ကပ်ဖ်ကာများ

၀၄.၀၂.၂၀၂၃

ကပ်ဖ်ကာများ

ကပ်ဖ်ကာများ


တိကျတဲ့ လေထုဖိအားနဲ့စိုထိုင်းဆများ

တိကျတဲ့ လူ့အဖွဲ့အစည်းသားအိမ်ညှစ်ထုတ်မှုအားတို့အရ

ကပ်ဖ်ကာများ အရှေ့အရပ်ကို ရောက်လာကြတယ်

ဖက်ရမ်းနမ်းရှုပ်နေတဲ့အကြားက အထီးကျန်သူကပ်ဖ်ကာ

ရေယုန်ခါးပတ်စလွယ်ပိုက်လို့ စာပို့ခိုများနဲ့သာ

မေတ္တာသွားလာခွင့်ရခဲ့သူ ကပ်ဖ်ကာ

အိမ်ပေါ်ကမောင်းချခံလိုက်ရသူ ထိုးသွင်းဒဏ်ရာများနဲ့ ကပ်ဖ်ကာ

ဟိုတယောက်ကလဲ ပိန်သေးအဆံချောင် ကပ်ဖ်ကာ

ဒီငနဲကလဲ တွံတေးတူးမြောင်းဖောက်ပြီးနောက် ပထမဆုံးရေနဲ့အတူပါလာတဲ့ ကပ်ဖ်ကာ

စဉ်းထားတဲ့ကောက်ရိုးနဲ့ မိရိုးဖလာဒါးလှီးမုန့်အထိ

ငြိမ်ဝပ်ပိပြားအငုံ့စိတ်ထွားခဲ့ရသူ ကပ်ဖ်ကာများ

ဒေသဆိုင်ရာ ကပ်ဖ်ကာများမှာ

ခြေသလုံးတောင့်အောင်တောင် ငြိမ်သက်ကပ်ဖ်ကာခဲ့ရ

မျက်တွင်းချိုင့်အောင် "ကပ်ဖ်" နက်နက် "ဖ်ကာ" ခဲ့ရ

အသက်တိုအောင် ကပ်ဖ်ကာမှု ပြုခဲ့ရပါတယ်

ကပ်ဖ်ကာရဲ့ အရှေ့အရပ်သို့ ခရီးသွားခြင်းမှာ

အစွယ်သက်သက်တင် နှစ်လက်မရှိတဲ့ အိပ်မက်ဆိုးများ

ဆိတ်သမင်လိုအကြောဆွဲနေတဲ့ အားငယ်ရခြင်းများ

ကပ်ဖ်ကာအသားစားခြင်းဖြင့် ထာဝရအသက်ကိုရလုငြားသို့

ကျမ်းစာထုပ်အဖြစ်သာ အရေးအသား ထူးချွန်ခဲ့ရ ကပ်ဖ်ကာ

အို ကပ်ဖ်ကာ အချင်းကပ်ဖ်ကာ အသင်ကပ်ဖ်ကာ

ကြွလော့ ရှုလော့ နားဆင်လော့

မိုးဟာ ဗျာဒိတ်တော်လာအတိုင်း ရွာသွန်း

နွေဟာ ဝဋ်မှာအမြဲ ငရဲမှအပ

ဆောင်းဟာ နာမ်ချည့်သက်သက် ကောင်းသောဘုံ

ကပ်ဖ်ကာ မသိတဲ့ စိတ်ဒဏ်ရာတွေနဲ့

ကပ်ဖ်ကာနှင့်အတိပြီးသော ကပ်ဖ်ကာများ

ရာစုနှစ်တခုလုံး

လောကအကျယ်ချုပ်မှာ ပယောဂမှန်တော့ တုန်လို့ဆင်းလာ။

လင်းခါး

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.