စက္ကူဖြူဟောစာတမ်း
အိပ်မက်တခုတည်း ခြောက်လ မက်မယ်
ဝေါ်ကိတတိုင်တည်းနဲ့ နှစ်ရက် ကောင်းမယ်
အမွှေးတိုင်တွေကြောင့် အတွေးတွေ နံမယ် ညစ်နွမ်းမယ်
ဗေဒင်ဆရာဟာ စိတ်အားတက်ကြွဖွယ် ဟောစာတမ်းစာရွက်ကို သုံးခေါက်ချိုး
ထောင်တံတိုင်းပမာ စားပွဲပေါ်တင်လိုက်တယ်
တောင်ထိပ်ကို တိမ်မြူဖုံးမယ်
တော်လှန်ရေးမှာ အဖေများမယ်
သမီးရည်းစားတွေ ကြည်နူးစွာ
တဦးဆံပင် တဦး ကြည်ကြည်ဖြူဖြူ ဆွဲကုပ်မယ်
တိရစ္ဆာန်လို အော်ဟစ်မယ်
ရှုခင်းက လှတယ်
ရှုခင်းထဲက အရာတွေကတော့ မလှဘူး
ဒီနေ့ဟောရတာ ဓါတ်မပီဘူး ငါ့ညီရာ
မနက်ကလဲတယောက်
သေကြောင်းမကြံခင် ဗေဒင်ဝင်မေးသွားတယ်
"နက်နက်ရှိုင်းရှိုင်း ကွယ်လွန်ဖို့ အစီအမံတွေ ကိန်းတွေ ရှိလား" တဲ့
ဗေဒင်ဆရာက ပြောတယ်
ပြီးတော့ က ျည်ဆံက သူ့ လည်ပင်းထဲဖောက်ဝင်သွားတယ်
သူ့ လည်ချောင်းသွေး စီးကြောင်းထဲ
လွမ်းစရာ စက္ကူလှေကလေးတွေ လှော်ခတ်သွား
တချိန်က ထောင်တံတိုင်းဖြစ်ခဲ့တဲ့ စက္ကူလေးတွေပေါ့။
လင်းခါး
၁၆ဩဂတ်၂၀၂၁