ကျနော့်ဘဝမှာ စိတ်အပျက်ရဆုံး အတွေဝေရဆုံးနဲ့ အကြောက်ရဆုံးကိစ္စက သေခြင်းတရားပဲ။ ကိုယ်ချစ်ရတဲ့သူတွေ သေဆုံးရခြင်းအကြောင်းဟာ လူ့ဘဝထက်တောင် နာကျင်ရတဲ့ ကိစ္စပါ။ ရာစုနှစ်တနှစ်မှာ လူဘယ်နှယောက်မွေးဖွားခဲ့တယ်ဆိုတာထက် ရာစုနှစ်တခုထဲ လူဘယ်နှယောက်သေဆုံးကွယ်လွန်သွားခဲ့ရတယ်ဆိုတာက အလွန်လေးနက်ရတဲ့ ကိစ္စပါ။ ခုရက်ပိုင်း ချာလီချက်ပလင်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖတ်နေရင်း ပုံတပုံတွေ့တော့လေးငါးမိနစ်နေအောင် ကြည့်နေမိတယ်။ အိုင်းစတိုင်းနဲ့ ချာလီချက်ပလင်တို့ တွဲရိုက်ထားတဲ့ပုံပါ။ နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်ဆုံးလူနှစ်ယောက်ရဲ့ ဓာတ်ပုံပေါ့။ ကမ္ဘာကြီးနဲ့ လူတွေအပေါ် သူတို့ ထားရစ်ခဲ့တဲ့ အမွေအနှစ်က အလွန်ကြီးမားပါတယ်။ သို့သော်တွေးမိရဲ့လား အဲဒီ ကြီးကျယ်လွန်းလှတဲ့ မဟာလူသားနှစ်ယောက်သာ ခု မရှိတော့ပါဘူး။ ကွယ်လွန်သေဆုံးသွားခဲ့ကြပြီ။ လူတွေဟာ သေဆုံးသွားခဲ့ပြီး မြို့ပြတွေ အမှတ်တရနေရာတွေ သို့မဟုတ် ကမ္ဘာကြီးဟာ ရပ်တည်ချက်မပျက် ကျန်ခဲ့တယ်။ ကျနော်တို့ဟာ သေဆုံးကုန်ကြရမှာပါ။ သို့သော်လည်း ကျနော်တို့အားလုံးဟာ မသေဆုံးရတော့မှာလို နေထိုင်ကြတယ်။ အိပ်မက်ကြီးတခွဲသားနဲ့ ပျော်ရွှင်မှုကြီးတခွဲသားနဲ့ ။ လူတွေရဲ့ အလဟဿဘဝတွေနဲ့ ပတ်သက်လာရင် ကျနော်ဟာ သိပ်ကြေကွဲရတတ်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိခဲ့ကြသူတွေ၊ နေအိမ်ဆိုတာ ဇာတိမြေဆိုတာကို ဘာမှန်းမသိလိုက်ရသူတွေ အစာရေစာလေး တဖဲ့တလုပ်အတွက် ပြင်းပြင်းထန်ထန် ရုန်းကန်ရသူတွေ၊ ငွေမရှိလို့ ပစ်ပယ်ခြင်းကို ခံရတဲ့သူတွေရဲ့ ဘဝဟာ အလဟဿ ဘဝပါပဲ။ အလကားသက်သက်ဖြုန်းတီးခံလိုက်ရတာပါပဲ။ ဒါပေမယ့် သူတို့မှာတောင် လူအဖြစ် ရှင်သန်လိုစိတ်က ရှိပါတယ်။ (ဒါပေမယ့် အခန်းတခန်းထဲမှာ အဖော်မဲ့စွာ လဲလျောင်းနေရတဲ့ ချစ်ရတဲ့သူတွေမရှိတော့တဲ့ အိုမင်းမစွမ်းရှင်သန်ရခြင်းကိုတော့ ကျနော်လဲ နှစ်သက်နေမှာ မဟုတ်ပါဘူး။ ) ချစ်ရတဲ့ သူတွေနဲ့ အသက်ရှည်အနာမဲ့စွာ နေလိုစိတ် ရှိကြပါတယ်။ ကျနော်ဟာ သေခြင်းတရားကို သိပ်ကို မုန်းတီးပါတယ်။ လူတိုင်းနဲ့ အတူပေါ့။ ဒါကြောင့်လဲ ကျနော်မုန်းတီးတဲ့ သေခြင်းတရားဟာ ကျနော့်ဝတ္ထုတွေမှာ နည်းလမ်းအဖုံဖုံနဲ့ သွယ်ဝိုက်အနှောင့်အယှက်ပေးရင်း ကျနော့်ရဲ့ ဖုံးကွယ်ထားချင်တဲ့ စိတ်ကို ပေါ်လွင်အောင် သတိရနေအောင် ကိုယ်ထင်ပြလိုဟန်ရှိပါတယ်။ ကျနော့် ဝတ္ထုထဲမှာ လူတွေဟာ သေသေကုန်ကြတယ်။ ချစ်ရတဲ့ ချစ်ခင်နေကြတဲ့ လူတွေချည့်ပါပဲ။ နာကျင်စွာရေးရတဲ့ အခန်းတွေပါပဲ။ ဇာတ်လမ်းတွေပါပဲ။ တခါတလေတော့လဲ တနေ့ပျောက်ကွယ်သွားရမယ့် လူတွေချင်းအတူတူ ဘာလို့ မုန်းနေ၊ ခြေထိုးနေ၊ မျက်ကွယ်ပြုနေရမလဲလို့ တွေးစရာရှိပါတယ်။ ဒါပေမယ့် ဘယ်သူမှ မတွေးကြဘူး မဟုတ်လား။
လင်းခါး