ဒေါ်ဝင်းဝင်းမူရယ်

၂၉.၀၁.၂၀၂၃

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ

ဒေါ်ဝင်းဝင်းမူရယ်


ကျနော်နှင့် ပတ်သတ်ခဲ့စဉ်တလျှောက်လုံး

ဝင်းဝင်းမူဟာ

အကြိမ်ကြိမ်အောက်စလွတ်နေခဲ့ဖူးပါတယ်

ထိုအောက်စအမှောင်ထဲ

သံဆူးကြိုးတွေ အထပ်ထပ်

ကတုတ်ကျင်းတွေ ရှည်ရှည်လျားလျားနဲ့

တလတကြိမ်အကြီးအကျယ်

သွေးထွက်သံယိုစစ်ပွဲတွေရှိနေမှန်း

ကျနော် သတိမမူမိခဲ့ပါ

ဝင်းဝင်းမူ ရင်ဘတ်ဟိုက်နေတိုင်း

တောင်ကြားလမ်းဟာ

ဗုံးဆန်မီးကျည်တွေနဲ့ ဝင်းဝါလင်းထိန်နေလည်း

ဝင်းဝင်းမူ ရက်စက်မယ်လို့ ဘယ်သိခဲ့မှာလဲ

ဝင်းဝင်းမူ လုပ်ပေါက်ကို ကြည့်ပါ

တတိုင်းပြေလုံး

အဆွေးသမား နင်းပြားတွေ၊

အကြောအားနည်း ကျောမွဲတွေ၊

တူနဲ့ရိုက်ဖျက်ထားသလို

ပုံပျက်နာကျည်းကြေကွဲအလုပ်သမားတွေ၊

တံဇဉ်နဲ့ ခွဲခြစ်ထားသလို အသည်းကွဲလယ်သမားတွေ၊

မိမိ စိုက်ခဲ့သမျှတိုင်း မိမိ အရင်းရှုံးနေလို့

မိမိ မရိတ်သိမ်းနိုင်တော့

ဒေါ်ဝင်းဝင်းမူဟာ လှပါတယ်

ရင်သားလည်း အနိုင် တင်ပါးလည်း အနိုင်

ရှုံးတယ်မဆိုနိုင်တဲ့ ခါးသေးသေးနဲ့ ဝင်းဝင်းမူ

ဝင်းဝင်းမူကို ဘယ်ကကြည့်ကြည့် စွဲမက်စရာ၊

နံရံတိုင်းရဲ့ အိပ်မက်ဟာ

ဝင်းဝင်းမူတွယ်တက်နေတာကို ကြည့်ဖို့

ကြမ်းပြင်တိုင်းရဲ့ လိုအင်ဟာ

ဝင်းဝင်းမူ တွားသွားပွတ်သပ်နေဖို့အတွက်ပဲ။

ဝင်းဝင်းမူ ပြုံးလိုက်တိုင်း

ဘဏ်တိုးတွေတက်လာ

ဝင်းဝင်းမူ ရယ်လိုက်တိုင်း

ငွေစက္ကူတွေပိုပိုရိုက်နှိပ်ရ

ဝင်းဝင်းမူမူလိုက်တိုင်း

ပြည့်တန်ဆာပုံပေါက်လာတာကလွဲ

ဝင်းဝင်းမူဟာ မင်းမူနေဆဲ

ဘယ်သူတွေ ဝင်းဝင်းမူခဲ့ပါသလဲ

ဝင်းဝင်းမူကို ကျနော် ချစ်ပါတယ်

ဒါပေမယ့် ဝင်းဝင်းမူမှာ လူတန်းစားအမြင်မရှိ

ဝင်းဝင်းမူဟာ မြင်းစီးပြီး ပန်းခင်းကြည့်

ဝင်းဝင်းမူဟာ သူ့ကိုယ်ကို တုံးလုံးချွတ်

ဖောက်ပြန်တဲ့အတွေးရဲ့ လက်ချောင်းတွေကို

ပွတ်သပ်ဖို့မြူဆွယ်နေတာပဲ

ဒေါ်ဝင်းဝင်းမူ ခင်ဗျားဗျာ ခင်ဗျား

ခင်ဗျား ကြောက်စရာကောင်းလိုက်တာ

လူထုရဲ့သားမြတ်ကို ကျားလျှာနဲ့လျှက်ဖို့

ခင်ဗျား ကြိုးစားနေတာပဲ

ကျနော် ဝင်းဝင်းမူကို ကြောက်သွားတယ်

ဒါနဲ့ ဝင်းဝင်းမူဆီ စာတစောင်ရေး

သူ့မောင်လေးကို မုန့်ဖိုးပေး ဒီစာကိုပေးခိုင်းလိုက်တယ်

ဒီစာကို ဖတ်ရင်း ဝင်းဝင်းမူ အံ့သြသတဲ့

မျက်လုံးတွေနီလာပြီး ငိုသတဲ့

နောက်ပိုင်းမှာ ကြားသိရတယ်

ဝင်းဝင်းမူ ငိုတာလည်း

ဝင်းဝင်းမူ ရယ်သလိုပါပဲ

အဲဒါကိုလည်း ဒေါ်ဝင်းဝင်းမူကို သိစေချင်တယ်။ ။

လင်းခါး

၂၀၁၈

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.