ဆောင်းတိုင်း ပြောဖြစ်တဲ့ ပုံပြင်

၂၆.၀၁.၂၀၂၃

ဆောင်းတိုင်းပြောဖြစ်တဲ့ပုံပြင်

ဆောင်းတိုင်းပြောဖြစ်တဲ့ပုံပြင်


ပန်းရောင်သမ်းနေတဲ့

ဆောင်းရဲ့နေ့များကို ရောက်ရှိလာပါပြီ

ခင်ဝမ်းက ခရမ်းရောင်လို့ ပြောတယ်

ပန်းရောင်သမ်းနေတဲ့ အနားဖတ်လေးတွေက ငြင်းပါလိမ့်မယ်

ဆောင်းရဲ့ နေ့များဟာ

ညသန်းခေါင် အာသာဖြေသူရဲ့ တံခါးဝကြားကနေ

ချောင်းကြည့်တိုးဝင်လာတယ်

အရေပြားဆိုတာ စိတ်ပိုင်းဆိုင်ရာ သွပ်ပြားတချပ်ပဲ

တုံ့ပြန်မှုပြင်းတယ် ခံစားလွယ်တယ် နားငြီးတယ်

အမြဲတမ်းပြုပြင်ပြောင်းလဲနေတယ် ရေရှည်မခံဘူး

အရေပြားမှမရှိရင်လဲ ရေရှည်ခံခြင်းဟာ

ပလတ်စတစ်ပန်းတွေ ဖြစ်နေမှာပေါ့

ဘယ်သူ့မှာ နှစ်တရာကြာ အေးခဲနေတဲ့ နာမည်ရှိနိုင်သလဲ

နာမည်ကဘာအရေးလဲကွာ

လူတောင် သေရတာပဲလို့

မနက်ခင်းမှာစိုစွတ်နေတဲ့ နှင်းရည်တွေက

လူစကားပြောနေသေးတယ်

အရာအားလုံးဟာ ဆက်သွယ်နေတာ

တခုခုကို လှတယ်လို့ပြောတာ ရူးတာလဲ ဖြစ်တယ်

ဒါပေမယ့် ရူးတာဟာ လှသောဘဝလို့

တခြားသောဆက်သွယ်ချက်မှာ အနက်ထွက်တယ်

ဘယ်တယောက်က ဘယ်သူပဲ

တယောက်က ပျစ်ချွဲ တယောက်က ဘွတ်အဲ

စသဖြင့်ပေါ့လေ

နင်ပဲ ငါပဲ ပြောရတာလွယ်တယ်

သူ့ကိုပဲ နင့်ကိုပဲ

နေလာတော့ ပျောက်မယ့် နှင်းလို ချစ်ရတာလွယ်တယ်

နက်ရှိုင်းမှုလို့ နာမည်ပေးထားတဲ့ ခက်ခဲခြင်းမှာတော့

ကြယ်တွေကြား ကမ္ဘာမြေနေရတာ အထီးကျန်နိုင်လှပါတယ်

နေ့တနေ့ဆိုတာ ကမ္ဘာတပတ်ပဲ

အိပ်မက်ဆိုတာ နှစ်ခြိုက်တဲ့ တရေးကလေးမှာ ဖြစ်တာ

လိင်ဆန္ဒက အဲဒီထက်တောင် တိုးတောင်းသေး

ဆောင်းတွင်းကတော့ ရောက်လာပြီ

အကြောင်းရင်းက ရှာမရသေး၊

(မရှိတာလဲ ဖြစ်မယ်)

အချစ်

ဘဝ

ယုံကြည်တာ

အသက်ရှည်တာ

ထိုင်ထ သုံးဆယ့်နှစ်ကြိမ်လုပ်နိုင်တာ

ထို သူကလေးနဲ့ တရက်ချစ်ရရင်တော်ပါပြီ တောင့်တတာ

တနေ့တာ လူတယောက်ရဲ့ ခေါင်းပေါ်

ပူနွေးနေတဲ့ ဥက္ကာခဲတခု ရောက်လာတယ်

ကြယ်တံခွန်တခု ဖြတ်ပျံသွားတယ်

ချစ်ရခြင်းဟာ အဓိပ္ပါယ်မဲ့ပေမယ့် အနှစ်သာရအပြည့်

ဘဝကတော့ အဓိပ္ပါယ်အပြည့် သို့သော်

အနှစ်သာရမဲ့။

ကျနော်ကောက်ရထားတဲ့ မီးခြစ်ကျောက်ကလေးတွေ ရှိတယ်ဗျာ

ဘယ်သူသိမလဲ

ဒါတွေနဲ့ ကျနော့်ကို တည်ဆောက်ထားတာပါ လို့

လွန်ခဲ့သော ငါးနှစ်က ဆောင်းမှာ အရူးတယောက် ပြောသွားတယ်

ယုံဖို့ လိုပါတယ်

အားလုံးဟာ ပုံပြင်ပဲလေ။။


လင်းခါး

၂၀၂၀ ဒီဇင်ဘာ ၈

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.