ့တွေ ဖြစ်လာတယ်။ ဗားတော့ဗရက်ဟာ တောင်းပန်ဖို့ ကြိုးစားနေတာပါ။ သို့သော်လည်းပဲ မာယာကော့စကီးက ဒီအကွက်ကို စောင့်နေတာ။
“ဟေ့ရောင် ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ မလုပ်နဲ့ မင်းက အရမ်းများတယ်။ မင်းလဲ ငါ့သူငယ်ချင်းပါ နီရူဒါကလဲ ငါ့ သူငယ်ချင်းပဲ ဟေ့ရောင် ရှင်းရှင်းပြောမယ်ကွာ မင်း ပိုက်ဆံ သုံးထောင် ငါ ယီး မှ ပြန်မပေးဘူးကွာ မင်းကျေနပ်လား ဒါနစ်နာကြေးပဲ ဘော်ဒါချင်းမို့ လျှော်တာနော် ဟေ့ရောင်” တဲ့ ပိုင်ပိုင်နိုင်နိုင်ကြီး ပြောတယ်။ ဗားတော့ဗရက် ဘာမှ မပြောနိုင်ဘူး။
“လာ သွားမယ် နီရူဒါ” ဆိုပြီး မာယာကော့စကီးနဲ့ နီရူဒါထွက်သွားတာကို ကြောင် ငေး ငေးနေရင်း ကျန်ခဲ့တယ်။ ဗားတော့ဗရက်ဟာ အတော်နောင်တရသွားပါတယ်။ နောက်နေ့မှာ ဖြစ်ကြောင်းကုန်စင် သိလိုက်ရတဲ့ ငါဟာ မာယာကော့စကီးကိုလည်းခေါ် ဗားတော့ဗရက်နဲ့ နီရူဒါကိုလည်း တေ့ပေးပြီး တယောက်နဲ့တယောက် ဋ္ဌာနချုပ်ကို အမြောက်နဲ့ထုကြဖို့ ငါ လုပ်ခိုင်းတယ်။ ငါတို့ ယဉ်ကျေးမှ ုတော်လှန်ရေးဟာ ချစ်ဖို့ကောင်းတယ်။ သွေးထွက်သံယို မရှိ၊ အသာစီးရသွားတဲ့ အရင်းရှင်မရှိ၊ ပစ္စည်းမဲ့တွေရဲ့ အောင်ပွဲသက်သက်ပဲ။ နောက် သောက်ကြတယ်။ မအေဘေးနှစ်ကောင်ဟာ တယောက်နဲ့ တယောက် နှမ်းဖတ်ချဉ်တွေ ခွံ့ကျွေး၊ အရက်တွေ ငှဲ့ပေး လုပ်နေကြတယ်။ ပြီးတော့ ဖက်တောင်ငိုနေလိုက်ကြသေးတယ်။
လင်းခါး
လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်က နယ်ကဗျာဆရာသူငယ်ချင်းများသို့