စာကြည့်တိုက် မျက်နှာကျက်ထဲက ဖုန်မှုန့်တွေ
လင်းခါး
ပညာမတတ်တော့
ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတာပဲ
ကြာနီကန်နဲ့ ဂျွန်လင်နွန်ကို တစ်တန်းတည်းထား ကြိုက်မိတယ်
ဝီစကီကိုလည်း အရသာမခံတတ်ခဲ့ဘူးကွယ်။
ပညာမတတ်တော့
ဘယ်လောက်ခုန်ခုန် ဖုန်မထ
သူများဒိုင်ယာရီ ခိုးဖတ်တယ်
တံခါးမခေါက်ဘဲ အခန်းထဲ ဝင်ခဲ့မိတာပေါ့။
ပညာမတတ်တော့
လူ့အဖွဲ့အစည်းကြားက ကျောက်တုံးလို ငြိမ်သက်
ကမ္ဘာ့အံ့ဖွယ်လည်း မအံ့သြ
လမ်းထိပ်မှာ တစ်ခေတ်လုံးငြိမ်နေတဲ့
အုတ်ခုံလိုလည်း မရင့်ကျက်ခဲ့ပါ။
ပညာမတတ်တော့
ဂိမ်းကစားရင် အီးဇီးမှ
အသက်ခိုးရသေး
ဂဏန်းသင်္ချာနဲ့ ရေမွှေး မုန်းခဲ့သေးတာပေါ့။
ပညာမတတ်တော့
နက်နက်နဲနဲယုံကြည်စရာလည်းမရှိ
ငါးထွက်မျှားတာ ငါးလိုချင်လို့သက်သက်ပဲ
အာပုပ်စော်နံနေရက်လည်း နှုတ်ခမ်းကိုနမ်းချင်တယ်
အူခဲ့ရတဲ့ ကြေးစည်သံတွေ
ဟောင်ခဲ့ရတဲ့ လမင်းတွေ ဘာဖြစ်ကုန်ကြပြီလဲ မသိပါ။
ပညာမတတ်တော့
လိင်ကိစ္စဟာလည်း ရှက်စရာလို့တွေး
ညှီစော်နံနေတဲ့အတွင်းခံတွေကို
အောက်တန်းစားစိတ်လို ဖျာအောက်ဝှက်ထားခဲ့မိတယ်။
ပညာမတတ်တော့
အပြေးသန်တယ်
ကြွက်သားတွေ ကြီးလာတယ်
လူကြားထဲ မင်းသောက်ရှက်ကွဲမယ့်
မေးခွန်းတွေ မမေးတတ်
ပခုံးစုံတွန့် နှုတ်ခမ်းရှုံ့တဲ့ အမူအရာ မလုပ်တတ်ခဲ့ပါ
တကယ်တော့ မင်းလိုပဲ လူ့အဖွဲ့အစည်းကို
သရော်မော်ကား ထိုင်ဟားချင်မိတာ
မစွမ်းခဲ့ပါဘူးကွာ။
ပညာမတတ်တာ
လူ့အဖွဲ့အစည်း မကောင်းဖို့လား
မင်း ကောင်းစားဖို့လားတောင်
ပညာမတတ်တော့ မသိဘူး
ပညာမတတ်တော့
ပညာမတတ်တာ ရှက်စရာလို့တောင် မတွေးမိပါဘူးကွာ ။
လင်းခါး
(၂၀၁၅)
၂၀၁၆ ရွှေဘိုပန်းကဗျာ ခေတ်ပေါ်ကဗျာဆု