တေဘုမ္မာ သီချင်းဆိုတဲ့ ကြောင်

၁၈.၀၁.၂၀၂၃

တေဘုမ္မာသီချင်းဆိုတဲ့ကြောင်

တေဘုမ္မာသီချင်းဆိုတဲ့ ကြောင်

လင်းခါး

မရောက်ဖြစ်တာကြာတဲ့ မြို့ကြီးကိုရောက်တော့ အဆက်ပြတ်သလိုဖြစ်နေတာ ကြာပြီဖြစ်နေတဲ့ ခင်မောင်နိုင် ဆိုတဲ့ သူငယ်ချင်းတယောက်ကို တွေ့ချင်စိတ် ပြင်းပြင်းပြပြဖြစ်နေလို့ စုံစမ်းမေးမြန်းကြည့်မိတယ်။ နီးစပ်ရာ အခြား သူငယ်ချင်းတွေဆီ ဖုန်းလျှောက်ဆက် ဒီကောင်ဘယ်မှာရှိနိုင်သလဲ ဖုန်နံပါတ် ရှိလား စသဖြင့် မေးမြန်းစုံစမ်းလိုက်ရတာ မောတောင်မောတယ်။ ရတဲ့ ဖုန်းနံပါတ်က ဆက်မရဘူး။ ဆက်သွယ်၍ မရနိုင်ပါရှင် ဆိုတာချည့်ပဲ။ ကျနော့်မှာ ဒီကောင်နဲ့ တွေ့ချင်စိတ်ကို လက်လျှော့လိုက်ရမလားလို့ အကြိမ်ကြိမ်တွေးမိပေမယ့်လည်း ဒီတခါမှ မတွေ့လိုက်ရရင် နောက် ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူးလို့ စိတ်က ခံစားနေရတယ်။ မြို့ကြီးကို မရောက်ခင် တပတ်လောက်ကမှ အိပ်မက်တခုထဲမှာ ကျနော်ငယ်ငယ်က အရမ်းစွဲလန်းခဲ့တဲ့ မေရီခင် ဆိုတဲ့ ငယ်သူငယ်ချင်းကောင်မလေးတယောက်ကို ပြန်တွေ့ရတယ်။ အိပ်မက်ထဲမှာတင် ကျနော့် နှလုံးသားကို စွဲစုပ်ယူပစ်လိုက်သလိုပဲ ခံစားချက်က။ ရဟတ်စီးတဲ့အခါ ကိုယ် စီးနေတဲ့ ရဟတ်လုံးက အောက်ကိုပြန်ကျနေတဲ့ အချိန်မျိုးလိုပဲ။ မေရီခင် နဲ့ ကျနော်ဟာလည်း မတွေ့တာအရမ်းကြာသွားခဲ့ပြီ။ လူမှုကွန်ရက်ရဲ့ search bar မှာလည်း သူ့နာမည်ကို အမျိုးမျိုးလှည့်ရိုက်ပြီး ရှာခဲ့မိတာတွေလည်း အချည်းနှီးပဲ ရေစက်ကုန်သွားတဲ့ လူနှစ်ယောက်လိုပဲ။ ဒီတသက် ပြန်လည်ဆုံရဖို့ မရှိတော့ဘူး ထင်ပါတယ်။

ကျနော်အရမ်းစွဲလန်းခဲ့တဲ့ ငယ်သူငယ်ချင်းမလေး မေရီခင်ဟာ အခုကျနော်အရမ်းတွေ့ချင်လို့ ရှာနေတဲ့ ကျနော့်သူငယ်ချင်း ခင်မောင်နိုင်ရဲ့ ရည်စားဖြစ်ခဲ့တာ။ သာမန် ချစ်ကွဲညား ၀တ္ထုတွေထဲကလို သုံးပွင့်ဆိုင်ဇာတ်လမ်းပေါ့။ ဒါပေမယ့် ကျနော်မေရီခင်ကို ချစ်နေခဲ့တာ ခင်မောင်နိုင် လုံးဝ မသိပါဘူး။ အခုထိလည်း မသိနိုင်ဘူး။ မေရီခင်ကတော့ အနည်းငယ်ရိပ်မိခဲ့နိုင်ပါတယ် မပြောတတ်ဘူး။ ဒီတော့ ကျနော်အရမ်းတွေ့ချင်နေတာ ခင်မောင်နိုင့်ကိုမှ ဟုတ်ရဲ့လားလို့လည်း ဆန်းစစ်မိတယ်။ ဒါလည်း မသေချာဘူး။ သို့ပေမယ့် ခင်မောင်နိုင်နဲ့ မေရီခင်ဟာ ငယ်ဘဝတုန်းက ကလေးသမီးရည်းစား စုံတွဲတွေလိုပါပဲ ပြတ်သွားခဲ့တာ ကြာလှရောပေါ့။ အကြီးအကျယ် ပြဿနာတွေတက်ပြီး ပြတ်ခဲ့တာ။ သူတို့ ပြတ်စဲကြတုန်းက ကျနော် မြို့ကြီးမှာ နေနေသေးတယ်။ အချောင်ဝင်နှိုက်ရင်ကောင်းမလားလို့လည်း စဉ်းစားမိခဲ့သေးတယ်။ ငိုနေတဲ့ မေရီခင့်ရဲ့ မျက်ရည်တွေကို လက်မကလေးနဲ့ တယုတယသုတ်ပေးနေရင်းက ဖက်ပြီး နမ်းလိုက်ချင်စိတ်ကို မနည်းအောင့်အည်းခဲ့ရ နာကျင်ခဲ့ရတာပေါ့။ ကျနော်က ကံဆိုးပါတယ်။ ဘယ်လိုပဲ ဂယ်ပေါက်မှာစောင့်နေနေ မေရီခင်က ခင်မောင်နိုင့်ကို သိပ်ချစ်ခဲ့တာ။ သူ့ဘေးနားမှာ အကြင်နာ မျက်လုံးတွေနဲ့ အခိုးဝေနေတဲ့ ကျနော့်ကို မသိချင်ယောင်ဆောင်နေခဲ့တာ ကျနော်သိတာပေါ့။ ဒီလိုနဲ့ ကျနော်လည်း မေရီခင့် လက်ကလေးကို ဖွဖွနမ်း ဂွတ်ဘိုင်လို့ ဆိုခဲ့ပြီး ထွက်သွားခဲ့တဲ့ ဇာတ်လမ်းမျိုး ဖြစ်သွားတာပေါ့။ အဲဒီနောက် ကျနော်ဟာ နယ်မြို့ကလေးကို လွင့်စင်သွားခဲ့တာပဲလေ။ ကျနော် အခု ခင်မောင်နိုင့်ကို ရှာနေတာဟာ၊ ကျနော် ရှာလို့မရနိုင်တဲ့ မေရီခင့်အရိပ်ကလေးတွေများ ခင်မောင်နိုင့်ဆီမှာ ရှိနေမလားရယ်လို့ မသိစိတ်က တွေးနေမိတာလည်း ရှိမှာပေါ့။ တော်တော်ငယ်ငယ် ဆယ်ကျော်သက်တုန်းက ကိစ္စတွေပါ။ သို့ပေမယ့်လည်း တကယ် ဖြစ်ခဲ့တာပဲလေ။

x x x

ခင်မောင်နိုင့် ဖုန်းကလုံးဝဆက်မရတော့ မထူးဘူး ရောက်တုန်းရောက်ခိုက် အချိန်ကလည်း အားနေမှတော့ ဒီကောင်နေတယ်ဆိုတဲ့ မြို့နယ်၊ ရပ်ကွက်အထိ ကျနော်သွားတယ်။ ဟိုလူဒီလူ မေးစမ်းတယ်။ ခင်မောင်နိုင်လေ အရပ်က ကျနော့်လောက်ပဲ အသားဖြူဖြူ ရုပ်ချောချောပေါ့လေ စသဖြင့် ကလေးကလားတွေလည်း မေးရတယ်။ မလျှော့သောဇွဲလုံ့လနဲ့ ရှာလိုက်တာ နောက်ဆုံးမှာတော့ ခင်မောင်နိုင့် အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်။ မိုးကလည်း တနေလုံးကို ရွာနေလို့ ကျနော်လည်း တော်တော်ကြီးကို စိုရွှဲနေတုန်းမှာ ရောက်သွားတာ။ အိမ်က ကျဉ်းတယ်။ မိုးရွာတော့ မီးပျက်နေလို့ နေ့လယ်ခင်းကြီးမှာကို ဒီကောင့်အိမ်က မှောင်နေလိုက်တာဆိုတာ အိမ်ထဲရောက်ပြီး တမိနစ်လောက်အထိ ဘာမှသဲသဲကွဲကွဲမမြင်ရဘူး။ အမှောင်ထဲမှာ မျက်လုံးက အသားကျပြီဆိုတော့မှ ကျနော့်ရှေ့မှာ လူနှစ်ယောက် ကျနော့်ကို ငေးကြည့်နေတာ တွေ့ရတယ်။ ခင်မောင်နိုင်ရဲ့ အမေနဲ့ အမ။ ကျနော်က မှတ်မိပေမယ့် သူတို့က မှတ်မိကြပုံမရဘူး။ “ကျနော် ဘယ်သူလေ အန်တီရဲ့ မမှတ်မိဘူးလား“ လို့ နာမည်ထုတ်ပြောရတယ်။ ဒီတော့မှ သူတို့နှစ်ယောက်စလုံးမှာ ငယ်ရုပ်ဖမ်းမိသွားပြီး ဟင်းချနိုင်သွားကြပုံ ရတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာပိုင်း ဟန်ပန်မူယာကသာ သက်သောင့်သက်သာဖြစ်သွားတယ်။ မျက်နှာတွေက မပြောင်းလဲဘူး။ ကျနော်နဲ့ ပတ်သက်လို့ ခံစားချက်မရှိ၊ ခပ်တည်တည်တွေပဲ။

သြော် အေး တဲ့။ ဒီလောက်ပဲ။ မဖော်ရွေလှဘူး။ ကျနော့်မှာ တော်တော်အံ့အားသင့်သွားလို့ ဘာပြောရမယ်မှန်းတောင် ရုတ်တရက် စဉ်းစားမရဘူး စိမ်းကားလိုက်တာဗျာ။ သို့သော်လည်း ဒါတွေကို သူတို့ရှေ့မှာ ခံစားပြနေဖို့လည်း အာရုံက သိပ်မရှိတဲ့အပြင် သူတို့ကို တွေ့ချင်လို့လာတာလည်း မဟုတ်လေတော့ ကျနော့်သူငယ်ချင်း၊ သူတို့သား၊ သူတို့မောင် ဘယ်များသွားသလဲ ဘယ်အချိန်ပြန်ရောက်မလဲပဲ မေးလိုက်တယ်။ ဘယ်သွားမှန်း မသိဘူးတဲ့၊ အဲ့လိုပဲ ဘယ်အချိန်ပြန်ရောက်မယ်လည်း မသိဘူးတဲ့။ စကားလုံးအရတင် မဟုတ်ဘဲ ဖြေလိုက်တဲ့ လေသံကပါ အေးစက်နေတဲ့ ဝါးလုံးရိုးရှည်နဲ့ နောက်ကို ထိုးလွှတ်လိုက်သလိုပဲလို့ ကျနော့်မှာ ခံစားရတယ်။ ပထမတော့ ကျနော်တွေးတာက ဒီကောင်မရှိလည်းပဲ သူတို့နဲ့ ရှေးဟောင်းနှောင်းဖြစ်လေးပြော၊ ကော်ဖီကလေးများ တိုက်မယ်ဆိုရင် ကော်ဖီပူပူကလေးသောက် ဇိမ်တော့ ကျဦးမယ်လို့ တွေးတာ။ အခုလို စိမ်းစိမ်းကားကားကြီး တုံ့ပြန်ဧည့်ခံလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မျှော်လင့်ချက်သိပ်ကြီးလှတဲ့ အတွေးမဟုတ်ပေမယ့် ပျက်စီးသွားရတော့လည်း နည်းနည်းတော့ သိမ်ငယ် စိတ်ညစ်မိတယ်။ သိတတ် တွေးတတ် ဆင်ခြင်တတ်တဲ့ အရွယ်ကစလို့ လူတကာကို အဖက်မလုပ်နေခဲ့၊ နေနိုင်သလိုဟန်မျိုး ချိုးခဲ့တယ် ဆိုပေမယ့် ကိုယ့်ကိုအဖက်လုပ်တာ မခံရပြန်တော့လည်း သိမ်ငယ်စိတ်ကတော့ ဝင်တာပဲ။ လှည့်ထွက်၊ သူတို့ကို ကျောပေးပြီးမှ လမ်းထိပ်လက်ဖက်ရည်ဆိုင်ကပဲ စောင့်တော့မယ်ဗျာ လို့ ပြောလိုက်ရင်း မိုးရွာထဲ အပြေးကလေး ထွက်လာမိတယ်။

x x x

လက်ဖက်ရည်ဆိုင်က စောင့်မယ်ဗျာလို့ ထွက်လာခဲ့ရပေမယ့် လက်ဖက်ရည်ဆိုင်ထိုင်ချင်စိတ် ကျနော့်မှာ မရှိဘူး။ မိုးကလည်း စိုထားတော့ လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်လည်း သက်သောင့်သက်သာ ဖြစ်မှာမဟုတ်ဘူး။ နောက်ပြီး ခံစားချက်က သိပ်မကောင်းဘူး။ ငယ်ဘဝတလျှေက်လုံး ခင်ခဲ့မင်ခဲ့တဲ့ သူငယ်ချင်းအမေနဲ့အမက သူစိမ်းတရံလို ဆက်ဆံလိုက်တော့ လူက အထီးကျန်ဆန်သွားတယ်။ တယောက်တည်း ငြိမ်ငြိမ်သက်သက် အဲဒီအရသာကို ခံစားမယ်လို့ တွေးလိုက်တယ်။ သူတို့လမ်းထိပ်မှာ ဗာဒံရိပ်ကလေးနဲ့မို့ မိုးဒဏ်နည်းနည်းသက်သာနိုင်တဲ့ အုတ်ခုံကလေးတခုတွေ့လို့ အဲဒီမှာပဲ ထိုင်ချလိုက်တယ်။ လမ်းထိပ်က အုတ်ခုံတွေဆိုတာ ဘယ်ခေတ်မှာဖြစ်ဖြစ် အထီးကျန်လို့ အကောင်းဆုံးနေရာပေါ့။

ပစ်ပစ်ခါခါလုပ်ရက်နိုင်တဲ့ ခင်မောင်နိုင်ရဲ့ အမေ၊ အမတို့နဲ့ ကျနော်နဲ့ ဆက်ဆံရေး အခြေအနေကို တွေးနေလိုက်မိတယ်။ ခု ဒီလိုဆက်ဆံရေးအခြေအနေတွေဖြစ်ခါမှ ကျနော်ဟာ သူတို့ကို အပြစ်ဖို့ အတ္တကြီးသူ အသည်းမာနိုင်ကြသူတွေအဖြစ် ပုံဖော်ဖို့ လုပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စေ့စေ့တွေးကြည့်မိတော့ ကျနော် ငယ်ငယ်တုန်းက သူတို့နဲ့ ဆက်ဆံခဲ့သမျှမှာ သူတို့ရဲ့ မလိုတမာပုံတွေ၊ တင်စီးတာတွေ၊ အလိုရမ္မက်ကြီးပုံတွေကို သတိထားမိတော့တယ်။ စင်ဒရဲလားလေးရဲ့ မိထွေးနဲ့ သမီးတွေလိုပဲ။ ချက်ချင်းသတိရမိတာ တခုပြောရရင် (သူတို့အိမ်ဟာလည်း ငတ်ပြတ်နေကြသူတွေတော့ မဟုတ်ပေမယ့်) ကျနော်ဟာ သူတို့အိမ်မှာပဲ သူတို့သားနဲ့ အမြဲဆော့နေကျဆိုတော့ မျက်နှာလုပ်ဖို့ အိမ်ကနေ ဆန်တွေခိုးခိုးပြီး ပေးတတ်တာ၊ ကျနော့် အိမ်မှာက လက်ဖက်ရည်ကို ဘယ်သူမှ ဖျော်မသောက်ကြတော့ အဖေ အပတ်စဉ် ရိက္ခာထုတ်တိုင်း ရရလာတဲ့ နို့ဆီဘူးတွေကို သူတို့အတွက် ယူယူပေးခဲ့တာ။ ပေးခဲ့မိတိုင်းလည်း သူတို့မှာလည်း ရှိနေပါလျက်နဲ့ ကလေးတယောက်ခိုးယူလာတာတွေကို အမြဲ လက်ခံထားခဲ့တာပဲ။ နောက်ပြီး အဲဒီလိုနေ့တွေမှာဆိုရင် ကျနော့်ကို သား လို့ ခေါ်တာကိုလည်း သတိရမိပါရဲ့။ ကျနော်ကလည်း သူငယ်ချင်းအမေရဲ့ သား ရယ်လို့ ခေါ်လိုက်တိုင်းမှာ ကျနော့်သူငယ်ချင်းနဲ့ ညီအစ်ကိုအရင်းဖြစ်ရရင် သိပ်ကောင်းမှာလို့ တွေးပြီး ပျော်နေတတ်တယ်။ ဘယ်လောက်ဆိုးတဲ့ အဒေါ်ကြီးလဲဗျာ ခုတော့ ကျနော့်ကို မိုးကလေးတောင် ခိုခွင့်မပေးဘူး။

မိုးကလည်း လေတော်တော်ပါတယ်။ ကျနော်လည်း တော်တော်ကြီးကို တုန်တုန်တက်တက် ဖြစ်နေပြီ။ မော့ကြည့်တော့ ကောင်းကင်က မီးခိုးမဲ မဲနေတုန်းပဲမို့ အထီးကျန်မှုနဲ့ နာကျင်ရမှုကို ဖော်ပြချင်တဲ့ ပန်းချီကားတချပ်ကို ဆွဲမယ်ဆိုရင် အဲဒီတုန်းက ရေညှိမဲမဲတွေတက်နေတဲ့ အုတ်ခုံကလေးပေါ်မှာ ခေါင်းငိုက်စိုက်ကျ ထိုင်လျက်သား ကျနော့်ပုံကို ဆွဲလိုက်ရင် သိပ်အနုပညာမြောက်မယ်။ အုတ်ခုံနေရာမှာတော့ ချောမထား ရွေဘော်မထိုးထားလို့ အစအနတွေထွက်နေတဲ့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ခုံတန်းလျားကလေး လုပ်လိုက်ပေါ့။ ကွန်ကရစ်တွေ အုတ်တွေထက်စာရင် သစ်ပင်တွေက လွမ်းဖို့ ပိုကောင်းတယ်လေ။ ကျနော်ကလည်း စိတ်သဘောထား အလွန်ပျော့တဲ့ကောင်စားမျိုး။ ငယ်ငယ်ကဆိုရင် ကိုယ့်ကိုယ်ကိုယ် ရုပ်ရှင်သရုပ်ဆောင်ဖြစ်လိမ့်မယ်ထင်ခဲ့တာ။ မှန်ရှေ့မတ်တပ်ရပ် ဝမ်းနည်းရတဲ့အကြောင်းတွေ စဉ်းစားပြီး ငိုတတ် မျက်ရည်ကျတတ် ပြီးတော့ ဗြုန်းခနဲ ရယ်လိုက်တတ်သေးတာ။ ရူးတာလိုလို ပေါတာလိုလိုနဲ့ပေါ့။ ဆိုတော့ မှောင်မိုက်လှတဲ့ ကောင်းကင်မိုးသည်းအောက်မှာ ကျနော်ဟာ ကိုယ်အဖြစ်ကိုယ်တွေးပြီး မျက်ရည်ကျမိမလိုတောင် ဖြစ်နေခဲ့ရတယ်။ ခင်မောင်နိုင်နဲ့ တွေ့ရင်တော့ အားလုံးအဆင်ပြေသွားမှာပါ။ ဒါကို ကျနော်သိတယ်။

x x x

ဒီကောင်နဲ့ ကျနော်က တော်တော်ချစ်ခဲ့ကြတဲ့ ကောင်တွေပါ။ ငယ်ပေါင်းဆိုတာမျိုးက သိတဲ့အတိုင်းပဲ တော်ရုံနဲ့ သံယောဇဉ်ဖြတ် မျက်နှာလွဲခဲပစ် နေနိုင်တာမျိုးမဟုတ်ဘူး။ ဒါကြောင့်လည်း ဒီမြို့ကြီးလို ရှုပ်ထွေးနံဟောင်လှတဲ့ များပြားလှတဲ့ လူအုပ်တွေကြား ဒီကောင့်ကို တွေ့ချင်စိတ်ကလေး ရှိလို့ ရှာဖွေမိတာပေါ့။ မေရီခင့်ကို လွမ်းတာလည်း အနည်းငယ်ပါမှာပေါ့။ ဒီကောင့်နာမည် ခင်မောင်နိုင် ဆိုတာက ခုခေတ်နာမည်ပေးပုံတွေနဲ့ ကြည့်ရင် ခပ်တုံးတုံးနာမည်မျိုးပဲ။ ကျနော်တို့ ငယ်တုန်းကဆိုရင်လည်း တအားကြီးမတုံးတောင် ခပ်တုံးတုံး နာမည်ပါပဲ။ သို့သော် ဒီကောင် လူကသာ ခင်မောင်နိုင် စော်တော့ အင်မတန်ကြည်တဲ့ကောင်။ ရှစ်တန်း ကိုးတန်းလောက်မှာ ကျနော်တို့က ဂေါ်လီလုံးလှလှလေးတွေနဲ့ ပိုက်ဆံကြေး ကျင်းစိမ်ဖို့ အိမ်နတ်စင်မှာ လိပ်ပြီးပူဇော်ထားတဲ့ တဆယ်တန်ကို ခိုးဖို့အားထုတ်နေတုန်း ဒီကောင်က စော်နဲ့ ချိန်းထားလို့ ငါ သွားလိုက်ဦးမယ်ကွာ ဆိုတဲ့ကောင်မျိုး။ ကျနော်တို့ကိုယ်တိုင် ရည်းစားထားချင်ပြီ လူပျိုပေါက်ဖြစ်ပြီဆိုတော့ ဒီကောင်က ကံကောင်းလို့ မိန်းမ မယူလိုက်ရတာ နှစ်ခါ သုံးခါရှိပြီးပြီ ဆိုတာမျိုး။ မေရီခင့် မတိုင်ခင်က သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်ဆိုလို့ လိုက်သွားတော့ ကျနော့်နာမည်ဘယ်သူပါလို့ ပြောတာကိုတောင် ကျနော့်မျက်နှာမကြည့်အားဘဲ ဒီကောင့်မျက်နှာကိုပဲ ညအခါ သာတဲ့ လမင်းကို ငေးသလို ပြုံးပြီးငေးနေတဲ့ ဒီကောင့် ကောင်မလေးဆိုတာဟာ မမကြီးတယောက်ဖြစ်နေတာကို ကျနော် အံ့သြနေမိသေးတယ်။ မမကြီးတွေကို ရည်းစားလုပ်လို့ ရတာပါကလားလို့ ကျနော့်မှာ ပါးစပ်ကြီးဟောင်းလောင်းဖြစ်လို့၊ အသိသစ်နဲ့ ကြက်သေကြီးကို သေလို့။ အဲဒီတုန်းက မေရီခင့်ကိုတောင် ကျနော် မချစ်တတ်သေးဘူး ထင်တယ်။

ထိုစဉ်တုန်းက ကျနော့်အိမ် သူ့အိမ် တွေဟာ သူဌေးတွေ ချမ်းသာသူတွေ မဟုတ်ပေမယ့် ထမင်းတနပ်တိုင်း တနပ်တိုင်းအတွက် ပူဇော်ရမယ့် နတ်ဘုရားတွေနဲ့ အလုပ်ရှုပ်နေရတဲ့ မိသားစုမျိုးတွေတော့ မဟုတ်ဘူး။ သို့သော်လည်း မြီးကောင်ပေါက် လူငယ်တွေအတွက်တော့ မုန့်ဖိုးကနေ ကမ္ဘာကြီးအထိ လုံလောက်တာလည်း ဘာမှမရှိဖြစ်လေတော့ ဒီကောင်ဟာ သူ့ကောင်မလေး ဆိုတာတွေကို လှည့်လှည့်ပြီး ငါးဆယ်မျိုး တရာမျိုး တခါတခါလှည့်ပတ်တောင်းရင်ကို ငွေတထောင်လောက် ရတဲ့ကောင်။ စာရိတ္တပျက်ပြားခြင်းတမျိုးပဲဆိုပေမယ့် ကျနော်ကတော့ ဒါကိုလည်း ပါးစပ်ဟောင်းလောင်းဖြစ်ရတာပဲ။ ငယ်တုန်းက ကျနော် ကြီးပြင်းခဲ့ရာမှာ ကျနော့်အပေါင်းအသင်းတွေနဲ့ ပတ်သက်လာရင် ကျနော်ဟာ အမြဲ ခေတ်နောက်ကျတဲ့ကောင်ပဲ။ တက္ကသိုလ်ရောက်တဲ့အထိ ရည်းစားထားချင်ပေမယ့်လည်း မရှိသေးဘူး။ ကျနော်က ရုပ်ကလည်းဆိုးတယ်။ ငယ်ကတည်းက နေလာတဲ့ ကျောင်းက ယောကျ်ားလေးတွေချည့် သီးသန့်ကျောင်းဆိုတော့ မိန်းကလေးတွေကို ရည်းစားစကား လိုက်ပြောဖို့ဆိုတာထား မျက်နှာချင်းဆိုင်ထိုင်နေရရင်ကို ကျနော့်မှာ ရှက်နေတတ်တာ။

ခင်မောင်နိုင် ဆိုတဲ့ ကောင်ကတော့ တကျောင်းတည်းပေမယ့်လည်း မိန်းမတွေနဲ့ ပါရမီကို ပါတဲ့ကောင်။ ဒီကောင့်ကို အားလည်းကျရ မနာလိုလည်း ဖြစ်ရပေါ့။ မေရီခင့်ကို ဒီကောင်လိုက်တော့မယ်လည်းဆိုရော ကျနော် အသည်းကွဲခဲ့ရတာပေါ့။ ဒီကောင့်ကို မေရီခင် ပြန်မကြိုက်ပါစေနဲ့လို့ အမြဲဆုတောင်းနေရတယ်။ တန်ခိုးကြီးဘုရားတဆူကိုသွား မေရီခင် နဲ့ ဒီကောင် ရည်းစားမဖြစ်ဘူးဆိုရင် ကျောက်တုံးကြီးဟာ ပေါ့ပါစေလို့ အဓိဌာန်ပြီး မကြည့်တော့ ကျောက်တုံးကြီးက လေးလိုက်တာဗျာ။ ဒီတော့ ပြောင်းပြန်လှန်ပြီး မေရီခင် နဲ့ ဒီကောင့် မချစ်မကြိုက်ကြဘူးဆိုရင် ကျောက်တုံးကြီးဟာ လေးပါစေ ဆိုမှ အဆင်ပြေသွားခဲ့တယ်။ ဒါပေမယ့်လည်း မေရီခင်နဲ့ ခင်မောင်နိုင်ဟာ ရည်းစားဖြစ်သွားတာပါပဲ။ ခင်မောင်နိုင်က ရုပ်ဖြောင့်တာကိုး။ မအေဘေးဟာ တော်ကီကလည်း ညက်တယ်။ ကျနော်တော့ ဘုရားကိုတောင် အယုံအကြည်မဲ့သလို ဖြစ်ပြီး အသည်းကွဲခဲ့ရတယ်။ သြော် မေရီခင်ရေ ခုတော့ မင်းဘယ်များရောက်နေပါလိမ့်လို့ ဗာဒံရွက်ပိုးပေါက်တွေကြားက ကျလာတဲ့ မိုးရေစက်တွေကို လက်နဲ့ခံရင်း တွေးနေမိတယ်။

x x x

အုတ်ခုံကလေးပေါ်မှာ ကိုယ့်ထိုးဇာတ်ကလေးနဲ့ကိုယ် ဖီးလ်လို့ကောင်းနေခဲ့တာ တနာရီလောက် ကြာတဲ့အထိ ခင်မောင်နိုင့် အရိပ်အယောင်မမြင်ရသေးဘူး။ အိမ်များ ပြန်ရောက်နေမလားလို့ ဒီကောင့်အိမ် တခေါက်သွားမေးဖို့ လုပ်ပေမယ့်လည်း အိမ်တံခါးကို ပိတ်ထားတာသာ တွေ့လိုက်ရတယ်။ အတွင်းကနေ ဂျက်တောင်ထိုးထားမယ်ဆိုတာ တွေးကြည့်ဖို့တောင် မလိုဘူး။ နည်းနည်း လွန်းလွန်ပါတယ် အန်တီတို့ အမတို့ရေလို့တောင် အော်မိမတတ်ပဲ။ မိုးကတော့ တိတ်သွားပြီ။ ကောင်းကင်ကြီးကတော့ မည်းနေတုန်းပဲ။ တချီလောက် အကြီးအကျယ် ထပ်ရွာဦးမယ့် အရိပ်အယောင်ရှိတယ်။ ခံတွင်းနည်းနည်းချဉ်လာလို့ အဲဒီလမ်းထဲကပဲ ခပ်မှောင်မှောင် လက်ဖက်ရည်ဆိုင်တခုမှာ ဝင်ထိုင်မိတယ်။ တဆိုင်လုံး လက်ဖက်ရည်သောက်မယ့် သူဟာ ကျနော်တယောက်တည်း။ ဆေးလိပ်ခွက်ကလေးတွေ စီတင်ထားတဲ့ ကောင်တာစားပွဲမည်းမည်း ကြီးပေါ်မှာ ကြောင်ဝါဝါတကောင်ဟာ သမ်းလို့တောင်နေတယ်။ ကြောင်တွေကို ကျနော်မုန်းတယ်။ ဒါပေမယ့် ကောင်တာအနားကိုသွား ကြောင်ရဲ့အနောက်မှာ ထိုင်နေတဲ့ စစ်စွပ်ကျယ်ကြီး ဝတ်ထားတဲ့ အဘိုးကြီးကို လက်ဖက်ရည်ပုံမှန်တခွက် ဆေးလိပ်တပွဲလို့ မှာခဲ့ပြီး စားပွဲမှာပြန်ထိုင်တယ်။ ကျနော်ခုနကမှ ထိုင်ခဲ့တဲ့ ခွေးခြေခုံကလေးဟာ စိုရွှဲလို့ပါပဲ။ ကြောင်ဆိုတာ မိန်းမတွေနဲ့သာ ရှိရမှာ ဘယ်လိုလုပ် အဘိုးကြီးတယောက်နဲ့ ကြောင်တကောင်ဖြစ်နေရတာလဲလို့ အားနေတော့လဲ တွေးနေမိတယ်။ အထူးသဖြင့် စစ်စွပ်ကျယ်ဝတ်ထားတဲ့ အဘိုးကြီးမဖြစ်သင့်ဘူး။ သူ့ဘာသာသူ ဖျော်၊ ငွေရှင်းရင်လည်း သူ့ဆီကိုပဲ ရှင်းရမယ် ထင်တဲ့ စစ်စွပ်ကျယ်နဲ့ အဘိုးကြီးဟာ လက်ဖက်ရည်ကိုလည်း သူပဲလာချတယ်။ စားပွဲရှေ့ ကုန်းလိုက်တော့ အဘိုးကြီးကိုယ်က ကြောင်သေးနံ့တောင် ရလိုက်မိတယ်။ ရွံစရာအဘိုးကြီး။

လက်ဖက်ရည်ပူပူကို တငုံလောက် စွပ်ခနဲသောက် စီးကရက်ကို မီးညှိလိုက်တော့ အချမ်းနည်းနည်းပြေသွားတယ်။ မိုးက ဖွဲဖွဲ ဖွဲဖွဲနဲ့ ပြန်ကျလာနေပြီ။ မီးခိုးတွေကို မိုးဖွဲဖွဲကြား မှုတ်ထုတ်လိုက်တော့ မိုးရေနဲ့ မီးခိုးဟာ လိုက်ဖက်ညီ လှနေလိုက်တာ။ တဖြည်းဖြည်းနဲ့ အချိန်တွေကုန်လာတယ်။ ကျနော် ဒီမှာ ဘာလာလုပ်နေတာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ပါးစပ်ကနေ “ကျွတ် စောက်ရေးမပါတာတွေ ငါလုပ်မိပြန်ပြီ“ လို့တောင် ထွက်သွားတယ်။ ခင်မောင်နိုင် ဆိုတဲ့ကောင်ဟာ သူ့အိမ်ကို ပြန်လာချင်မှ ပြန်လာတော့မှာ။ ဘယ်သွားမှန်း မသိဘူးတဲ့ ဘယ်တော့ ပြန်လာမယ်မှန်းလဲ မသိဘူးတဲ့။ မသေချာတာကြီးကို ကျနော်လာစောင့်နေတာ။ တဖြည်းဖြည်း ညနေစောင်းတော့မယ်။ ကျနော်တည်းတဲ့ တည်းခိုခန်းကို ပြန်ဖို့ကို အချိန်နှစ်နာရီလောက် ကားစီးရင်း ကုန်ဦးမှာ။ အပြန်လမ်းကို တွေးကြည့်မိတာနဲ့ကို စိတ်ညစ်စရာ။ စိုဖတ်ဖတ်ကိုယ်ကြီးနဲ့ လိုင်ကားက တိုးစီးရဦးမယ်။ တော်တော်ဒုက္ခပေးတဲ့ကောင်ပဲ။ ဒီကောင်နဲ့ တွေ့ရင်ကော ဘာလုပ်မှာလဲ ဘာများလုပ်စရာရှိလို့လဲ လို့ ကျနော်ဟာ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်လာတယ်။ စွန်လိုက်လုနေတဲ့ ကလေးတယောက်လိုပဲ ရမှာလည်း မဟုတ်ဘဲနဲ့များ။

အချိန်ကြာလာတာနဲ့အမျှ ကျနော်ဟာ ဒီမှာရှိနေရမှာမဟုတ်ဘူးလို့ သိလာတယ်။ မနက်ဖြန်ဆို နယ်မြို့လေးကို ကျနော်ပြန်မယ်။ မြို့ကြီးကိုလာရတဲ့ အကြောင်းရင်း ကိစ္စတွေအကုန်လုံးက ပြီးခဲ့ပြီ။ ဒီအချိန်မှာ တည်းခိုခန်းက အိပ်ရာခင်းဖြူဖြူပေါ်မှာ လဲလျောင်းရင်း စီးကရက်လေးဖွာ စာကောင်းကောင်း တအုပ်နဲ့ နှပ်နေရမှာလို့ ကျနော်တွေးမိလာတယ်။ တော်ပြီ ခင်မောင်နိုင်ရေ ဒီဘဝ ဒီမျှပဲလို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ကျနော် ပေါ့ပါးသွားတယ်။ လွတ်မြောက်သွားတယ်။ ပိုက်ဆံရှင်းဖို့ ကောင်တာကိုထသွားတော့ ဝပ်နေတဲ့ ကြောင်ဝါဝါကို မြင်ရပြန်တယ်။ ကြောင်တွေဟာ အတိတ်ကို သိမ်းဆည်းထားတဲ့ သတ္တဝါတွေပဲ။ ပိုက်ဆံရှင်းနေတုန်း ကောင်တာစားပွဲပေါ်မှာ ဗလာစာအုပ်တအုပ်နဲ့ ဘောပင်တချောင်းကို တွေ့တော့ လွတ်မြောက်နေတဲ့ စိတ်ဟာ ပြန်လည်ခုန်အုပ်ခံလိုက်ရပြန်တယ်။ စစ်စွပ်ကျယ်နဲ့ အဘိုးကြီးကို စာရွက်တရွက်လောက်ဗျာလို့ တောင်းတယ်။ စားပွဲပေါ်က ဘောပင်ကိုလည်း ခဏဌားလိုက်တယ်။

ခင်မောင်နိုင်ရေ ငါလာသွားတယ် အကြာကြီးပဲ ငါစောင့်နေသေးတယ်။ မိုးလည်း စိုထား အလုပ်လည်းရှိနေလို့ မစောင့်နိုင်တော့ဘူး ငါပြန်သွားပြီ။ ဒါ ငါ့ ဖုန်းနံပတ်။ လို့ ရေးပြီးမှ ရေးပြီးသား စာရွက် အပေါ်ပိုင်းကို ဇွိခနဲ ဆွဲဖြဲလိုက်တယ်။ ဒါတွေ မလိုပါဘူး။ ကျနော့် နာမည်နဲ့ ဖုန်းနံပါတ်ပဲ ရေးလိုက်တယ်။ တော်ပြီ ဒါဆိုရပြီ။ ခင်မောင်နိုင့်အိမ်ရှေ့သွား တံခါးလက်ကိုင်ကွင်းမှာ စာရွက်ကို ညှပ်လိုက်တယ်။ ဂူထဲမှာ တိတ်ဆိတ်နေတဲ့ ပြိတ္တာမကြီးနှစ်ေယောက် ရှိနေတယ်။ ကျနော် ပြန်လာခဲ့တော့တယ်။ ပြန်လာခဲ့နိုင်ပြီ။

x x x

ကျနော့် မြို့လေးကို ပြန်ရောက်ပြီး လေးရက်အကြာမှာ ဖုန်းအစိမ်းတလုံး ကျနော့်ဖုန်းထဲ ဝင်လာတယ်။ ဆက်ခါ ဆက်ခါပဲ။ ရှစ်ကောတိတိ ခေါ်နေတယ်။ ဆိုင်းလန့်လုပ်ထားတာမို့ ဂီး ဂီး နဲ့ ဖုန်းက တုန်နေတယ်။ ကျနော် မကိုင်တော့ဘူး။ ဒါဟာ ခင်မောင်နိုင် ဖြစ်ဖို့များတယ်။ တခြားတယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ မေရီခင်တောင် ဖြစ်ချင်ဖြစ်နေဦးမယ်လို့ တွေးလို့ရတယ်။ တော်ပါပြီ။ တောင့်တတာတွေ အတွက် ကြောင့်ကြဗျာပွေ များလှပြီကွာ။

လင်းခါး

အတွဲ ၅ အမှတ် ၆ မိုးမခ မဂ္ဂဇင်း အောက်တိုဘာ ၂၀၁၈

အမျိုးအစား -ဝတ္ထုတို
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.