ဓာတ်ပုံ
တဘဝလုံး
အချိုကုန်ပြီးသား ပီကေတွေ ဆက်ဝါးခဲ့ပေမယ့်
တယောက်ကိုတယောက်
ဘယ်သူကောက်ကောက်ဆိုပြီး ပစ်ထားခဲ့တဲ့
မိုးရေတွေထဲ သူ ရပ်ကျန်ခဲ့ရတာပဲ
တောင်ကုန်းပေါ်က ဖိနပ်
ဖိနပ်ထဲစွပ်ထားတဲ့
သွားပေမယ့် ဘယ်တုန်းကမှ မရောက်ခဲ့သူ ခြေထောက်တစုံ
သူ အသည်းကွဲနေတယ်ကွယ်
ငိုက်မြည်းနေတဲ့ လက်တွေကနေ တစက်စက်
ထိုသူ၏ စိတ်ပျက်ဖွယ်ကမ္ဘာငယ်ရေစက်များ
မိုးရေထဲမှာ သူ ရပ်နေတာပဲ
မိုးရေထဲမှာ သူ ရပ်နေခဲ့တာပဲ
မိုးရေထဲမှာ သူ ရပ် ကျန်နေခဲ့တာပဲ
ရုပ်ကမ္ဘာကို မေ့လိုက်
အတွင်းထဲကို သွားစမ်း
ဖြစ်ပျက်နေမှုကြီးကို ကြည့်လိုက်
ကြီးမြတ်သော ဖြစ်ပျက်နေမှုကြီး
သူ အသည်းကွဲနေလေရဲ့
ထားပါ မေ့လိုက်တော့
မြို့ပြကို လွမ်းလို့မို့
ထူးအိမ်သင်သီချင်းကို ဖျက်ဆိုရအောင်
"မြို့ပြပျောက်ကြား မူးယစ်သွားခဲ့
ရင်ခုန်သံလေးရယ် ဆွံ့အနေခဲ့
ငါ့ ဝိညာဉ်ရယ် ..."
သူ အသည်းကွဲနေတယ် ကွယ်။။
လင်းခါး
1Sep 2022