ငါလွမ်းတဲ့အကြောင်း

၀၉.၁၂.၂၀၂၂

အလယ်ရိုးမကဗျာဆု(၂၀၁၅)

ငါလွမ်းတဲ့အကြောင်း

____________________လင်းခါး

လွမ်းတဲ့အကြောင်းဟာ

လက်ထိပ်ကြီးနဲ့ဆိုတော့ မသင့်လျော်၊

သတင်းဌာနတွေကလည်း

ခေါင်းကဒဏ်ရာတွေကိုပဲ ကြေညာပြီး

နှလုံးသားက လွမ်းတဲ့အကြောင်းကို

ပုဂ္ဂလဖိုင်ထဲပဲ ညှပ်ထားတယ်။

ငါလွမ်းတုန်းက

အဖိနှိပ်ခံ ငတ်ပြတ်သူတွေကြားထဲဆိုတော့

ငါ ပြောမထွက်ဘူး။

ငှက်ဖျား အပြင်းအထန်ထနေတဲ့ လူနာရှေ့

လေစိမ်းမိပြီး ဖျားတာလောက်ကို မညည်းချင်သလိုပေါ့။

ငါလွမ်းလို့ ကောင်းနေတုန်း

တပ်နီတွေက ခရီးရှည် ချီတက်

ရုရှတွေက ဇာဘုရင်ကို တော်လှန်နေကြတယ်။

ငါဟာ နိုင်ငံတော်ပဲ

လူဝီဘုရင်ပြောတော့

ပြည်သူတွေက စိတ်ဆိုး

ငါက ထောင့်တစ်နေရာမှာ လွမ်းနေ၊

ကောင်းကင်ပြာကြီးကို ကြည့်

ငါ့မှာ ရော်ရမ်းတမ်းတ လွမ်းတုန်း

ကောင်းကင်မှာ မှိုပွင့်ကြီးတွေထလာ

အဲဒါ ဟီရိုရှီးမားနဲ့ နာဂါစာကီပေါ့။

ချာနိုဘိုင်း ပေါက်ကွဲမှုကြီးဖြစ်တော့

ငါဟာ လမ်းဆုံမှာ လွမ်းလွန်းလို့ တရှုံ့ရှုံ့ငိုနေ။

၈၈ အရေးတော်ပုံမှာတော့

ငါဟာ လွမ်းနေရက် ပါဝင်ခဲ့ပါတယ်။

နောက်တော့လည်း ဒီမိုကရေစီကို လွမ်းရသလို

ငါ ဆက်လွမ်းရတာပဲ။

လွမ်းတဲ့အကြောင်းတွေဟာ

များသောအားဖြင့် လူခြေဆိတ်ရာဆိုတော့

လူသိနည်းလှပါတယ်။

ဒါပေမယ့်ကွယ် လူသိများချင်လို့ လွမ်းတာမှ မဟုတ်ရဘဲ။

လွမ်းတဲ့အကြောင်းဟာ

လွမ်းသူအတွက်သာ ကြီးကျယ်ပြီး

ကမ္ဘာကြီးအတွက်တော့ ဆန်ကုန်မြေလေးရုံရှိတာ ငါသိပါတယ်။

ဒါပေမယ့် ငါလွမ်းမိပါတယ်

လောကကြီးကို အံတုပြီး

တစ်ကိုယ်ကောင်းဆန်စွာ ငါဟာ လွမ်းမိ။

လွမ်းမိ လွမ်းမိ ငါဟာ လွမ်းမိ

လွမ်းစရာမရှိမှတော့

လူ့ဘဝဟာ ဘယ်အဖိုးထိုက်တော့မလဲ။

ဒါကြောင့် ငါဟာ စူပါပါဝါနဲ့ လွမ်းမိ

ပြည်တွင်းငြိမ်းချမ်းရေးကို ထိပါးတဲ့အထိ လွမ်းမိ

လယ်သမားတွေ လယ်စိုက်စရာမရှိတော့အောင် လွမ်းမိ

ကလေးအလုပ်သမားတွေ ပေါများလာအောင် လွမ်းမိ

လွမ်းမိ လွမ်းမိ လွမ်းမိ

အသုံးမကျ လူညွှန့်တုံးသည်အထိ

ငါဟာ လွမ်းမိ ။

လင်းခါး

(၂၀၁၅ ခုနှစ် အလယ်ရိုးမကဗျာဆုရ ကဗျာ)

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.