ဒါလီနှင့်မှောင်မိုက်သောလမ်းများ

၁၂.၀၂.၂၀၂၃

ဒါလီနှင့် မှောင်မိုက်သောလမ်းများ (နွေဦးမြိုင်မဂ္ဂဇင်း-အမှတ်၁)

"ဒါလီနဲ့မှောင်မိုက်သောလမ်းများ"

ဒါလီအိပ်ရာကနိုးတော့ နှစ်နာရီ ဆယ့်ငါးမိနစ်။ တိတ်ဆိတ်မှုထဲ သူ့ဖုန်းထဲကနှိုးစက်ရဲ့ အသံက ကြောက်စရာကောင်းလောက်အောင် တုန်ခါမြည်ဟီးနေတယ်။ နှိုးစက်ကို ပိတ်လိုက်ပြီး ပုခက်ထဲကနေ ခြေထောက်တွေ ထုတ်လိုက်တယ်။ ပြီးတော့ အဆီပြန်နေတဲ့ မျက်နှာကို ပုဆိုးအောက်ပိုင်းနဲ့ သုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက် တယ်။ ဘာမှ မမြင်ရဘူး။ စခန်းရဲ့အနောက်ဘက်တောနက်ကြီးထဲကနေ ဘာကောင်မှန်းမသိတဲ့ အကောင်တွေရဲ့ တချက်တချက်ထွက်လာတဲ့ အော်ဟစ်လိုက်သံတွေကလွဲရင် မှောင်တဲ့အပြင် တိတ်ဆိတ်မှုကြီးကလည်း ကြီးစိုးလို့။ ဒီနေ့ လကွယ်ည ပဲလို့ ဒါလီတွေးလိုက်တယ်။ ပုခက်ပေါ်ကနေ ဆင်းဖို့ ခြေထောက်တဖက်ကို အောက်ကိုနည်းနည်းဆန့်ထုတ်လိုက်တယ်။ အင်း မြေကြီးတော့ ရှိသေးသားပဲ လို့ အမှောင်ထုကို သရော်သလို တွေးမိလိုက်သေးတယ်။ ပုခက်အောက်ကိုဆင်းတယ်။ တဲရဲ့ခေါင်းရင်းဘက်ကို စမ်းတဝါးဝါးနဲ့လျှောက်ရင်း ဝါးတန်းမှာ လှမ်းထားတဲ့ ပြောက်ကျားဘောင်းဘီရှည်ကို မှန်းသမ်းဆွဲလိုက်တာ ဘောင်းဘီက လက်ထဲအသင့်ပါလာတယ်။ အံမယ် ငါ ဘယ်ဆိုးလို့လဲ "အမှောင်မှာနေတာ ကျင့်သားရနေပြီ" ပဲလို့ တွေးရင်းမှ အဲဒီစာသားက ဘယ်မှာကြားဖူးတာပါလိမ့်လို့ ပုခက်ထဲကမဆင်းဘဲ တွေးနေမိသေးတယ်။ အဲဒီတော့မှ သတိရသွားတယ်။ ဘယ်ကလာတဲ့ စာသားရယ်လို့ သတိရတာတော့ မဟုတ်ဘူး။ ဖုန်းမီးဖွင့်ဖို့ သတိရသွားတာ။ ဖုန်းမီးကိုလက်နဲ့အုပ်ဖွင့်လိုက်တယ်။ ပြီးတော့ တဲလှေကားထစ်မှာ အကျအနထိုင် ဘောင်းဘီကို ရှိုဝတ်၊ တောစီးဖိနပ်ကိုစီး အင်္ကျီလဲနေတုန်းပဲ။ အုတ် ရောက်လာတယ်။ ဒီကောင် ဆရာတွေလိုကို ခြေသံလုံတာပဲ လို့ ဒါလီ က အုတ်ကို စိတ်ထဲက ချီးကျုးနေတယ်။

"ဟေ့ရောင်ရော့ ..."

အုတ်က ကင်းစာရွက်နဲ့ အေကေ၄၇ သေနတ်ပေးတယ်။

"မောင်းတင်ထားတယ်နော်" တဲ့ ဆက်ပြောသေးတယ်။

ဒါလီက

" ငါလာမှာပေါ့ဟ မင်းကလဲ ခုဟိုကောင် တယောက်တည်း ဒီအတိုင်းထားခဲ့တာပေါ့ဟုတ်လား"

"မင်း အဲ့အတိုင်းချည့်ပြောတာ လိ ပြီးရင် မနှိုးဘဲ ဘယ်တုန်းကထဖူးလို့လဲ ဒီတခါလေး ကိုယ့်ဟာကိုယ် နိုးတာနဲ့ ဖင်ကယားလာပြန်ပြီ။ သွားတော့ မြန်မြန်လုပ် ..."

"မေဘေး ဆရာတွေသိရင် မင်း အသုတ်ခံရမှာနော်၊ အချုပ်သားကို တယောက်ထဲ ထားခဲ့တာ"

အုတ်က ဒါလီပြောတာတွေ ကြားပါရက်နဲ့ ဘာမှပြန်မပြောဘဲ ဖိနပ်ချွတ် တဲပေါ်တက် စောင်ခြုံထဲဝင်သွားတယ်။ အဲဒါကို ဒါလီက မြင်နေရတာတော့ မဟုတ်ဘူး။ တယောက်နဲ့တယောက်ရယ်လို့ ဘာမှမြင်ရတာမဟုတ်လေတော့ အသံနဲ့ ခန့်မှန်းရတာပေါ့လေ။ ဒါလီလည်း သေနတ်ကြိုးကို လည်ပင်းမှာလွယ်၊ သားရေကြိုးပါတဲ့ ဓာတ်မီးအဝိုင်းကို ခေါင်းမှာပတ် နဖူးတည့်တည့်မှာ ဓာတ်မီး ဝိုင်းကလေးရှိနေအောင် ပြင်လိုက်တယ်။ ပြီးတော့ "အုတ်"ပေးတဲ့ စာရွက်ကိုဖြန့် ခေါင်းကဓာတ်မီးကို စာရွက်ဆီ ထိုးလိုက်ပြီး မီးဖွင့်လိုက်တယ်။ သူပြီးရင် ဘယ်သူနဲ့ ကင်းချိန်းရမှာပါလိမ့်လို့ တွေးရင်း ကင်းစာရွက်ကို သူကြည့်တယ်။ သူမေ့သွားတာ တကယ်တော့ သူက နောက်ဆုံးကင်းပဲ။ နှစ်ခွဲကနေ လေးနာရီအထိ။ လေးနာရီထိုးရင် ဝီစီမှုတ် သူလဲ စောင်ခြုံထဲ ပြန်ဝင်အိပ်ရုံပဲ။ ခုတော့ ကင်းရုံဆီ သွားလိုက်ပေဦးပေါ့။

"မအေလိုး မင်းအောင်လှိုင်၊ မင်းအောင်လှိုင် မအေလိုး"

ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်တွေတွေ့ပေမယ့် ငေးမောနေရလောက်အောင် မစုံဘူး။ ဒါလီဟာ အရင်တုန်းက သရဲကြောက်တတ်တယ်။ နှစ်လလောက် ကိုယ့်နှာခေါင်းတောင် ကိုယ်မမြင်ရတဲ့ အမှောင်ညတွေထဲ တယောက်တည်း ကင်းစောင့်ရပါများလာတော့ သရဲတစ္ဆေကြောက်တတ်တဲ့စိတ်တွေတောင် ကုပေး လိုက်သလိုဖြစ်သွားတယ်ထင်တယ်။ ဟိုးအရင်ချိန်တွေတုန်းက ကိုယ့်အိမ်ထဲကိုယ်တောင် ချွတ်ချွတ်အသံကြားရင် မျက်လုံးမှိတ် သံဗုဒ္ဓေရွတ်နေကြ၊ ခုတော့ ချွတ်ချွတ်ဆိုတာနဲ့ အသံကြားရာဆီ ပြောင်းကလှည့်ပြီးသား၊ ဆေ့ဖ်ခလုတ် ဖြုတ်ပြီးသား။ တချို့ညတွေဆို ဝေါ်ကိလေး မီးမမြင်ရအောင် ဆေးလိပ်မီးကိုအုပ် ဖွာရှိုက်ရင်း အပင်ကြီးအုပ်အုပ် တွေကြားက မှောင်နေတဲ့ ကောင်းကင်ကို မြင်ရတာဟာ abstract ပန်းချီကားတချပ်ကို ကြည့်နေရသလိုပဲလို့ ထင်ထင်လာတယ်။ ဝေါ်ကိတွေစောင်ရမ်းကောင်းနေပြန်တော့လည်း ကောင်းတော့ကောင်းတယ် ဆိုပေမယ့် ကင်းချိန် တနာရီခွဲက မပြီးတော့သလိုပဲ။ ငါးမိနစ် ဆယ်မိနစ်ကုန်ဖို့ကို ဝေါ်ကိနဲ့ငြိမ်းချမ်းနေတဲ့ စိတ်ကလေးတောင် စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် ရှည်လျားကြာညောင်းလှပေတယ်။

ကင်းရုံဆီရောက်တော့ သူ့ခြေသံကြားလို့နဲ့တူတယ်။ ဖက်စစ်ကောင် အချုပ်သားဆီက လှုပ်ရှားသံလိုလိုကြားလိုက်ရလို့ ခေါင်းက ဓာတ်မီးကို အချုပ်သား မျက်ခွက်တည့်တည့်လောက် မှန်းပြီး မီးဖွင့်လိုက်တယ်။ အချုပ်သားက မီးရောင်ကို လက်နဲ့အုပ်ကာရင်းကြည့်တယ်။

"ဘယ်လိုလဲ . . ."

ဒါလီက မေးလိုက်တယ်။ မေးလို့သာ မေးလိုက်တာပါ။ ပြန်ဖြေဖြေ မဖြေဖြေ ဒါလီ စိတ်မဝင်စားဘူး။ မေးချင်လို့ မေးတာလည်း မဟုတ်ဘူး။ ဓာတ်မီးနဲ့ သူများမျက်ခွက်ကို ထိုးလိုက်တာဆိုတော့ အားနာတဲ့စိတ်ကလေးနဲ့ ဖြစ်လာတာနဲ့ မေးလိုက်တဲ့ သဘောပဲ။ ဖက်ဆစ်ကောင်ကို သာမန်လူတယောက်ကို ဆက်ဆံသလို ဆက်ဆံပေးမိလိုက်တာ။ သို့သော်လဲ ဒါလီဟာ အဲဒီစိတ်ကလေးကို တွန်းထုတ်ငြင်းဆိုနေတဲ့ကြားကပဲ ကျေနပ်နေမိသေးတယ်။

" ဟုတ် ..."

ဟုတ် တဲ့။ ဟုတ် နောက်ကနေ တခုခုတော့ ပြောသေးတယ်။ ဒါပေမယ့် ဒါလီ မကြားဘူး။

"မင်း အိပ်လို့မရဘူးလား ..."

ဒါလီဆက်မေးတယ်။

"ဟုတ် အိပ်လို့မပျော်ဘူးဗျ"

ဒါလီဟာ ပါးစပ်ကသာစကားပြောနေပေမယ့် သူ့ခေါင်းက ဓာတ်မီးကတော့ အချုပ်သားရဲ့ လွတ်လွတ်လပ်လပ် ရှိနေတဲ့ လက်တွေကိုပဲ အာရုံစိုက်ပြီး ကြည့်နေမိတယ်။ အချုပ်သားရဲ့ ခြေထောက်တွေကတော့ ခြောက်ပေါက်ထိပ်တုံးထဲမှာ။ စိတ်ချရလောက်တဲ့ အနေအထားရောက်တဲ့အထိ အချုပ်သားရဲ့ ကိုယ်ခန္ဓာအနှံ့ကို ဓာတ်မီးနဲ့ထိုးကြည့်ပြီးတော့မှ ဒါလီဟာ တဲထောင့်က အသားကုလားထိုင်ကို အချုပ်သားရဲ့ ရှေ့တည့်တည့်မှာချ၊ သူကိုယ်တိုင်လည်း ခုံပေါ်သက်သောင့်သက်သာဖြစ်အောင် ထိုင်ချလိုက်ပြီးမှ ဓာတ်မီးခလုတ်ကိုပိတ်လိုက်တယ်။ တလောကလုံးဟာ မှောင်အတိ။

ဒါလီနဲ့ ခြောက်ပေါက်ထဲက ဖက်ဆစ်အချုပ်သားတို့ဟာ တယောက်နဲ့ တယောက်မြင်မနေရပေမယ့် မျက်နှာချင်းဆိုင်ထိုင်ရင်း တယောက်အသံရှူသံတယောက် နားစွင့်လိုနေနေကြတယ်။ ဒါလီရဲ့ ကျောဘက်ဖက်ဆစ်‌ကောင်နဲ့ မျက်နှာချင်းဆိုင်မှာက ဒါလီတို့ရဲ့မြူကုန်းစခန်းဝင်း၊ ဖက်ဆစ်အကျဉ်းသားရဲ့ ကျောဘက် ဒါလီရဲ့ မျက်စိရှေ့တူရူမှာတော့ စတုရန်းမိုင် ရာဂဏန်းလောက်ရှိမယ်ထင်ရတဲ့ စုံတောမြိုင်ဂနိုင်မျက်မည်းကြီး။ ဟိုးတောနက်နက် တောင်တန်းတွေပေါ်မှာဆိုရင် တောကောင်ကြီးတွေတောင် ရှိတယ်တဲ့။ ဒေသခံတချို့က ပြောကြတယ်။ တခါတလေ တောစပ်က သူတို့စခန်းအနား မျက်စိလည်လမ်းမှားလာတတ်တဲ့ တောကြောင်တို့ တောကြက်တို့တော့ လှစ်ခနဲ လှစ်ခနဲ ဒါလီတို့ မြင်လိုက်ရတာလဲ ရှိတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ကမှ ဒါလီ တောင်ကျချောင်းဆီ ရေချိုးသွားရင်း မဲသဲပြီးပြောင်နေတဲ့ တောကြီးမြွေ‌ဟောက်တကောင်ရဲ့ အမြီးကို ဖျတ်ခနဲ မြင်လိုက်ရသေးတယ်။ သူမြင်လိုက်ရတဲ့ မြွေရဲ့ အမြီးပိုင်း နှစ်ပေလောက်ရဲ့ လုံးပတ်က သူ့လက်မောင်းထက်ကြီးသေးတယ်။ အမြီးဖျားကိုက လက်မဝက် အချင်းရှိလောက်မယ် ထင်တာပဲ။ ဒါလီကြက်သီးမွှေးညင်းထသွားတယ်။ ဒါလီအူယားသွားတယ်။ ဒါလီတုန်လှုပ်သွားတယ်။ ပြီးတော့ ဒီတောကြီးထဲ ငါဘာကြောင့် ရောက်နေပါလိမ့် ဪ တော်လှန်ရေးကြောင့်ပဲလို့ ဒါလီခဏတဖြုတ်အတွေးဝင်သွားတယ် အဲဒီတုန်းကပေါ့။ ခုတော့ ဒါလီဟာ သူ့အရှေ့ မြေကြီးပေါ်က ဖက်ဆစ်ခွေးကောင်ငတိရဲ့ အသက်ရှူသံနဲ့ လှုပ်ရှားမှုအသံတို့ကို နားစွင့်ရင်း တောအုပ်ကြီးရဲ့ သဘာဝဖြစ်မှုကို မမြင်ရဘဲ ငေးနေမိတယ်။ ညက မှောင်တယ်ဆိုပေမယ့် တောကြီးကတော့ ပိုမည်းနေတော့ အမှောင်ထဲမှာ အမည်းကြီးက ထင်ရှားနေတော့တယ်။

ဖက်ဆစ်ကောင်နဲ့ ဒါလီတို့နှစ်ယောက်သာရှိတဲ့ တဲဟာ လူဆယ်ယောက် ဆယ့်ငါးယောက်လောက် ကျောခင်းအိပ်နေလို့ရအောင် ကျယ်ပြီး အမိုးကျတော့နိမ့်နေတဲ့ မြေစိုက်တဲ ဆိုတော့ တဲအလယ်မှာကုလားထိုင်နဲ့ ထိုင်နေတဲ့ သူအနေနဲ့ ကောင်းကင်ကကြယ်တွေ မမြင်ရတော့ဘူး။ အချုပ်သားကတော့ မြေကြီးပေါ်မှာ ထိပ်တုံးနဲ့တွဲလျက် ခြေထောက်ကြီးကားလို့ လက်ကိုနောက်ပြန်ထောက်လို့၊ တခါတလေ သူ့ခေါင်းကို နောက်အထိလှန်ချပြီး ကောင်းကင်ကို ပြောင်းပြန်ကြီးလှမ်းလှမ်းကြည့်နေတယ်။ အဲဒါတွေကလည်း ဒါလီမှန်းဆပြီး သိနေတာဖြစ်မယ်။

ဒါလီဟာ မမြင်ရပေမယ့် ကြားနေရတဲ့ အချုပ်သားရဲ့ အသက်ရှူသံကို နားစွင့်ရင်း စိတ်ထဲကနေလည်း တချက် တချက် အချုပ်သားကို သနားစိတ်ဝင်နေမိတယ်။ ဒါပေမယ့်လည်း အဲဒီဝင်လာတဲ့ သနားစိတ်ကို "ဒီမအေလိုးမျိုးတွေကြောင့် ငါ့သူငယ်ချင်းတွေ သေတဲ့လူသေ ထောင်ထဲရောက်တဲ့သူရောက် လီးမို့ ငါကသနားနေရမှာလား" လို့ စိတ်ထဲက အားတင်းနာကျည်းကြည့်ပေမယ့် အဲဒီ တချက် တချက်ဆိုတာကလေးကို မကျော်လွှားနိုင်ဘူး ဖြစ်နေတယ်။ သနားလိုက် မုန်းလိုက် ဥပေက္ခာပြုလိုက် သနားလိုက် မုန်းလိုက် ဒါလီ မပြီးတော့ဘူး။ ရောက်ခါစက ဖက်ဆစ်ကောင်ကို မီးနဲ့ထိုးကြည့်လိုက်တုန်းက မြင်လိုက်ရတဲ့ အချုပ်သားကိုယ်ပေါ်က အညိုအမဲတွေ၊ ခြေမကို အကွင်းလိုက်ဓားနဲ့ သွေးထွက်ရုံလှီးထားတဲ့ ဒဏ်ရာက ကျနေတဲ့ သွေးတွေဟာ မြေကြီးပေါ်မှာ ခြောက်တောင်ခြောက်နေပြီ။ ညဦးတုန်းက နာကျည်းစိတ်တွေနဲ့ ဝင်သွားတဲ့ ဒါလီတို့စခန်းက ရဲဘော်တွေရဲ့ စစ်ကြောရေးဒဏ်ချက်တွေပဲပေါ့။ အဲဒီကိုယ်ပေါ်က ဒဏ်ရာတွေထက် ပိုပြီး ဒါလီ့ကို ချောက်ချားစေ၊ တုန်လှုပ်စေ၊ ရန်သူအပေါ်ဂရုဏာစိတ်ဝင်စေတဲ့ အရာကတော့ အချုပ်သားရဲ့ မျက်လုံးတွေပဲ။ ကြောင်တောင် တောင်ဖြစ်နေပြီ။ လာသမျှလူကို တိုးလျှိုးတောင်းပန်တဲ့ နှလုံးစိတ်ဝှမ်းကြီးအခြေခံ အကြည့်အပြောတွေနဲ့နေရတာ နာရီပေါင်း တရာကျော်လောက် ရှိလာတာကြောင့် အချုပ်သားရဲ့ လူအဖြစ်ဟာ မြွေပါးစပ်ထဲ ခါးအောက်ပိုင်းရောက်နေတဲ့ ဖားတကောင်အဖြစ်ထက်တောင် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုပြီး ချွတ်ခြုံကျလို့နေပြီ။

"မင်း အောက်က မအေးဘူးလား"

"ဟုတ် အေးတော့အေးတယ် ဆရာ"

ဒါလီဟာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင် လျှာရှည်မိပြီလို့တွေးတယ်။ ထိုင်ခုံကနေ မထချင်နဲ့ထတယ်။ ခေါင်းက ဓာတ်မီးကို ပြန်ဖွင့်ပြီး အချုပ်သားကို ကြည့်လိုက်တယ်။ ဒီကောင့်ကို ငါ ကိုယ်ချင်းစာတရား လက်ကိုင်ထားနေရတာ မှန်မှမှန်ရဲ့လား၊ ဒီစောက်ခွက်နဲ့ ဒီဖက်ဆစ်ကောင်ကို ငါက ဘုရားအလောင်းမျောက်မင်းအထာ လူသားဆန်ပြနေတာလားရယ်လို့ အတည်ပြုကြည့် ကြည့်ပုံမျိုးပဲ။ ဒါလီတော့ စိတ်ပိုင်းဆိုင်ရာ ဝင်္ကဘာထောင်ချောက်ထဲရောက်နေရှာပြီ။ ပြီးတော့ တဲထောင့်မှာရှိတဲ့ သံ(ချေးတက်)သေတ္တာဆီကိုသွား သံသေတ္တာပေါ်က ညစ်ပတ်စုတ်ပြတ်နေတဲ့ တာလပတ်စထူထူကို ဆွဲယူလိုက်တယ်။ ပြီးတော့ အချုပ်သား ရှေ့ကို ပြန်လာ သူ့သေနတ်ကို ကုလားထိုင်ပေါ် သေချာတင်လိုက်ပြီးတော့ ပြောတယ်။

"မင်းအောက်ကို ဒီအစငါခင်းပေးမယ်။ ကျောခင်းပြီး အေးဆေးအိပ်လို့ရတာပေါ့ကွာ"

"ဟုတ်ကဲ့ ဆရာရယ် ကျေးဇူးပါဗျာ . . . ကျနော် . . ."

ဒါလီ စိတ်ညစ်သွားတယ်။ ဟိုကောင်က ငိုတာကိုး။ စကားပြောနေရင်း အသံတိမ်ဝင်သွားပြီး တအစ်အစ်နဲ့ကို ကြိတ် ငိုတာ။ အမှောင်ထဲဆိုပေမယ့် ငိုသံရဲ့ တုန်ခါနေမှုအရ ဒါလီရဲ့ စာနာမှုဟာ ဖက်ဆစ်ကောင်အပေါ် လူသားတယောက်အဖြစ် နွေးထွေးတဲ့ခံစားမှုကို ရစေပုံမျိုး နဲ့ တူပါရဲ့။

"ကဲ ကဲ ဖင်တော့ နည်းနည်းကြွဦးကွာ...ငိုမနေစမ်းပါနဲ့ ...ကျွတ်.......... မင်းတို့ကောင်တွေ ငါတို့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ကြတုန်းကတော့ အူမြူး ပျော်ရွှင်နေခဲ့ကြတယ်မဟုတ်လားကွ...ဟမ်မ်..."

ဖက်ဆစ်ကောင်ကတော့ တရှုံ့ရှုံ့ငိုနေရင်းကပဲ တာလပတ်စခင်းလို့ရအောင် သူ့ကိုယ်ကိုကြွ‌တော့ ပေးတယ်။ ဒါလီကလည်း တာလပတ်စကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ဆွဲဆန့်၊ အချုပ်သားမျက်နှာကို တချက်ကြည့်လိုက်ပြီးတော့ ခေါင်းက မီးကိုပိတ်လိုက်တယ်။ အဲဒီမျက်ခွက်ကြီး ငါ မှတ်မိမနေချင်ဘူးကွာ သွားကြည့်မနေစမ်းနဲ့ ဒါလီတယောက်ထဲ စိတ်ထဲမှာ သူ့ကိုယ်သူ ပြန်ပြောနေတယ်။ ပြီးတော့ သူ့ထိုင်ခုံမှာ သူပြန်ထိုင်တယ်။

" . . . ဟင်း . . ."

ဒါလီ လန့်သွားတယ်။ သူ့သက်ပြင်းချနှာမှုတ်သံနဲ့ ဖက်ဆစ်ကောင်ရဲ့ သက်ပြင်းကျနှာမှုတ်သံက တထပ်တည်းကျ တသံတည်းလို ဖြစ်သွားလို့။ ဒီတော့ ဘာမှန်းမသိတဲ့ အတွေးတခု သူ့ခေါင်းထဲဝင်သွားတယ်။ ဘာလဲတော့ မသိဘူး။ အတွေးဝင်သွားတယ်။

"မင်း ဆေးလိပ်သောက်မလား"

"ဟုတ် သောက်ချင်တာပေါ့ဆရာ ... ဆရာတိုက်ရင် ကျနော်သောက်မှာပေါ့ ခံတွင်းတွေမှ ချဉ်နေတာပဲဆရာ"

ဒါလီဟာ ဖက်ဆစ်ကောင်ရဲ့ ဆရာ ဆရာ ဆရာချင်း မိုးမွှန်နေတဲ့ ခေါ်သံကိုကြားတိုင်း စက်ဆုပ်တယ်။ ဒါပေမယ့် သူစက်ဆုပ်ကြောင်း ဖက်ဆစ်ကောင်ကို တခါမှ မပြဖူးဘူး။ ဘာကြောင့်မှန်းတော့ ဒါလီကိုယ်တိုင်လဲ မသိဘူး။ အဲဒီလို ဒါလီက တခါမှထုတ်မပြောဖူးတော့ ဖက်ဆစ်ကောင်ကလဲ သူခေါ်နေကျ ဆရာတို့ရယ် ဆိုတဲ့ထဲ ဒါလီပါ အပါအဝင်ဖြစ်တယ်ထင်ပြီး ဆရာချည့်တွန်းခေါ်တော့ ဒါလီ ဖီးလ်ငုပ်လာတယ်။ ဒါပေမယ့် မခေါ်နဲ့လို့ ဒါလီမပြောဘူး။

ဒါလီက အိတ်ထဲကနေ ငြိမ်းချမ်းရေးတံဆိပ် ဆေးပေါ့လိပ်နှစ်လိပ်ထုတ်လိုက်ပြီး တလိပ်ကို အချုပ်သားရှိရာကို မှန်းပြီးထိုးပေးလိုက်တယ်။

"ရော့ လှမ်းယူလိုက် ..."

ပြီးတော့ အချုပ်သားရှေ့ ထိပ်တုံးကို လက်တဖက်နဲ့ ထောက်ကိုင်ထားရင်း မီးခြစ်ခြစ်ပေးလိုက်တယ်။ ဖက်ဆစ်ကောင်အချုပ်သားရဲ့ မျက်လုံးထောင့်တွေမှာ မျက်ရည်စတွေနဲ့ ရုပ်ဆိုးလို့နေတယ်။

"ကျေးဇူးပါ ဆရာ...ကျနော် ဘယ်တော့မှ မမေ့ပါဘူး"

ဒါလီက ခုံမှာပြန်ထိုင်တယ်။ သူနဲ့အချုပ်သားဟာ မျက်နှာချင်းဆိုင် တယောက်နဲ့တယောက် ငါးပေလောက် ပဲခြားတယ်။ တယောက်က ထိုင်ခုံပေါ်မှာ စိတ်ရှုပ်ထွေးလို့၊ တယောက်က ထိပ်တုံးထဲမှာ အကြောက်တရားဖိစီးလို့၊ ဆေးလိပ်မီးကို ဖွာလိုက်တဲ့အချိန်တိုင်း မီးရဲရဲမှာ တယောက်မျက်နှာ တယောက်မြင်နေရတယ်။ မကြည့်ချင် မမြင်ချင်ပဲနဲ့ပေါ့။ တယောက်နဲ့တယောက် မမြင်ရဘူးဆိုရင် စကားမပြောလည်း ဘယ့်နှယ်မှ ဖြစ်မှာ မဟုတ်ပေမယ့် အဲဒီလို မြင်နေရတော့ ဒါလီ့မှာ ရှာကြံပြီး စကားပြောရမလိုဖြစ်လာတယ်။ ဒါလီ့မှာ စကားပြောချင်စိတ် မရှိတော့ဘူး။ အထူးသဖြင့် ဒီလိုကောင်တွေနဲ့ကို စကားမပြောချင်တာ။ တခါတလေတော့လည်း ဒါလီဟာ သူ့ကိုယ်သူ စက်ဆုတ်တယ်။ အားလုံးကို လိုက်ခံစားရတာ ဒါလီပင်ပန်းနေပြီ။ ဒါလီဟာ ဒါလီ့ရဲ့ ဖြစ်ပျက်နေတဲ့ ကိုယ့်ဘဝနဲ့ကိုယ်တင် ပင်ပန်းနေပြီ။ ဒါပေမယ့် ဒါလီဟာ မျက်စိရှေ့က ခံစားဖွယ်ရာ မှန်သမျှ လိုက်လံသုံးဆောင်နေတဲ့ သံသရာတွယ်ငြိ သမုဒယဒါလီ ဖြစ်နေရှာပြီ။ အုတ်လဲ ဒီလိုပဲ။ တနေ့ တနေ့ ဒါလီနဲ့ အုတ်အတွဲဟာ ဆန်နဲ့ချက်တဲ့တောသောက်ပြီးမူးရင်မူး မမူးရင် ဝေါ်ကိရှိ ဝေါ်ကိကောင်းနေကြတာ များတယ်။

တခါတလေတော့လည်း ဒါလီဟာ အခု သူ့ရှေ့က ဒီဖက်ဆစ်ခွေးမျိုးတွေကို လူလို့ မသတ်မှတ်ပဲ နေနိုင်ချင်တယ်။ သူ့တဘက်တည်းသားတွေနဲ့အတူ စိတ်ရှိလက်ရှိ နှက်လိုက်ချင်တယ်။ သို့ပေမယ့်လည်း စစ်မေးတဲ့အချိန် ထိပ်တုံးမှာခြေထောက်ကားယား လက်နောက်ပြန်ကြိုးတုပ်လျက်သား ခြင်္သေ့အုပ် ဝိုင်းကိုက်နေလို့ နာကျင်သွေးပျက်နေတဲ့ ဟိုင်အီးနားတကောင်ရဲ့ မျက်လုံးတွေလို အချုပ်သားရဲ့ မျက်လုံးတွေကို မြင်လိုက်ရတဲ့အခါ ဒါလီဟာ အားအင်မဲ့သွားတော့တယ်။ အဲဒီမျက်လုံးတွေနဲ့ဝေးရာကို မဖြစ်မနေ ထွက်ကိုထွက်သွားလိုက်ရတယ်။ သေရမှာကို သေတော့မတတ်ထိတ်လန့်နေတဲ့ အဲဒီမျက်လုံးတွေ

"ဒါနဲ့ မင်းမှာ သားသမီးတွေဘာတွေရှိလား"

"နှစ်ယောက်ရှိတယ်ဆရာ သားလေးတယောက် သမီးလေးတယောက်ပါ။ အကြီးက ..."

"ဟူး...ငါ့နေရာမှာ တခြားတယောက်ဆို မင်း မျက်နှာကို ဖြတ်အကန်ခံရဦးမှာ မင်းသိလား၊ မနေ့က ငါ့ရဲဘော်တွေ စစ်နေတာ ငါကြားသားပဲ။ မင်းက လူပျိုဆိုကွာ ..."

"ဟုတ်ပါတယ်ဆရာ ကျနော်အဲ့လိုဖြေခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်သားနဲ့သမီးကို လွမ်းတယ်ဆရာရဲ့ ဟီး...ဟီး...ဆရာ့ကို အမှန်အတိုင်းပြောတာပါ ကျနော် မလိမ်ပါဘူး ဆရာရယ်"

"ကျွတ်...လီးထဲမှ မငိုစမ်းပါနဲ့ကွာ ...ငါလိုးကျ"

ဒါလီဟာ ဒီလတွေအတွင်း ငိုကြွေးနေကြတဲ့ လူတွေ အများကြီးကို ဖြတ်သန်းပြီးပြီ။ သူကိုယ်တိုင်လဲ တခါတလေ ညလယ်ကင်းတွေထဲ ဝေါ်ကိကွဲကွဲနဲ့ ငိုခဲ့ဖူးတာပဲ။ ငိုရတဲ့အကြောင်းကိုတော့ ဒါလီ မမှတ်မိတော့ဘူး။ တော်ပြီ။ ငိုသံ‌တွေ ဒါလီ မခံစားချင်ဘူး။ အထူးသဖြင့် ဒီဖက်ဆစ်ကောင်ရဲ့ မျက်ရည်ကို ပိုမမြင်ချင်ဘူး။ မယုံကြည်တာလဲ ပါတာပေါ့။ အဲဒါနဲ့ တဲအပြင်ဘက်ထွက်ပြီး ကောင်းကင်ကို ဒါလီ မော့ကြည့်တယ်။ ဪ စကြာဝဠာကြီး ဒီတဲထဲက လူသားနှစ်ယောက်ရဲ့ အဖြစ်ကို သူဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါလီ့ ရင်ညွန့်မှာ သူကြည့်နေတဲ့ စကြာဝဠာဟင်းလင်းပြင်တခု ဖြစ်တည်လို့လာတယ်။

"ဟူး ......"

ခုချက်ချင်း အိပ်ပျော်သွားပြီး ငါ့အိမ် ငါ့အခန်းထဲက မွေ့ယာပေါ်မှာ ပြန်လည်နိုးထလိုက်ပါတော့လားကွာ လို့ ဒါလီ ညည်းညူတယ်။ လက်ထဲက ငြိမ်းချမ်းရေး ဆေးပေါ့လိပ်ကို အဝေးဆုံးရောက်အောင် ပစ်ထုတ်လိုက်ပြီး အိတ်ကပ်ထဲက ဝေါ်ကိရိုက်ထားတဲ့ ဆေးပေါ့လိပ်ကိုထုတ် မီးညှိလိုက်တယ်။ သူလဲ ငြိမ်းချမ်းရေးပါပဲ။ အငွေ့အကုန်အဆုတ်ထဲ ရောက်သွားအောင် ပြင်းပြစွာဖွာရှိုက်။ ဒါလီဟာ ဗဟိဒ္ဓဒါလီအဖြစ်ကနေ သိမ်မွေ့စွာနဲ့ အဇ္ဇျတ္တဒါလီ အဖြစ်ကို ပြောင်းလဲလို့လာတယ်။

ဖက်ဆစ်ကောင် အကျဉ်းသားဟာလဲ ငိုရာကနေ တိုးတိတ်သွားတယ်။ တော်တော်ကြာအောင် ထိုင်ခုံက ထသွားပြီး တဲဝမှာ သေနတ်ကြီးလွယ်လျက် သူ့အနောက်က တောအုပ်ကိုငေးနေတဲ့ ဒါလီရဲ့ နောက်ကျောပြင် မဲမဲကြီးကိုပဲ ငေးနေတယ်။ ခဏနေတော့ သူလဲ တာလပတ်စပေါ် ကျောခင်းပြီး ကောင်းကင်ကို ကြည့်နေတော့တယ်။ ဒါလီဟာ အချုပ်သားရဲ့အသံ မကြားရတော့လို့ နောက်ကိုပြန်လှည့်တော့ ကြယ်‌ငေးနေတဲ့ ဖက်ဆစ်ကောင်ကို အိပ်ပျော်သွားပြီလို့ တွေးလိုက်ပြီး။ အချုပ်သား ရှေ့က ခုံမှာ ပြန်ထိုင်တယ်။ လှုပ်ရှားမှုတွေကတော့ နှေးကွေးလာပြီ။ ဝေါ်ကိကိုလဲ ဒါလီ ဆက်ဖွာနေတုန်းပဲ။ လှဲအိပ်နေတဲ့ ဖက်ဆစ်ကောင်ကတော့ ငြိမ်သက်နေတုန်းပဲ။

သုံးနာရီကျော်စပြုတော့ ကောင်းကင်မှာ ကြယ်တွေ ကြောက်စရာကောင်းလောက်အောင် များလာတယ်။ ရုတ်ခြည်း ကောင်းကင်ဟာ ကောင်းကင်နဲ့ မတူတော့ဘဲ အင်မတန်နှေးကွေးလွန်းတဲ့ အရှိန်နဲ့ တရွေ့ရွေ့စီးဆင်းနေတဲ့ ကြယ်မြစ်ကြီးတခုလိုထင်တယ်။ မဟုတ်ဘူး။ နဂါးငွေ့တန်းဂလက်ဆီရဲ့ ဓာတ်ငွေ့တိမ်တိုက်အမှုန်တွေကိုတောင် မြင်နေရတယ်။ ဒါလီဟာ အချုပ်သားရှေ့ ငုတ်တုတ်ထိုင်နေရတာကို ပျင်းလာတယ်။ သေနတ်လွယ်ကြိုးကြောင့် ကုပ်တွေလေးလာတယ်။ ဒါလီ ပြန်ထပြီး တဲဝကို ပြန်သွားတယ်။ ကြယ်တွေကိုမြင်ရလို့ အံ့ဩသွားတယ်။ အဲဒီမှာ ဝေါ်ကိကောင်းနေရင်း တချက်တချက် လေချွန်သံလို ထွက်လာတဲ့ ဖက်ဆစ်ကောင်ရဲ့ အသက်ရှူသံကို နားစွင့်ရင်း ဒါလီဟာ ဖက်ဆစ်ကောင် စခန်းကို ရောက်လာပုံကနေ လက်ရှိအခိုက်အတန့်အထိ အခြေအနေတရပ်လုံးကို ပြန်သုံးသပ်နေမိတယ်။

ဖက်ဆစ်ကောင်ဟာ ဘုန်းကြီးအဖြစ်နဲ့ စခန်းပတ်ဝန်းကျင်ကို ရောက်လာခဲ့တယ်။ နှစ်ရက်သုံးရက် တောစပ်မှာအိပ်လိုက်၊ စခန်းနဲ့ မိုင်ဝက်လောက်သာ ရှိတဲ့ ကားလမ်းပေါ်မှာ အလှူခံသလိုလို လိပ်စာမေးသလိုလိုနဲ့ လှုပ်ရှားနေခဲ့တယ်။ အဲဒီကနောက်ရက်မှာတော့ ဖက်ဆစ်ကောင်ဟာ လူဝတ်လဲလိုက်ပြီး စစ်သင်တန်းတက်ချင်တယ်လို့ အကြောင်းပြ စခန်းထဲကို ခပ်တည်တည်ဝင်လာတော့တယ်။ ဆရာတွေက တခါတည်း ခြောက်ပေါက်ထဲ ခေါ်လာပြီး နာရီဝက်အတွင်း သတင်းတပ်ဖွဲ့က ဒုရဲအုပ်အဆင့်ရှိတဲ့ ဖက်စစ်ခွေးမှန်း သိရတယ်။ မေးခွန်းတွေ အဖြေတွေ၊ ပထမတော့ ချိုချိုသာသာပဲ။ နောက်တော့ ရဲခွေးက ရဲခွေးစရိုက် ပါကိုပါတာပဲလို့ ဒါလီတွေးမိတယ်။ လှည့်လာပတ်လာတယ်။ ဒီတော့ ဆရာတွေဘေးကနေ နဂါးမျက်လုံးလို အငြိုးတကြီးနဲ့ကြည့်နေတဲ့ ရဲဘော်တွေက သူတို့ကို စစ်မေးခွင့်တောင်းတော့တယ်။ အဲဒီကနောက် ငရဲခန်းတွေဖန်တီးခဲ့တဲ့ ဖက်ဆစ်ကောင်ဟာ ငရဲခန်းကို အပြုလုပ်ခံသူနေရာကနေ တင်ဆက်ကပြရတော့တယ်။

ဒါလီဟာ ရုတ်တရက်ဖက်ဆစ်ကောင်ကို မေ့ပြီး ကြယ်တွေကို ထိုင်ငေးနေမိတယ်။ ပြီးတော့ ကြယ်တွေအောက်က တောအုပ်ကြီး။ တောအုပ်ကြီးရဲ့တချို့မြေကြီးအောက်မှာ မနေ့ကမှ အဆုံးသတ်သွားတဲ့ ဖက်ဆစ်ခွေးနှစ်ကောင်ရဲ့ ပုပ်အဲ့လောက်တက်နေမယ့် ခန္ဓာနှစ်ခု။ ဒီကောင်တွေကြောင့် အခုဆိုရင် ပြည်သူ အနည်းဆုံး ၈၈၅ ယောက် သေဆုံးခဲ့ပြီးပြီ။ အဲဒီထဲမှာ ဖအေရင်ခွင်ထဲက သမီးလေးတွေ ငါ့သားလေးသေသွားတာကွဆိုတဲ့ ဖအေတယောက်ရဲ့ ရင်ကွဲသံတွေ၊ တစုံတယောက်ရဲ့ ညီလေးတွေ၊ တစုံတယောက်ရဲ့ အစ်ကိုတွေ၊ တစုံတယောက်ရဲ့ အဖေတွေ၊ တစုံတယောက်ရဲ့ အမေတွေ စသဖြင့် ဘဝပေါင်းများစွာကို ဒီကောင်တွေ ဖျက်ဆီးခဲ့တယ်။ ယူကျုံးမရ ဖြစ်စေခဲ့တယ်။ ရင်ကွဲမတတ် ဖြစ်စေခဲ့တယ်။ အဲဒီသတင်းတွေ ကြားရ မြင်ရတိုင်း ဒါလီဟာ အုတ်နဲ့ မူးပြီး ဖက်ဖက်ငိုကြတယ်။ ဒါလီဟာ အုတ်နဲ့ ဝေါ်ကိကွဲပြီး ဒါတွေဟာ ဖြစ်ပျက်တွေပါပဲကွာလို့ နှစ်သိမ့်နိုင်ခဲ့တယ်။

"ဆရာ ဆရာ"

ဖက်ဆစ်ကောင်ရဲ့ ခပ်အုပ်အုပ်ခေါ်လိုက်သံကြောင့် ဒါလီ မျောနေရာက သတိဝင်သွားတယ်။ နာရီကိုကြည့်လိုက်တော့ သုံးနာရီ နှစ်ဆယ်။ စခန်းထဲက ဓါတ်မီးနှစ်လက် သူတို့တဲဘက်ကို ရွေ့လာတာ မြင်နေရတယ်။ ဒါကြောာင့် ဒါလီ့ကို အချုပ်သားက ခေါ်တာကိုး။ ဒါလီလဲ အချုပ်သားရှေ့က ထိုင်ခုံမှာ ပြန်ထိုင်တယ်။ လက်ထဲက ဝေါ်ကိကလဲ မကုန်သေးဘူး။

"ဆရာ သူတို့ ကျနော့်ကို ခေါ်သွားတော့မှာလားဟင်"

ဖက်ဆစ်ကောင်ရဲ့ မေးခွန်းကြောင့် ဒါလီထိတ်လန့်သွားတယ်။ ဟုတ်တယ်။ ညဦးတုန်းက ရဲဘော်တချို့စစ်နေတုန်း ဆရာဖိုးနဲ့ ရဲဘော်နှစ်ယောက် ပေါက်တူး ပေါက်ပြားကိုယ်စီနဲ့ တောထဲဝင်သွားတာကို သူမြင်လိုက်ရသားပဲ။ အဲဒါကို သူမေ့နေတာ။ စစ်ဆေးပြီးကြတော့ သူမအိပ်ပျော်သေးလို့ ဖက်ဆစ်ကောင်ဆီ ခဏသွားကြည့်လိုက်သေးတယ်။ အဲဒီတုန်းကလဲ ဒီကောင် ဒီမေးခွန်းပဲ ဒါလီ့ကို မေးသေးတယ်။

"ဆရာ သူတို့ ကျနော့်ကို ဒီည ခေါ်သွားတော့မှာလားဟင်" တဲ့။

အဲဒီတုန်းက ဒါလီဟာ ဆရာဖိုးနဲ့ရဲဘော်နှစ်ယောက်ကို သူမြင်လိုက်ရတာကိုသူ ပြန်မေ့သွားပြီ။ အဲဒီတော့ 'ဒီညတော့ မဟုတ်ပါဘူးကွာ' လို့ ဖက်ဆစ်ကောင်ကို နှစ်သိမ့်ပေးခဲ့ရသေးတယ်။ ခုအတိုင်းဆို အရုဏ်မတက်ခင်ကို ကိစ္စပြီးတော့မယ်နဲ့တူပါရဲ့ လို့ ဒါလီတွေးမိတယ်။ ဖက်ဆစ်ကောင်က ဆက်မေးနေတုန်းပဲ။ အသံက ငိုသံလိုမဟုတ်ဘဲ အတော်လေးကို တုန်တုန်ယင်ယင် ဖြစ်နေပြီ။ လူဟာ သေရမှာ အကြောက်ဆုံးပဲ။ လူတယောက် သူ့အသက်ကို ခင်တွယ်ပုံမျိုးဟာဖြင့် နောက်ဆုံးအချိန်များမှာဆိုရင် ကြောက်စရာသိပ်ကောင်းတယ်လို့ ဒါလီက သိနေတယ်။

"ဆရာ သူတို့ လာနေပြီ.... ကျနော့်ကို ခေါ်သွားတော့မှာလား"

ဒါလီဟာ ဝေါ်ကိကောင်းနေပါပြီ။ သူ့ရှေ့က ထိပ်တုံးထဲကတကောင်ဟာ ရုပ်နာမ်သက်သက် အမည်တပ်မရတဲ့ ဒြပ်တခုလိုမျိုး ဒါလီထင်လာနေပြီ။ အဲဒီဒြပ်ပစ္စည်းက အသံလှိုင်းတွေထုတ်လွှတ်လို့နေတယ်။

"ငါ မသိဘူး ငါ မသိဘူး ငါဘာမှမသိဘူး ငါဆိုတာလဲ မရှိပါဘူး" ဒါလီတယောက်တည်း တိုးတိုးကလေးပြောနေတယ်။

"ဗျာ .... ဗျာ"

ဖက်ဆစ်ကောင်ဟာ ကင်းတဲအနား နီးလာတဲ့ မီးရောင်တွေကို လှမ်းလှမ်းကြည့်ရင်း ဒါလီ့ရဲ့ ပြန်စာကို စောင့်နေတယ်။ ဒါလီဟာ မီးရောင်တွေကို လှမ်းကြည့်လိုက်တယ်။ သူ့မျက်ခွက်တည့်တည့်ပေါ်ရောက်လာတဲ့ မီးတစကြောင့် စိတ်အနှောင့်အယှက်နည်းနည်းဖြစ်သွားတယ်။

"ဒါလီ နောက်ဆုံးကင်းလား"

ဆရာတယောက်ရဲ့အသံ ဒါလီကြားတယ်။ ခေါင်းပဲငြိမ့်ပြလိုက်တယ်။ ဆရာဖိုးနဲ့ နောက်ထပ်ရဲဘော်နှစ်ယောက်။

"ဒီကောင့်ကို အချုပ်ခန်းထဲ ထည့်ထားလိုက်တော့ အေးနေပြီ"

ဆရာဖိုးက ဒါလီနဲ့ရဲဘော်နှစ်ယောက်စလုံးကို ပြောသလိုမျိုးပြောတယ်။ ဒါလီက ဝေါ်ကိကောင်းနေတော့ အချုပ်ခန်းဆိုတာကို စဥ◌်းစာရင်း ထိုင်ရာကမထဘဲ ငြိမ်သက်မြဲပဲ။ ရဲဘော်နှစ်ယောက်က ဖက်ဆစ်ကောင်ကို ထိပ်တုံးကနေ ဖြုတ်တယ်။ ထိပ်တုံးကမဖြုတ်ခင် လက်ကို နောက်ပြန်ကြိုးတုပ်သေးတယ်။ ပြီးတော့ ဖက်ဆစ်ကောင်ရဲ့ မျက်နှာကို အဝတ်စည်းပြီး ခေါ်သွားကြတယ်။ ဖက်ဆစ်ကောင်ကို တယောက်တဖက်တွဲခေါ်သွားရင်း ရဲဘော်နှစ်ယောက်ရဲ့ ဖက်ဆစ်ကောင်ကို ပြောနေသံကို ဒါလီကြားလိုက်ရသေးတယ်။

'အပေါ့အလေးသွားချင်သေးလား၊ အချုပ်ခန်းထဲ ရောက်ရင်တော့ မင်းနွေးထွေးသွားမှာပါ နည်းနည်းအေးတယ် ဟုတ်တယ်မလား"

ဒါလီဟာ ကင်းရုံထဲက ထိုင်ခုံပေါ်မှာ ငြိမ်သက်နေတုန်းပဲ။ "မင်းနွေးထွေးသွားမှာပါ" ဆိုတဲ့ စကား၊ ဆရာဖိုးရဲ့ "အချုပ်ခန်းထဲ ပို့လိုက်တော့" ဆိုတဲ့စကား အဲဒီစကားတွေရဲ့ အတွင်းထဲက အနှစ်သာရကို သူသိတယ်။ ဒါကြောင့်လဲ ဒါလီဟာ လူသတ္တဝါ ဘာသာစကား ဟင်းလင်းပြင်နဲ့ အချိန်ကြား တွေးစရာကောင်းကောင်းတခု ရနေတာပေါ့။ အချိန်က သုံးနာရီသုံးဆယ့်ငါး နောက်နှစ်ဆယ့်ငါးမိနစ်ဆိုရင် ဒါလီကင်းချိန်ပြည့်ပါပြီ။ သူ ခရာကြိုး မေ့ခဲ့တယ်။ သွားယူရဦးမှာ။ ဒီစခန်းထဲမှာ နွေးထွေးသွားစေမယ့် အချုပ်ခန်း မရှိတာတော့ သူသိတယ်။ အဲဒါကိုတော့ သူမမေ့ပါဘူး။

လင်းခါး

နွေဦးမြိုင် မဂ္ဂဇင်း (တွင် ရဲဘော်မြမောင် ကလောင်အမည်ဖြင့်ရေးသားခဲ့ - ရဲဘော်မြမောင် ကလောင်ရှိပြီးဖြစ်နေလို့ လင်းခါး နာမည်နဲ့ပဲ ပြန်ပြောင်းလိုက်ပါတယ်)

အမှတ် ၁

အမျိုးအစား -ဝတ္ထုတို
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.