ဒါလီနဲ့စတုတ္ထကောင်
- လင်းခါး -
၁
]]ဒီတကောင်ကတော့ တော်တော် စောက်ကြောတင်းတယ်ကွာ ငါတောင်ဝင်အုပ်ချင်လာတယ်}}
မိုးဖွဲဖွဲကြား တဲထဲငုံ့ဝင်လာရင်း အုတ်ကပြောတယ်။ ပြီးတော့ ဖော်တီးနဲ့တွဲထားတဲ့ အမ်အေသရီး သေနတ်ကိုချတယ်။ ဒေါသပြေသေးပုံမရဘူး။
]]စောက်ရမ်းလေးတယ်ကွာ ငါကလည်း ဒါကြီးဆိုစောက်ရမ်းမုန်း၊ ငါ့အလှည့်ကျလည်း ဒါကြီးချည့်ပဲ တောက်... ကုပ်တွေတောင် ညောင်းတယ်}}
ဒါလီက ပုခက်ထဲကနေ အုတ်ရဲ့ ဖြစ်ပျက်ပြောဆိုနေမှုကြီးအားလုံးကို ဇိကပ်ပြီး လိုက်ကြည့်ရင်း
]]ဖြေးဖြေးသက်သက် လုပ်ပါကွာ မင်းကလဲ ...}} လို့ ပြောပြီး သက်ပြင်းချတယ် ပြီးတော့ မျက်လုံးပြန်မှိတ်သွားတယ်။
]]အေး မင်းပဲကောင်းနေလိုက် ... ခွေးမသား .. ပေးဦး ငါ့လဲ...}}
ဒါလီက သစ်ပင်ကြားထဲ ထိုးထားတဲ့ ဖက်ကြမ်းကို လှမ်းပြတယ်။ ပြီးတော့ပြောတယ်။
]]သိပ်မရှိတော့ဘူးကွာ နှစ်တိုင်သုံးတိုင်စာပဲရှိတော့တယ်။ ငါ လစ်တဲကို ဖန်ခိုင်းနေတာ ကြာလှပြီ။ အဲ့ကောင်က ဈေးကိုင်နေတယ်ကွာ... မင်းလဲ နည်းနည်းပြောလိုက်ပါဦး}}
အုတ်ကလည်း သစ်ပင်က ြားက ဝေါ်ကိတိုင်ကလေးကို သောက်မယ်ဟန်ပြင်ပြီးကာမှ
]]နေပါဦးကွာ ညကျမှယူပါတော့မယ် ခုတော့တောပဲကစ်လိုက်တော့မယ်။ တောဗူးတွေရော..}}
ဒါလီက အုတ်ကို တဲအောက်က ရေပုံးအပေါက်ထဲ ထည့်ဝှက်ထားတဲ့ တောဗူးသုံးဗူးကို လက်ညှိုးလက်ထိုးပြတယ်။ ပြီးတော့ ဆက်ပြောတယ်။ ]]ဘာလဲ မင်းပြန်သွားဦးမလို့လား}}
အုတ်က တောဗူးကို ဝါးကျည်တောက်ခွက်ကလေးထဲထည့်လိုက်တယ်။ ဘေးကိုတောင် နည်းနည်းဖိတ်သွားတယ်။ ပြီးတော့ ဂွတ်ခနဲ သောက်ချလိုက်တယ်။ အုတ်ရဲ့ ဖြူနေတဲ့ လည်ပင်းဟာ တချို့နေရာတွေ ကွက်ပြီး ရဲတက်လာတယ်။
]]အေးကွာ ငါ ပြန်သွားကြည့်ဦးမယ် ဒီကောင်စောက်ချိုးကတော့ တော်တော်မပြေဘူး။ ဒီအတိုင်းသာသွားရင် ညကျလဲ ဒီကောင် သက်သာမှာမဟုတ်ဘူး ပုံစံကြည့်ရတာ ဒီကောင့်ကို ကြာကြာထားလိမ့်မယ်လဲ မထင်ဘူး၊ ဒီညတောင် ဖြစ်ချင်ဖြစ်လောက်တယ်။ တကယ့်ကောင် တောပြောတောင်ပြောတွေကွာ}} လို့ အုတ်က အရှည်ကြီးပြောတယ်။ ဒါလီကတော့ ပုခက်ထဲမှာပဲ ကိုယ်ကိုနည်းနည်းရွှေ့ရင်း အတော်ကလေးရိရွဲစ ပြုနေပြီဖြစ်တဲ့ တဲအမိုးတာလပတ်စကိုပဲ ကြည့်နေတယ်။ ဒါလီ့စိတ်ထဲမှာတော့ ဒီကောင်မကြာလောက်ဘူးဆိုတာသေချာတာပေါ့။ ငါတောင် ဒီကောင့်ကို စတုတ္ထကောင်လို့ နာမည်ပေးပြီးပြီပဲလို့ တွေးနေတယ်။ ပြီးတော့ သက်ပြင်းချလိုက်တယ်။ သက်ပြင်းက ရှည်လျားလွန်းလို့ နောက်တခေါက် ထပ်ထည့်သောက်ဖို့ ပြင်နေတဲ့ အုတ်တောင် ဒါလီကို တချက်စောင်းကြည့်လိုက်သေးတယ်။ ဒါပေမယ့် ခဏပါပဲ။ အုတ်ဟာ ပထမအကြိမ်တုန်းက အရက်ထည့်ပုံ ငှဲ့ပုံ၊ ငှဲ့ပုံကြောင့် ဘေးကိုနည်းနည်း ဖိတ်စင်သွားပုံ၊ ဝါးကျည်တောက်ခွက်ကိုမ မော့ထည့်လိုက်ပုံ၊ သောက်လိုက်ပုံတွေနဲ့ တပုံစံတည်းအတိုင်း အရက်နောက်တခွက်ကို သောက်လိုက်တယ်။ သူ့လည်ပင်းကတော့ ခုနကမှ ရဲတက်လာတဲ့ နေရာတွေတောင် အရဲမလျော့သေးလို့ ဒီတခါ ရဲတက်လာပုံက ပိုကြမ်းလာတယ်။ ဒါလီက တဲအမိုးကိုငေးနေရင်းက အုတ်ဒီလို အရက်သောက်ပုံမျိုးကို အရင်က ကြုံဖူးပါတယ်လို့ ဒီဂျာဗူး ဖြစ်နေသေးတယ်။ ခုနလေးတင်ပဲ အဲဒီအဖြစ်အပျက်ပုံစံအတိုင်း မြင်လိုက်ရတာကို ဒါလီမေ့သွားပြီလေ။ ဒါပေမယ့် တဲအပြင်ဘက်ကို ထွက်သွားတော့မယ်ဟန်ပြင်နေတဲ့ အုတ်ကို မြင်လို့ လှမ်းပြောလိုက်သေးတယ်။
]]အေးအေးသက်သာနေစမ်းပါကွာ အပင်ပန်းခံမနေစမ်းပါနဲ့}}
တဲအပြင်ဘက်ကို ခြေလှမ်းတလှမ်းထွက်ပြီးကာမှ အုတ်က ဒါလီ့ပုခက်ရှိရာဆီ ပြန်လှည့်လာတယ်။ ပုခက်ထဲက ဒါလီ့မျက်နှာကို မြင်ရအောင် သေချာငုံ့ပြီး ကုန်းကြည့်တယ်။ ဒါလီကတော့ မသိတော့ဘူး။ အုတ် ထွက်သွားပြီလို့ စိတ်ချယုံကြည်ပုံနဲ့ မျက်လုံးမှိတ်လို့ ယူနေလေတယ်။ အမှန်တော့ အုတ်က ဒါလီ့ကို နည်းနည်း ငေါက်မလို့၊ အနည်းဆုံးတော့ ငေါ့မလို့ပဲ။ ဒါပေမယ့် မျက်လုံးမှိတ်ငြိမ်သက်နေတဲ့ ဒါလီ့ကို ကြည့်ရင်း ဘာမှမပြောဘဲ သက်ပြင်းချထည့်လိုက်တော့မလို့၊ ဒါပေမယ့် ဒါလီ ကောင်းနေတာလေး နှောင့်ယှက်မိဦးမယ်ဆိုတဲ့ စိတ်နဲ့ သက်ပြင်းချချင်စိတ်ကို ခဏအောင့် ခြေသံလုံလုံနဲ့ တဲအပြင်ဘက် ပြန်လှည့်ထွက်လာခဲ့တယ်။ သက်ပြင်းချချင်တာကို အောင့်ထားရတာလည်း သိပ်ပင်ပန်းတဲ့အလုပ်ပဲလို့ အုတ်ဟာ ပထမဆုံးအကြိမ်အဖြစ် ကိုယ်တွေ့သိသွားတယ်။ တော်တော်ဝေးဝေးမှ သက်ပြင်းချတယ်။ သိပ်ကျယ်တာပဲ။ အောင့်ထားရလို့ ထင်ပါရဲ့လို့ အုတ်တောင် သူ့ဘာသာသူ တွေးမိသွားစေတယ်။ ပြီးတော့ ဒါလီ့ကို တချက်လည်ပြန်ကြည့်လိုက်သေးတယ်။ ပြီးတော့ ကင်းရုံဆီ လျှောက်ထွက်သွားတော့တယ်။
-----
၂
ဒါလီနဲ့တာဇံ တို့နှစ်ယောက် ပြီးခဲ့တဲ့တပတ်က မြို့ထဲဆင်း ရိက္ခာထွက်ဝယ်ကြတော့ စတုတ္ထကောင်ကို စတွေ့တယ်။ မြို့ထွက်မှာ စတုတ္ထကောင်ဖြစ်မယ့်ကောင်ဟာ ပတ်ဝန်းကျင်ကို လုံးဝမေ့ထားလိုက်ပြီး စိတ်အားထက်သန်စွာနဲ့ ဖုန်းပြောနေတယ်။ ဒါလီကတော့ မသိပါဘူး။ ဒါလီဟာ ဒီဒေသတွေကို အရင်တုန်းက ရှိခဲ့တယ်လို့တောင် သိတာမဟုတ်ဘူး။ ဒါလီနဲ့ စိမ်းလှတဲ့ ကမ္ဘာ့အခြားတနေရာကို ရောက်နေရသလိုပဲလို့ ဒါလီက ခံစားနေရတယ်။ အသစ်အဆန်းချည့်ကိုး။ တာဇံက ကျတော့ သိတယ်။ တာဇံက ဒီနားတဝိုက်ကပဲ။ နောက်ပြီး တာဇံက မစ်ရှင်တွေနဲ့ဆိုတော့ အတက်အဆင်းရှိတယ်။ အထဲသွားတယ်။ တာဇံတရောက် ဘယ်မှမရောက်ခဲ့သလိုပဲ ပြန်ရောက်လာတယ်။ တာဇံတို့ လယ်ဗယ်က အရမ်းမြင့်သွားပြီ။ တော်လှန်ရေးအတွက်ကို လူဖြစ်လာခဲ့သလိုပဲ တော်လှန်ရေးတခုကို အရင်တုန်းက ဖြတ်ကျော်ပြီးသား လူတယောက်လိုပဲ။ ဒါလီတို့ကတော့ အခုချိန်ထိ ထင်းရှာ မီးထိုး တဲဆောက် အမြဲနောက်ကောက်ကျနေဆဲ။
တော်တော်ကျော်သွားပြီးမှ နောက်မှာပါလာတဲ့ တာဇံက ဒါလီ့ ပုခုံးကိုပုတ် ]]ပြန်လှည့် ဒါလီ ပြန်လှည့်}} ပါးစပ်ကလည်း ပြော၊ သူ့ခါးက ဖုန်းကိုထုတ်ရင်း ဓာတ်ပုံရိုက်ဖို့ ပြင်နေတယ်။ ဒါလီက ဘာသိမှာလဲ။ ဆိုင်ကယ်အရှိန်ကို လျှော့ချလိုက်ပြီး ]]ဘာတွေ့လို့လဲကွာ}} လို့ တာဇံကို စိတ်မရှည်တဲ့မျက်နှာနဲ့ လှည့်ကြည့်ရင်း ပြောတယ်။ ]]ဟိုကောင့်ကို ငါသိတယ်ကွ၊ အဲဒီကောင် စစ်ထွက်ဒလန်လုပ်နေတာ၊ ဓာတ်ပုံယူသွားရအောင်}} အဲဒီတော့မှ ဒါလီလဲ နည်းနည်းထိတ်ထိတ်လန့်လန့်ဖြစ်သွားပြီး။ ဆိုင်ကယ်ကို ပြန်လှည့်တယ်။ ]]ဘယ်တယောက်လဲ}} လို့ မေးတယ်။ တာဇံက ပြန်မဖြေတော့ဘူး။ ဓာတ်ပုံရိုက်ဖို့ အာရုံစိုက်နေတယ်။
စတုတ္ထကောင်ကို တော်တော်ကျော်ပြီးကာမှ ပြန်လှည့် မြို့ထဲပြန်ဝင်ပြီး ဈေးဝယ်ကြတယ်။ အပြန်လမ်းမှာ စတုတ္ထကောင်ဟာ ဖုန်းပြောရင်း ရှိနေတုန်းပဲ။ တာဇံကလည်း နောက်တခါ ဓါတ်ပုံ ထပ်ရိုက်တယ်။ စခန်းမှူးကိုပြတယ်။ စခန်းမှူးဟာ အဲဒီပုံကိုယူ သူ့ရဲ့နယ်ခံသတင်းပေးဆီ လှမ်းပို့တယ်။ ညနေခင်းမှာ အတည်ပြုချက်ရတယ်။ နှစ်ရက်စောင့်ကြည့်တယ်။ ထို့နောက် အန္တရာယ်ကိုမမြင် ရှေ့ဆက်တိုးတိုးလာတဲ့ စတုတ္ထကောင်ဟာ ကန့်သတ်ဧရိယာအစပ်ထိရောက်လာခဲ့တယ်။ ဒါလီနဲ့တာဇံတို့ မြို့ထဲ စတုတ္ထကောင်ကို စတွေ့ပြီးကနေဆယ်ရက်အကြာ အဲဒီနေ့မှာတော့ စတုတ္ထကောင်ဟာ ဒါလီတို့စခန်း အပြင်ကင်းရုံထဲက ခြောက်ပေါက်ထိပ်တုံးထဲမှာ ကားလျက်၊ လက်နောက်ပြန်ကြိုးတုပ်ခံလျက်နဲ့ ထိုင်နေရပြီ။ သူ့တဘဝလုံး အိပ်မက်ဆိုးအဖြစ်နဲ့တောင် ရောက်မလာခဲ့ဖူးတဲ့ အဖြစ်အပျက်ဆိုးတွေဟာ သူ့ဆီမှာ ပုံစံမျိုးစုံနဲ့ဖြစ်ပျက်လို့နေပြီ။
-----
၃
ခုနစ်နာရီထိုးတာနဲ့ ဒါလီဟာ ကင်းဦးမို့ ကင်းစာရွက်၊ သေနတ်နဲ့လွယ်၊ အချုပ်သားထားတဲ့တဲကင်းရုံကို ထွက်ခဲ့တယ်။ အိတ်ကပ်ထဲ ရိုးရိုးဖက်ကြမ်းနှစ်လိပ်၊ ရိုက်ပြီးသား ဝေါ်ကိကတတိုင်။ နေ့လယ်သုံးလေးနာရီလောက်ကနေ ခြောက်နာရီလောက်အထိ ဆူညံငရဲထခဲ့တဲ့ ကင်းရုံဟာ ဒါလီရောက်တော့ အမှောင်ထဲ တိတ်ဆိတ်လို့နေပြီ။ ဒါလီဟာ ထုံးစံအတိုင်း တဲဝရောက်တာနဲ့ နဖူးမှာပတ်ထားတဲ့ ဓာတ်မီးကိုဖွင့် ထိပ်တုံးရှိရာဆီ လှမ်းထိုးလိုက်တယ်။ စတုတ္ထကောင်ဟာ ထိပ်တုံးမှာ တွဲလျက်နဲ့ မြေကြီးပေါ် ပက်လက်၊ တဲအမိုးကိုပဲ စိုက်ကြည့်လို့နေတယ်။ လက်ပြန်ကြိုးတုပ်မထားတော့လို့ လွတ်လပ်နေတဲ့ လက်တွေဟာ၊ လူတယောက်ကိုယ်မှာ တွဲလျက်ရှိနေတဲ့ လက်တွေထက်၊ ခုတ်ဖြတ်ပြီး ချထားတဲ့ လက်ပြတ်တွေပမာ အသက်မဲ့လို့နေတယ်။ အသက်ရှူပုံကလည်း သိသိသာသာကြီး မြန်နေတယ်။ ပက်လက်လှန်လဲအိပ်လျက်က ဝင်သက်ရှူသွင်းလိုက်တိုင်း ဖောင်းတက်လာပြီး၊ ထွက်သက်မှုတ်ထုတ်လိုက်တိုင်း ရှုံ့ကျသွားတဲ့ စည်းချက်က အရမ်းမြန်လွန်းနေတယ်။ အမောဖြေနေတဲ့ အပြေးသမားတယောက်လိုပဲ။
စတုတ္ထကောင်ဟာ အဲဒီအတိုင်းပဲ သူ့ကိုယ်အနှံ့ကို ဓာတ်မီးနဲ့ ထိုးကြည့်နေတဲ့ ဒါလီ့ကို တစက်လေးမှ စောင်းငဲ့မကြည့်။ တဲအမိုးကိုသာ ငေးစိုက်ကြည့်နေတယ်။ ဒါလီလည်း ဘာမှထွေထွေထူးထူးပြောမနေတော့ဘဲ ဓာတ်မီးကိုပြန်ပိတ်။ စတုတ္ထကောင် ရှေ့မှာ ထိုင်ခုံချပြီး ထိုင်နေလိုက်တော့တယ်။ စောပါသေးတယ်။ ဝေါ်ကိတော့ ဖြေးဖြေးမှ သောက်တာပေါ့လို့ တွေး၊ ရိုးရိုးဖက်ကြမ်းဆေးလိပ်ကို မီးခြစ်ဖင်နဲ့ဆောင့်နေလိုက်တယ်။ ပထမ ဒုတိယ တတိယကောင်တွေတုန်းကလည်း ဆေးလိပ်တိုက်ရရင် သောက်တော့သောက်ကြတာပဲလို့ တွေးမိသွားလို့ စတုတ္ထကောင်ကို ဓာတ်မီးတချက်ဖွင့်ပြီး ကြည့်လိုက်သေးတယ်။ စတုတ္ထကောင်ဟာ တဲအမိုးကိုကြည့်နေတုန်းပဲ။ တကယ်တော့ တဲအမိုးကိုကြည့်တယ် မဆိုနိုင်တော့ဘူး။ အမှောင်ထဲ တဲအမိုးကို မမြင်ရတော့ဘူးလေ။ ဒါပေမယ့် စတုတ္ထကောင်ဟာ မျက်လုံးပွင့်သေနေတဲ့အသေကောင်ရဲ့ မျက်လုံးတွေလို ကြည့်နေတုန်းပဲ။ အဲဒါနဲ့ ဒါလီလဲ စိတ်ဖြောင့်ဖြောင့်နဲ့ ဆေးလိပ်ထိုင်သောက်နေလိုက်တော့တယ်။
ရှစ်နာရီလောက်နေတော့ တာဇံရောက်လာတယ်။ အုတ်ရောက်လာတယ်။ စခန်းထဲက ရဲဘော်တွေတယောက်ပြီးတယောက် ရောက်လာကြတယ်။ တယောက်ဝင်လာလိုက် ]]ဟလို ဒါလီ ခြေနေ}}၊ ]]ဒါလီ အေးဆေးပဲလား}}၊ ]]ဒါလီ ကွဲနေပြီလား}} စသဖြင့် ခဏခဏဖြေရလို့ ဒါလီစိတ်ညစ်နေပြီ။ သူတို့လာတာ ဒါလီ့ဆီလဲမဟုတ်ဘူး။ စတုတ္ထကောင်ဆီ လာကြတာ။ အကုန်လုံးက စတုတ္ထကောင်ဟာ ဒီနေ့ည ထွက်ခွာရမယ် ဆိုတာကို သိထားတော့ ခဏနေ သေမယ့် ကောင်တွေဟာ ခဏနေ မသေခင် ဘယ်လိုများအခြေအနေရှိတုန်းလို့ လာကြည့်ကြတဲ့သဘောပဲ။ ဓာတ်မီးလေးတွေ ကိုယ်စီနဲ့ တယောက်ပြီးတယောက်ရောက်လာ စတုတ္ထကောင်ရဲ့ ခေါင်းအစခြေအဆုံးကို ဓာတ်မီးထိုးကြည့်ကြ။ စတုတ္ထကောင်ကလဲ အသေကောင်လို နေနိုင်တုန်းပဲ။ ဒါလီကလည်း အဲဒီမှာကင်းရုံထဲ စတုတ္ထကောင်ရှေ့မှာထိုင်ရင်း ရဲဘော်တယောက် စတုတ္ထကောင်ကိုဓာတ်မီးထိုး ကြည့်လိုက်တိုင်း သူပါ ဓာတ်မီးသွားရာ စတုတ္ထကောင်ကိုယ်ပေါ်အနှံ့လိုက်ကြည့်နေမိလို့ သွေးထွက်သံယိုတွေကို သေချာရိုက်ပြနေတဲ့ ဗီဒီယိုကြည့်ရသလို ဖြစ်လာတယ်။
အုတ်က ခုံယူပြီး ဒါလီ့အနားကပ်ထိုင်တယ်။ စကားပြောတော့မလို ကိုယ်ကိုကိုင်းလိုက်ပြီးမှ မပြောတော့ဘဲ ဒါလီ့ခါးကို တို့လိုက်ပြီး ]]ခဏ}} လို့ ခပ်တိုးတိုးပြောပြီး တဲအပြင်ဘက်ထထွက်သွားတယ်။ ဒါလီလဲ ထရတော့တာပေါ့။ တဲအပြင်ဘက်ရောက်တော့ အုတ်က ခပ်အုတ်အုတ်ပြောတယ်။
]]ချင်းချင်းနဲ့ကိုမော်လီတို့တော့ ပေါက်တူးပေါက်ပြားတွေနဲ့ တောထဲဝင်သွားပြီ၊ ဒီည ကိုမော်လီ လုပ်မယ်နဲ့ တူတယ်ကွ၊ ဆရာထူးထူးက သူ့ကို လုပ်ချင်ရင်လုပ်လို့ ပြောတယ်။ ငါ့တောင် အုတ်ရော စမ်းကြည့်ချင်လားတဲ့ မေးနေတယ်}}
]]အင်း ... မင်းက ဘာပြောလိုက်လဲ}}
]]လိုက်တော့ ကြည့်ချင်တယ်လို့ ပြောလိုက်တယ်၊ ရတယ်လိုက်ခဲ့တဲ့ သူက... အဲဒါ ညမင်းပါလိုက်ကြည့်ပါလား... အတွေ့အကြုံပေါ့ကွာ...}}
]]င ါ အဲဒါကြီးကြည့်မိရင် တော်တော်နဲ့မေ့မှာမဟုတ်ဘူးကွာ မကြည့်ချင်ဘူးတော်ပြီ၊ ငါ အိပ်လဲအိပ်ချင်နေပြီ။ ကင်းပြီးရင် ဝေါ်ကိတင်မယ်။ အိပ်မယ်ကွာ...လိုက်တော့ဘူး}}
]]အေးကွာ အဲဒါဆိုလဲပြီးတာပဲ ငါလဲ သေတော့မသေချာပါဘူးကွာ အချိန်ကျမှ ကြည့်ချင်စိတ်ပေါ်လာရင်လဲ သွားကြည့်လိုက်တာပေါ့...သွားလိုက်ဦးမယ်ကွာ တဲတွေလှည့်ပြီး တောလိုက်ကစ်လိုက်ဦးမယ်}}
အုတ် ထွက်သွားတယ်။ ရှစ်ခွဲလောက်ကျတော့ တခြားရဲဘော်တွေလည်း ပြန်ကုန်ကြပြီ။ တဲထဲမှာ ဒါလီနဲ့ စတုတ္ထကောင် နှစ်ယောက်တည်း ကျန်တော့တယ်။ တိတ်ဆိတ်လို့။ သိပ်မကြာဘူး။ စတုတ္ထကောင်ရဲ့ အောက်က တာလပတ်စကနေ အသံထွက်လာလို့ စတုတ္ထကောင် လူးလွန့်လှုပ်ရှားလာပြီဆိုတာကို ဒါလီသိလိုက်တယ်။ ဓာတ်မီးကိုတော့ ဖွင့်မကြည့်သေးဘူး။ အသာငြိမ်ပြီး နားပဲစိုက်ထောင်နေလိုက်တယ်။
]]အဟွတ် အွတ် ..}}
စတုတ္ထကောင် ချောင်းဆိုးတယ်။ ဒါလီ မီးဖွင့်ကြည့်လိုက်တယ်။ ချောင်းဆိုးရင်း ပါးစပ်ထဲကထွက်လာတဲ့ တခုခုကို ထွေးထုတ်ဖို့ စတုတ္ထကောင်ဟာ အားယူပြီးထဖို့ကြိုးစားနေတယ်။ ဒါလီဟာ စတုတ္ထကောင်ကို သူထိုင်ရပြုရနေရာပြင်ရလွယ်အောင် မီးထိုးပေးသလိုမျိုး ထိုးပေးထားလိုက်တယ်။
]]ထွီ}}
သွေးသလိပ်ကို ထွေးထုတ်လိုက်တဲ့ အသံက နည်းနည်းတော့ မာနေတယ်လို့ ဒါလီတွေးလိုက်မိတယ်။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ ခုလောက်ဆို ဒီကောင်လဲ မာန်ကျလောက်ပြီထင်ပါရဲ့။ သေရမှာ ဒီကောင်သိနေပြီပဲဟာ။ ပုံမှန်ဆို အသိပေးလေ့တော့မရှိပါဘူး။ ဒါပေမယ့် စစ်တုန်းမေးတုန်းမှာ စောက်ချိုးမပြေ ပြန်ပြန်ဖြေတော့ ကိုမော်လီက စောက်ရမ်းမုန်းလာရော။ အဲဒီတော့ ပါးစပ်ကနေ ]]မအေလိုး ည မင်းကိုငါကိုယ်တိုင်သတ်မယ် မင်းကြည့်နေ၊ ခြိမ်းခြောက်တာမဟုတ်ဘူး။ ငါလုပ်မယ့်ဟာ မင်းကိုပြောပြတာ}} ဆိုပြီး ပြောလိုက်တဲ့နောက် စတုတ္ထကောင်ဟာ သိသွားတယ်။ ဒါတောင် ဒီလောက်ထုတ်ပြောတာတောင် ချက်ချင်းကြီး မထင်သေးဘူး။ သူ့ကိုဒေါသထွက်လို့လောက်ပဲ ထင်နေသေးတာ။ ဒါပေမယ့် ကိုမော်လီကလည်း စောက်ရမ်းကြီးကို ကြမ်းလာတော့ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ စတုတ္ထကောင်လိုကောင်တွေကလည်း တမျိုးရယ်။ ဘယ်လိုကောင်တွေပါလို့တောင် နားလည်ရခက်တယ်။ သူ့စိတ်ထဲမှာ တော်လှန်ရေးသမားတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာလေးလောက်တောင် မတွေးတတ်တဲ့ ကောင်မျိုး။ ]]ငါ့ကို သေတဲ့အထိတော့ ဒီကောင်တွေလုပ်မှာမဟုတ်ဘူး။ ပြန်တော့လွှတ်ပေးမှာပဲ အဲ့ကျတော့ မင်းတို့တွေ သိသေးတာပေါ့}} လို့ စိတ်ထဲကနေ ကျုံးဝါးနေပုံတောင်ပေါက်နေသေးတာ အစက။ ဒါပေမယ့် အခုတော့ သူ သိသွားပါပြီ။
]]ဆရာ ... ကျနော့်ကို တခုလောက် ကူညီနိုင်မလား}}
ဒါလီဟာ စတုတ္ထကောင်ကို မီးဖွင့်ပြီးကြည့်နေရာက စတုတ္ထကောင်က သူ့မျက်နှာကိုကြည့်ပြီး ရုတ်တရက် စကားပြောလိုက်လို့ ကြောင်သွားသေးတယ်။
]]ဟင် ... မင်းကို ဘာကူညီရမှာလဲ ...}}
]]မီးပိတ်လိုက်ပါလားဗျာ ကျနော့်မျက်လုံးစူးလို့ပါ}}
ဒါလီက မီးပိတ်ပေးလိုက်တယ်။ မီးပိတ်ပေးပြီး တမိနစ်လောက်ကြာသည်အထိ စတုတ္ထကောင်ဆီက စကားသံထွက်မလာသေးလို့ ဒါလီ မီးပြန်ဖွင့်မယ်လို့ နဖူးကဓာတ်မီးဆီ လက်ပြန်ရွယ်တုန်းရှိသေးတယ်။
]]ကျနော့်ကို မသတ်ဖို့ ပြောပေးပါလားဆရာရယ်၊ ကျနော့်ကိုသာ လွှတ်ပေးလိုက်ရင် ကျနော် ဆရာတို့ကို အများကြီး ကူညီနိုင်မှာပါ။ စိတ်ချပါဆရာ ကျနော်မလိမ်ပါဘူး ။ ကျနော်ဆရာတို့ကို ကူညီနိုင်ပါတယ် လုပ်ပါဆရာရယ် သူတို့ကို ပြောပေးပါဗျာ ကျနော် အဟီးဟီး... ကျနော်ထွက်မပြေးပါဘူးဆရာရယ် ကျနော့်ကိုမသတ်ပါနဲ့နော် နော်}}
ဒါလီ စိတ်ညစ်သွားတယ်။ ]]..လာပြန်ပြီကွာ ... ကျွတ်}} လို့ ထုတ်ညည်းမိသွားတယ်။ အချိန်ကိုကြည့်လိုက်တော့ ရှစ်နာရီလေးဆယ့်ငါးမိနစ်။ နောက်ဆယ့်ငါးမိနစ်ဆို ဒါလီ့ကင်းပြီးပြီ။ ဒါလီဟာ ညစ်ညစ်နဲ့ လက်ကြားထဲညှပ်ထားတဲ့ မီးသေနေတဲ့ ဆေးပေါ့လိပ်ကို အိတ်ထဲထည့်လိုက်တယ်။ အိတ်ထဲကနေ ဝေါ်ကိတိုင်ကိုထုတ်တယ်။ ဆေးလိပ်ဖင်ကို သုံးချက်ဆောင့်တယ်။ ဘုရား တရား သံဃာပေါ့ကွာ လို့ အချက်ရေကို သတိထားမိသွားလို့ စိတ်ထဲကနေ ပြောလိုက်သေးတယ်။ ပြီးတော့ ဝေါ်ကိကို မီးရှို့ ]]ရှီး}} ခနဲမြည်အောင် မီးခိုးကိုရှိုက်သွင်းလိုက်တယ်။ အချိန်ဟာ သိသိသာသာ တုံ့ဆိုင်းသွားတယ်။ ဒါလီဟာ ဒါလီအဖြစ် ရှိနေသေးပေမယ့် ဒါလီမဟုတ်တာတွေကပါ ဒါလီရဲ့ အစိတ်အပိုင်းတွေလို ဖြစ်လာတယ်။ ဒါလီဟာ သူ့ပတ်ပတ်လည်က ပရဝုဏ်ကြီးကို ကြည့်လိုက်တော့ ဒါလီ့ပရဝုဏ်ကြီးဟာလည်း ဒါလီကိုယ်တိုင်ပဲ ဖြစ်လို့နေတယ်။ ဒါလီဟာ တခါတလေပြန်လာပေမယ့် ဒါလီဟာ ရောက်ရှိသွားပါပြီ။
-----
၄
ကိုးနာရီထိုးတော့ လစ်တဲရောက်လာတယ်။ ခြောက်ပေါက်နေရာကို ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့ စတုတ္ထကောင်ဟာ ခေါင်းကြီးငိုက်စိုက်ကျလို့၊ တာလပတ်စပေါ်မှာလဲ သေးတွေပေါက်ထားလို့ စိုရွှဲလို့နေတယ်။ လစ်တဲဟာ စတုတ္ထကောင်ဆီကနေ မျက်နှာလွှဲပြီး ဒါလီ့ခုံနားဆီ မီးရောင်ကိုရွှေ့လိုက်တယ်။
]]ကိုကြီးဒါလီ ကောင်းနေတာလား ဟီး ဟီး}}
ဒါလီက လစ်တဲလုပ်နေတာတွေကို ကွဲကွဲနဲ့ လိုက်ကြည့်နေရင်းက ]]နည်းနည်းပါကွာ}} လို့ ခပ်တိုးတိုးပြောလိုက်တယ်။
]]အဲဒါဆို ကိုကြီးဒါလီ ခဏစောင့်ပေးပါလားဗျာ ကျနော် ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်ပဲ ဆရာထူး ကင်းလှည့်တဲ့နောက် လိုက်ချင်လို့ နက်ဖြန်နေ့ကင်းအစားပြန်စောင့်ပေးမ ယ်ဗျာ}}
ဒါလီက လစ်တဲကို အမှောင်ထဲကနေ ကြည့်နေရင်း စဉ်းစားနေတယ်။ ဒီကောင့်ကို ဝေါ်ကိဖန်ခိုင်းရဦးမှာ အင်းလေ ငါလေ ကောင်းနေပြီပဲ။ နောက်ထပ် မိနစ်နှစ်ဆယ်လောက် ဆက်ထိုင်နေရရုံနဲ့တော့ ဘာမှဖြစ်မသွားပါဘူးလေ လို့ တွေးရင်း ]]အေး အေး သွား သွား ရောက်တာနဲ့ ချက်ချင်းတော့ လာချိန်းကွာ}} လို့ ပြောလိုက်တယ်။ လစ်တဲဟာ လှစ်ခနဲ ပြေးထွက်သွားတယ်။ လစ်တဲဆိုတဲ့ကောင်လေး အသက်ဘယ်လောက်ရှိဦးမှာလဲ ရှိလှ ဆယ့်ကိုး နှစ်ဆယ်ပေါ့။ ဒါလီဟာ သူ လစ်တဲအရွယ်တုန်းက ဘာတွေများ လုပ်နေခဲ့ပါလိမ့် လို့ ပြန်စဉ်းစားရင်း လစ်တဲအတွက်ရော သူ့ကိုယ်သူအတွက်ပါ ဝမ်းနည်းလို့လာတယ်။ ကမ္ဘာကြီးဟာ ကပ်ဆိုက်နေတာ။ ကမ္ဘာကြီးဟာ လူတွေကို စိတ်နာသွားခဲ့ပြီထင်တယ်။ ဒီနှစ်ပိုင်း လူတွေသေကြရပုံများ သေခြင်းနဲ့ ရှင်ခြင်းကြား မျဉ်းဟာ ရှိရောရှိနေသေးရဲ့လား လို့ ဒါလီတွေးတယ်။ ဒါလီ့ရဲ့ ကျောဘက် တောအုပ်ထဲက ထွက်လာတဲ့ လေရဲ့အသံကလည်း တောထဲမှာ ငရဲတခုခုရှိနေသလိုပဲ။
]]ဆရာ ...}}
စတုတ္ထကောင်ရဲ့ ဒါလီ့ကို ခေါ်လိုက်သံကြောင့် ဒါလီလန့်သွားတယ်။ ]]အာ....}} ဆိုပြီး ရင်ဘတ်ကို တချက်ဖိလိုက်မိတယ်။
]]ဘာတုန်းကွာ...}}
ဒါလီဟာ ဆောင့်ကြီးအောင့်ကြီးဟန်မျိုးဖြစ်အောင် သေချာလုပ်ဖြေလိုက်တယ်။ တကယ်က သူစိတ်ရှည်ပါတယ်။ ဒါလီက ဝေါ်ကိကောင်းနေရင် အားလုံးကို နားလည်ပေးနိုင်လာတယ်။ အားလုံးဆိုတာဟာ အားလုံးပါပဲ။ ချွင်းချက်သိပ်နည်းတယ်။ ပြီးတော့ ဒါလီဟာ နဖူးကဓာတ်မီးကို ဖွင့်လိုက်တယ်။ စတုတ္ထကောင်ဟာ မျက်သားတွေပါ နီရဲနေတဲ့ မျက်လုံးကြီးနဲ့ ဒါလီ့ကို ကြည့်နေတယ်။ ခုနက အသံမှာ ]ဆရာ} ဆိုတဲ့ တောင်းပန်တိုးလျှိုးသံပါပေမယ့် ကြည့်နေတဲ့ အကြည့်ကျတော့ ရဲတင်းလှချည်လားကွာ လို့ ဒါလီ စိတ်ထဲကပြောမိတယ်။
]]ကျနော့်ကို တခုတော့ လုပ်ပေးပါဆရာ}}
ဒါလီက ပါးစပ်နဲ့ ပြန်အဖြေမပေးဘူး။ ခေါင်းငြိမ့်ပြလိုက်တော့ သူ့နဖူးက မီးရောင်က စတုတ္ထကောင်ကိုယ်ပေါ် အပေါ်အောက် ပြေးသွားတယ်။ စတုတ္ထကောင်ဟာလည်း ဒါကို နားလည်သွားပုံပဲ။ ဆက်ပြောတယ်။
]]ကျနော့်ကို သတ်တဲ့အချိန်ကျရင် ဆရာ အမျှလိုက်ဝေပေးပါလား ဆရာ . . . . .
ကျနော်အတည်ပြောတာပါဆရာလဲ ဗုဒ္ဓဘာသာပဲမို့လား ....}}
ဒါလီ အာရုံအရမ်းနောက်သွားတယ်။ ဒါပေမယ့် အာရုံမနောက်ခင်စပ်ကြား အချိန်ခဏလေးမှာ မင်း ဗုဒ္ဓဘာဂျာမမှုတ်ဘူးလား လို့ စကားပြောင်တွေးမိသွားလို့ ရီမိမလိုဖြစ်သွားတာကိုလဲ သူဝန်ခံရမှာ၊၊ ထားပါ ဒါလီ အာရုံအရမ်းနောက်သွားတယ်။ ဒါလီက ဗုဒ္ဓဘာသာလားဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒါလီက ဘာသာရေးလိုက်စားတဲ့ကောင်မှ မဟုတ်ဘဲ။ ပုပ်သိုးနေတဲ့ ဘာသာရေးဆရာတွေ၊ အကျင့်ပျက် ဘုန်းကြီးတွေ အလိုကျ ပုံဖော်ခံထားရတဲ့ ဘာသာရေးဆိုတာကတော့ မရှိတာက ပိုအေးချမ်းမယ်။ ဘာသာရေးဆိုတာ လူကိုသက်သက်လိုက်အနိုင်ယူချင်တာပဲ။ ဒါပေမယ့် ဒါလီဟာလဲ ဒီနိုင်ငံကအခြားသူတွေလိုပဲ မိရိုးဖလာဗုဒ္ဓဘာသာ စနစ်ထဲ အလိုလိုကြုံးသွင်းခံထားရတာ။ သေခါနီး လူတယောက်ရဲ့ နောက်ဘဝအပေါ် အသိမဲ့မိုက်မဲတဲ့တွယ်တာစိတ်ဆိုပေမယ့် ဒါလီ ဟာ သံမဏိစည်းမျဉ်းတွေနဲ့ နေထိုင်သူမှ မဟုတ်တာ။ အာရုံပဲကွာ ဒီကောင်တော့ သေခါနီးကို ငါ့ကိုစားနေပြီ လို့ ဒါလီ ငိုချင်စိတ်တောင်ပေါက်လာတယ်။
]]ဆရာ လုပ်ပေးမယ်မို့လား ဆရာ ...}}
]]အေးပါကွာ ငါ လုပ်ပေးပါ့မယ် ဒါပေမယ့် မင်း အဲဒါချည့်ထိုင်တွေးနေရင် တကယ်မသေရသေးခင် သေသွားလိမ့်မယ် ဒီညတော့ မဟုတ်လောက်ဘူး ထင်ပါတယ်ကွာ}}
ဒါလီ လိမ်ကြည့်သေးတယ်။ မရပါဘူး။
]]ကျနော် သိပါတယ်ဆရာ ... ကျနော် .... ...... ......... ....... ရပါတယ်။ ကျနော့်နာမည်ခေါ်ပြီး အမျှဝေးပေးပါနော် ဆရာ... ကျနော့်နာမည် မြင့်ခိုင်ဦးပါဆရာ အဲဒါလေးတော့ မှတ်ထားပေးပါ ဆရာရယ်}}
စတုတ္ထကောင်ရဲ့ စကားတွေကြောင့် အော်… ဒီကောင်တောင် တရားနဲ့နေထိုင်နေနိုင်ပြီပဲလို့ ဒါလီ့ကို တွေးမိသွားစေတယ်။ အင်းလေး ဒီလိုဆိုတော့လည်း မဆိုးပါဘူးလို့ ဘာကမဆိုးမှန်း သေချာမသိပေမယ့် ဒါလီ နှလုံးသွင်းလိုက်နိုင်တယ်။ ဝေါ်ကိကောင်းနေချိန်ဟာ နှလုံးသွင်းလို့ အကောင်းဆုံးအချိန်ပဲ။ ဒါပေမယ့် ဒါလီထင်သလိုတော့ အမြဲတမ်းမမှန်ဘူး။
]အေးပါ မြင့်ခိုင်ဦးရာ ငါ မမေ့ပါဘူး စိတ်ချ၊ အဲဒါ ငါ လုပ်ပေးမှာပါ}} လို့ ဒါလီပြန်ပြောတော့ ]]ကျေးဇူးပါဆရာရယ် ... တကယ် ကျေးဇူးပါ အစ်အစ် ဟီးဟီး ...}} ဆိုပြီး ငိုနေတော့တာပဲ။ ဒါလီဟာ ငြိမ်သက်ရင်း စတုတ္ထကောင်ရှိရာဆီကိုပဲ အမှောင်ထဲ ငေးနေလိုက်မိတော့တယ်။ လူတယောက် သေတဲ့အခါ ဘာဖြစ်သလဲ။ သူမဟုတ်ဘဲ ငါဆိုရင်ရော ....။ အားလုံးဟာ အတူတူပါပဲကွာ။ လူတွေဟာ ကမ္ဘာကြီးဆိုတဲ့ ထန်းညက်ခဲပေါ်က ပုံစံတူ ပုရွက်ဆိတ်တွေချည့်ပဲ။ ဟိုကောင်သေသွားတာလား ဒီကောင်သေသွားတာလား အားလုံးဟာ အတူတူချည့်ပဲ။ ဒါလီ ဖုန်းထဲက နာရီကို ကြည့်လိုက်တယ်။ ကိုးနာရီ ဆယ့်ရှစ်မိနစ်။အချိန်တွေကတော့ ဘယ်တော့ဖြစ်ဖြစ် ရွေ့လျားနေတော့တာပဲ။
-----
၅
ကိုမော်လီက သူ့လက်ထဲက အဆစ်ပိတ်ဝါးတုတ်ကို လက်ကနေ ဆဆကြည့်နေတယ်။ ချင်းချင်းကတော့ ကျင်းနှုတ်ခမ်းရောက်လုနေပြီဖြစ်တဲ့ စတုတ္ထကောင်ကို ဆွဲထိန်းလိုက်ရင်း ပုခုံးကိုလက်နဲ့နှိပ် ဒူးထောက်ခိုင်းဖို့လုပ်နေတယ်။ လက်နောက်ပြန်ကြိုးတုပ်ခံ မျက်နှာကိုလည်း အဝတ်စည်းခံထားရတဲ့ စတုတ္ထကောင်ဟာ တွန်းထိုးလှုပ်ယှက်မရှိ ချင်းချင်း ပြုသမျှ နုနာခံရင်း ငြိမ်သက်လို့။ ဆရာထူးက သူ့ဆံပင်ကို ခေါင်းပေါ်သပ်သပ်တင်ရင်း ဒါလီတို့ ပတ်ဝန်းကျင်တခုလုံးကို ပတ်လျှောက်နေတယ်။ သို့သော် ခြေသံတစက်မှ မထွက်။ ဒါလီဆိုရင် ဆရာထူးပတ်လျှောက်ရင်း သူ့အနားဗြုန်းခနဲ ပေါ်လာတိုင်း လန့်လန့်သွားတယ်။ လပြည့်ကျော်ကာစမို့ လရောင်နည်းနည်းနဲ့ သိပ်မှောင်လှတယ် မဆိုနိုင်ဘူး။ သို့သော်လည်း တောကြီးမျက်မည်း မှောင်တာပါပဲ။ ဒါလီလဲ ဝေါ်ကိတွေ ထပ်တင်ထားတာ မနည်းဘူး။ နက်ဖြန်သောက်ဖို့ တတိုင်ကိုပါ ဖင်ပူအောင်ရှိုက်ခဲ့တာ။ ဒါလီကောင်းနေချက်က ဒါလီလို့တောင် ခေါ်ဖို့ခက်၊ ကောင်းခြင်းဒါလီ သတ်မှတ်ရမယ်။
ဆရာထူးက ဒါလီထူးထူးခြားခြားပါလာလို့ အံ့ဩပြီး အူမြူးနေတယ်။ ပတ်ပတ်လျှောက်ရင်း ဒါလီ့အနားရောက်တိုင်း ခြေနင်းချက်ပြင်းနေတာကို ဆရာထူးကိုယ်တိုင်တောင် သိမယ်မထင်ဘူး။ တကြိမ်မှာတော့ ဆရာထူးက မေးတယ်။
]]ဒါလီ စမ်းကြည့်မလား ...}}
ဒါမျိုး ဒါလီနဲ့အလှမ်းဝေးလှတယ်ဆိုတာ ဆရာထူးကသိနေတော့ ဆရာထူးမျက်နှာဟာ စပ်ဖြဲဖြဲဖြစ်နေမှာပဲလို့ ဒါလီဟာ ဆရာထူးကို လှည့်မကြည့်ပါဘဲ သိနေတယ်။ ပြီးတော့ ရီချင်လာတယ်။ ဆရာထူးဘက်ကိုလှည့်ပြီး စပ်ဖြဲဖြဲလုပ်ပြလိုက်ပေမယ့် ဆရာထူးမြင်မမြင် ဒါလီ မသေချာဘူး။ ဒါပေမယ့် စပ်ဖြဲဖြဲကတော့ ဖြစ်နေတုန်းပဲ။ စက္ကန့်နည်းနည်းထပ်ကြာတယ်။ ပြီးတော့ တုံ့ခနဲ ဒါလီ့မျက်နှာပေါ်က စပ်ဖြဲဖြဲဖြစ်မှုဟာ ပျောက်ကွယ်သွားခဲ့တယ်။ လှိုင်းကျယ်တချက်ခတ်သွားလိုက်သလိုပါပဲ။ ဒါလီ သူ့အလုပ်ကို သတိရပြီး အလုပ်အပေါ် အားနာစိတ်ကလေးဖြစ်သွားတာ။ ဘေးက ဆရာထူးကို ပြောစရာတခုတော့ ရှိနေခဲ့တယ်လို့ တလျှောက်လုံး သူစဉ်းစားနေခဲ့တာ ဘာအကြောင်းဆိုတာ ဒါလီအဲဒီတော့မှ သတိရသွားတယ်။ ဒါလီက ဆရာထူးကို အသံထွက်တယ်ဆိုရုံကလေးမျှ မေးလိုက်တယ်။
]]ဆာထူး ကျနော် အဲဒီကောင်ကို မီးထိုးကြည့်နေလို့ရမလား}}
ပုံမှန်ဆိုရင်တော့ ဒါမျိုး ဆရာထူး လက်မခံဘူး။ ဒါပေမယ့် ဒါလီဆိုတဲ့ကောင် သိပ်ကြည့်ချင်နေတာ ကြည့်စမ်းပါစေကွာလို့ တောကြီးအလယ်ကနေ ကောင်းကင်ကိုမော့ကြည့်လိုက်ရင်း သူ့ကိုယ်သူပြောလိုက်တယ်။
]]ကြည့်ကြည့် ဘေးတွေလျှောက်မထိုးနဲ့....}}
ပြောပြီးတော့ဆရာထူးဟာ ကိုမော်လီ့အနားကို ရောက်သွားတယ်။
ကိုမော့်လီကို ကိုယ်ဟန်လက်ဟန်ခြေဟန်မျက်နှာဟန် စသဖြင့် တကိုယ်လုံးကိုအသုံးပြုပြီး စကားတခွန်းပြောတယ်။ သူပြောတဲ့ အမူအယာတွေအရ အဓိပ္ပါယ်ကတော့ ဒီလိုကွ လို့ ဒါလီဟာ သူ့ကိုယ်သူ ရှင်းပြတယ်။
]]ဟေ့ မော်လီ ဒီမှာ ဒီမှာတွေ့လား နောက်စေ့၊ အေး အဲဒီနောက်စေ့ရဲ့အောက်နားကျကျ ဒီနေရာနော် အတိအကျ၊ မင်း အားကုန်ရှိသမျှ လွှဲသာရိုက်တော့ အိုခေတယ်နော် မော်လီ ...ဟား ဟား ဟား ဟီး ဟီး}} ဒါလီဟာ သူ့ကိုယ်သူရှင်းပြရင်း အတွေးထဲတင် ရီနေမိတယ်။ အိုခေတယ်နော် မောင်လေး ...ဟီး ဟီး ဟီး။ ဒါပေမယ့် ဒါလီဟာ သတိရှိတယ်။ ဒါလီမောဟများတိုင်း ဒါလီသတိဝင်ကပ်နေကျမို့ ဒါလီဟာ ဒါလီသတိအမြဲရှိတယ်။ မရီနဲ့ ဒါလီ။ လူတယောက် သေတော့မယ်ကွာ။ ဘယ်အရာတွေက ရယ်စရာလဲ။ နားလည်တတ်စမ်းပါကွာလို့ ဒါလီ သူ့ကိုယ်သူပြောတယ်။ ဒါပေမယ့် သူ့ကိုယ်သူပဲ လေအေးအေးဆိုသလိုနဲ့ အဆုံးသတ်တခွန်းထပ်ပြောသေးတယ်။ ]]လူတယောက်သေတော့မယ်ဆိုပေမယ့် သေရမယ့်ကောင်က ဖက်ဆစ်ကောင်လေကွာ မင်းက ဘာတွေခံစားနေရတာတုန်း}} ။
ချင်းချင်းက ဗိုလ်တယောက် လက်ဆောင်ပေးခဲ့တဲ့ အမေရိကန်လုပ်ဓားကို တသသလုပ်နေတယ်။ ဓားကိုင်ထားရလို့နဲ့ တူတယ် ချင်းချင်း မျက်နှာဟာ ဓားရောင်လက်လက်မှာမြင်ရတိုင်း မာန်ဖီနေသလိုဖြစ်နေတယ်။ အားတင်းရမှာပေါ့။ စတုတ္ထကောင်ကိစ္စမှာ ချင်းချင်းက အဆုံးသတ်သမား။ ပထမဆုံးအကြိမ်အဖြစ်ပေါ့။ သူလဲ တဆင့်တက်လာတာ။ အရင်က သူက ကိုမော်လီ့နေရာ။ အင်းအနိမ့်ဆုံးတော့ အားလုံးဟာ ငြိမ်းချမ်းစွာဆန္ဒပြလို့မရလို့ အဆင့်တက်လာသူတွေချည့်ပဲပေါ့ လို့ ဒါလီတွေးနေတယ်။
ဆရာထူးက ကိုယ်အမူအရာနဲ့ စတော့ စတော့ ဆိုတဲ့ပုံ ကိုမော်လီ့ကို လုပ်ပြတယ်။ တဆက်တည်း မင်း အဆင်သင့်ပြင်ထား ဆိုတဲ့ ဟန်မျိုး ချင်းချင်းကို လက်ညှိုးထိုးပြီး ကြည့်နေတယ်။ ဒါလီကတော့ သူတို့သုံးယောက် စတုတ္ထကောင်နဲ့ဆို လေးယောက်နဲ့ ဆယ်ပေမကွာတဲ့ ခပ်လှမ်းလှမ်းမှာ နောက်မှာရပ်လို့။ မရည်ရွယ်ပါဘဲ ကိုမော်လီရိုက်မယ့် စတုတ္ထကောင်ရဲ့ နောက်စေ့အောက်နားကို ဓာတ်မီးနဲ့ထိုးပေးထားသလိုဖြစ်နေတယ်။ မျက်လုံးကိုစည်းထားတဲ့ အဝတ်စအောက် အဲဒီနေရာကိုရိုက်လို့ ညွှန်ပြနေသလိုပေါ့။ ဒါပေမယ့် ဒါလီ အဲ့လိုရည်ရွယ်တာမဟုတ်ဘူးဆိုတာ ဒါလီကိုယ်တိုင်တောင် မသိဘူး။ ဒါလီလုပ်နေတာက တခုတည်း။ စတုတ္ထကောင် ဘယ်အချိန်အသက်ထွက်မယ်ဆိုတာကို စောင့်ကြည့်ရမယ်။ အဲဒီအချိန်မှာ အံကိုက် ]]မြင့်ခိုင်ဦးရေ အမျှ အမျှ အမျှ။ မြင့်ခိုင်ဦးရေ ငါလုပ်ခဲ့သမျှ ကုသိုလ်တွေအတွက် မင်းကို အမျှပေးပါတယ်ကွာ}} လို့ ပေးခဲ့တဲ့ ကတိတာဝန်အရ၊ နောက်ပြီး သတ္တဝါတကောင်အပေါ် အခြားသတ္တဝါတကောင်က တို့လည်းတူတူ တနေ့ပေါ့ကွာဆိုတဲ့ မာန်ချအန်တုသံမျိုး နဲ့ သူ ရွတ်ဆိုလိုက်မှာ။ သို့သော် စိတ်ထဲကနေပဲပေါ့။ ဒါလီ ဒါကို အသံထွက်လုပ်မှာမဟုတ်ဘူး။ ဒါလီဟာ ချာလီကိုတောင် သတိရမိသွားတယ်။
]]ဂုပ်}}
ခပ်အုပ်အုပ်အသံတခုထွက်လာတယ်။ ကျင်းနှုတ်ခမ်းမှာ ထိုင်နေတဲ့ စတုတ္ထကောင်ရဲ့နောက်စေ့ကို ဝါးစိမ်းတုတ်နဲ့ ရိုက်ထည့်လိုက်တဲ့အသံ။ စတုတ္ထကောင်ဟာ ကျင်းနှုတ်ခမ်းမှာ ဒူးတုပ်ထိုင်နေလျက်က နောက်ကနေရိုက်လိုက်တဲ့ ရိုက်ချက်ကြောင့် ကျင်းထဲ ငိုက်ကျသွားမယ်လို့ ဒါလီထင်နေခဲ့တာ။ မဟုတ်ဘူး။ စတုတ္ထကောင်ဟာ နောက်ကိုပဲ ပြန်ကျတယ်။ ပက်လက်ခုံးခုံးကြီး။ ခုံးခုံးကြီးဖြစ်နေတာက ဒူးတုပ်လျက်ကနေ နောက်ပစ်ကျတော့ ပက်လက်ကိုဖြောင့်ဖြောင့်မဖြစ်ဘဲ ပက်လက်ခုံးခုံးကြီးဖြစ်နေတာပေါ့။ ဒါလီ ဓာတ်မီးရောင်ဟာ စတုတ္ထကောင်ရဲ့ နောက်စေ့ကနေ ခုတော့ မျက်ခွက်တည့်တည့်ကို ထိုးမိနေပြီ။ မျက်လုံးဟာအဝတ်စည်းထားလျက်ပဲမို့ စတုတ္ထကောင်ရဲ့ ခေါင်းဟာ လူခေါင်းနဲ့မတူတော့သလို ဒါလီထင်လာတယ်။ အဲဒီလိုဖြစ်နေတုန်း ချင်းချင်းဟာ ပက်လက်ခုံးခုံးကြီးကို ကားယားခွ ကုန်းလိုက်ရင်း လည်ပင်းကို သူတသသလုပ်နေတဲ့ အမေရိကန်ဓားကြီးနဲ့ လှီးတော့တယ်။ သွေးတွေဟာ မီးတောင်ပွက်သလို ပွက်ခနဲ ပွက်ခနဲ ပြတ်သမျှအကြောတွေကနေ ခုန်ထွက်လာကြတယ်။ ပွက်ခနဲ ပွက်ခနဲကြားမှာ တချက်တချက် စီခနဲစီခနဲ လေပိတ်သလို အသံခပ်တိုးတိုး ဒါလီကြားနေရတယ်။
-ဒီဘက်အထိဖြတ် ဒီဘက်တွေအထိ-
ဆရာထူးက သူ့လည်ပင်းနေရာကိုသူ လက်နဲ့ထောက်ပြရင်း(တဖက်ကလည်း သူ့ကိုယ်သူ ဓာတ်မီးနဲ့ထိုးထားရင်းပေါ့) ချင်းချင်းကို ညွှန်ကြားချက်လှမ်းပို့တယ်။ တော်သေးတယ်။ ဒါလီဟာ အဲဒီ အဖြစ်အပျက်တွေအားလုံးထဲမှာမျောနေတာ။ ကိုမော်လီ ရိုက်လိုက်ပုံ၊ စတုတ္ထကောင် လှန်ကျသွားပုံ ကိုမော်လီ ကျေနပ်သွားပုံ။ ချင်းချင်း ပက်လက်လဲကျသွားတဲ့ စတုတ္ထကောင်ကို ခွ ဓားနဲ့လှီးဖြတ်ပုံ၊ ဆရာထူး ညွှန်ကြားချက်ပေးပုံ စသဖြင့်တွေပါ အသေးစိတ်မျောပါနေခဲ့မိတာ။ တော်သေးတယ်။ မြင့်ခိုင်ဦး မသေသေးဘူး။ သေတော့သေတော့မှာ။ ဒီအချိန်ပဲ ဒီအချိန်ပဲ ရွတ်တော့ ရွတ်တော့ ဒါလီရေ မင်း အမျှဝေပေတော့ကွာ။
ဒါလီ ငြိမ်ကျသွားတယ်။ အဖြစ်အပျက်တွေကတော့ ဆက်ဖြစ်နေတုန်းပဲ။ စတုတ္ထကောင်ကို ကျင်းထဲ လှန်ချတယ်။ စိတ်ချရအောင် ဇိုးဇိုးဇွပ်ဇွပ်သုံးချက်လုပ်တယ်။ ကိုမော်လီနဲ့ချင်းချင်းတို့နှစ်ယောက် စကြာဝဠာအလယ် ကမ္ဘာကြီးတနေရာက တောအုပ်တခုထဲ မှိန်ဖျော့ဖျော့လရောင်အောက် ပျော်ပျော်ပါးပါး မြေဖို့နေကြလေတယ်။ ဒါလီကတော့ ခဏတွေပြီး အမျှဝေနေတုန်းပဲ။ ထင်တယ်။ ဘယ်သူသိနိုင်မလဲ။
လင်းခါး
၃နာရီ၃၇မိနစ်
၂၈-၂-၂၀၂၂
နွေဦးပွင့်သစ် မဂ္ဂဇင်း အမှတ် ၅