ငါ မသိတဲ့ တခု
ပန်းဆိုးတန်း ဂုံးတံတားအောက်
ကွမ်းယာဆိုင်တဆိုင်တွင် မျက်နှာဝိုင်းဝိုင်းနှင့်၊
လက်ဖက်ရည်ဆိုင်နံရံတွင်
ကော့ကန်ကားနေသော မင်းသမီးပိုစတာရှေ့
မျက်မှန်နှင့်၊
၅၁ ဘတ်စကားပေါ်တွင် မနက်ခင်း မရမ်းကုန်းမှ ဆူးလေ၊
ညနေခင်း ဆူးလေမှ မရမ်းကုန်း
အစုန်အဆန် စာရေးမကလေးနှင့်
အင်လျားကန်ဘောင်မှ လှမ်းမြင်ရသော လသာဆောင်တခုပေါ်တွင် ငြိမ်သက်နေသော မှဲ့နက်ကလေး
အဲဒီကောင်မလေး ညကြီးမင်းကြီး
အိမ်သာခွက်ထဲ ဆေးလိပ်ပြာတွေချွေထား၊
တံခါးအောက်က ခြေထောက်တွေကိုကြည့်
ပြုံးနေတဲ့ ဖီးမနစ်လား
ညနေကြီး ဆံပင်ဖားလျားနဲ့ ကန်နံဘေး
ရပ်နေ
အဲဒီကောင်မလေးက ကြည်အေးလား
အဲဒီကောင်မလေးက လိင်ဆွဲဆောင်မှုရှိလား
ထွေးပွေ့တာကြိုက်တတ်လား၊
အတွင်းစာရွက်တွေဟာ
ထိလိုက်တာနဲ့ ကြွေသွားတော့မယ့် စာအုပ်တွေကို
လှေကားကနေပစ်ချနေ
အဲဒီကောင်မလေးနှယ်
နှုတ်ခမ်းတွေက သိပ်လှတာပဲ အဲဒီကောင်မလေး
လှတယ်ပြောရင် ကြိုက်ပါ့မလား၊
အဲဒီကောင်မလေးအကြောင်း
ငါ ပိုသိခဲ့သင့်တယ်
ဒါပေမယ့် သစ်သားတံခါးရှေ့မှာ သံတံခါးနဲ့ ထပ်ပိတ်ထားတဲ့
မလုံခြုံတဲ့ ဒေသမှာ နေခဲ့ရတာ
သူ ကြောက်တဲ့အကြောင်း သူ ရဲဝံ့ခဲ့ရပေတာ
အဲဒီကောင်မလေး တကယ်မရှိတဲ့ အသံတွေ ကြားနေရသူလေးလား
အဲဒီကောင်မလေ းဟာ
မနေ့ကမှပေါ်ထွက်လာတဲ့ ဝါဒသစ်ပါ
သမုဒ္ဒရာကြမ်းပြင်အောက်က မျိုးစိတ်အသစ်ပါ
လိပ်ဥပျောက်နေတဲ့ ငိုမဲ့မဲ့ဇာတ်လမ်းပါ
အစိုးရမကောင်းတဲ့တိုင်းပြည်က
တေးဆိုသူ ထွေးညိုပါ
ပျော်ပျော်နေတတ်တဲ့ ခွေးလေးရဲ့ အုပ်ထိန်းသူ
လွတ်လပ်တဲ့အဖိနှိပ်ခံ ပညာတတ်ပါ
အုတ်ကန်ဘေးက ရေညှိပါ
သင်္ဘောပျက်တဲ့အခါ နောက်ဆုံးမှာရပ်လို့
ကျမ်းစာအုပ်တွေကို ဖောင်ဖွဲ့နေသူပါ
အဲဒီကောင်မလေးကို
ငါ လျှောက် မြှောက်ပင့်ပြောဆိုနေတာ
အဲဒီကောင်မလေးကို ငါမသိပါ။
လင်းခါး
၁၀-၅-၂၀၁၆