ခေတ်ကရိုက်စစ်တော့ ကဗျာတွေထွက်လာတယ်

၂၇.၀၄.၂၀၂၃

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်_လင်းခါး

ခေတ်ကရိုက်စစ်တော့
ကဗျာတွေ ထွက်လာတယ်


တစ်ပတ်တိတိ ဝါကျတစ်စက်မှ
မတိုက်ဘဲ ထားလိုက်တော့ နုံးခွေလာတယ်
အရေပြားတွေ ခြောက်လာတယ်။

ဘာမှရေးမထားတဲ့ စက္ကူအညိုနဲ့ အိတ်လုပ်ပြီး
မျက်နှာကို စွပ်ထားတော့
စကားလုံးရှူရတာ မဝတော့ဘူး
မွန်းလာတယ်။

တစ်ချက်တစ်ချက် နံရံအပြင်က
သီချင်းသံလွင့်ပျံကြားရတတ်ပေမယ့်
တီးလုံးချည်းသက်သက်ရယ်
စာသား မပါဘူး။

ကြိယာနဲ့ ဖြတ်ရိုက်တာ ခံရပါများတော့
မျက်ခွက်မှာလည်း
နာမဝိသေသနထပ်နေပြီ။
နံကြားမှာလည်း နာမ်စားတွေ
အုပ်စုလိုက် ပစ်ပစ်ကန်လွန်းလို့ သမ္ဗန္ဓတွေ စွဲထင်လို့။
သတိကလည်း ရတစ်ချက် မရတစ်ချက်
ဝိဘတ် ကြောတွေ ပြတ်ထွက်တော့မလား။

ခေတ်က လူပြောင်းပြောင်းပြီး
အနုနည်းနဲ့ စစ်တယ်၊
အကြမ်းနည်းနဲ့စစ်တယ်။
စစ်ဖိနပ်နဲ့ စစ်တယ်၊
တစစ်စစ်ကိုက်သလို စစ်တယ်၊
မူလီရစ်သလို စစ်တယ်၊
ကကြီးကနေ အ အထိ စစ်တယ်၊
သရတွေကိုပါ စစ်တယ်၊
ခံနိုင်ရည်ဟာ ကြာတော့
ဗျည်းတွေရွေ့သလို အကျဘက်ကို ရွေ့လာတယ်။

နောက်ဆုံးတော့ ချွေးပေါက်တွေကနေ
စိမ့်ထွက်သလိုထွက်လာ
နှုတ်ခမ်းကနေ သွေးတပွက်ပွက်ထသလို ထွက်လာ
အက္ခရာတွေ ထွက်လာတယ်
မျိုသိပ်ထားရတဲ့ ကဗျာတွေ။ ။

လင်းခါး
၄-၄-၂၀၁၄

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.