နောက်ကျောမှာ တယောက်တော့ မောနေတယ်
လူတယောက်အားငယ်လာတဲ့အခါ
သူ့နောက်ကျောဟာ သေးသွားတယ်
ပုခုံးနှစ်ဖက်ကနေ ရှေ့ကို စိုက်ကျသွားလို့
နောက်ကျောဟာ ကျဉ်းသွားတယ်
နောက်ကျောအရပ်မှာ စုတ်ထိုးနေစရာပေးထားတဲ့
အာဠာဝကရှိခဲ့ရင် ခမျာလဲ မထနိုင်တော့
သူ့ခေါင်းနှစ်ဖက်ကို ဆွဲဆုတ်ထားတယ်
မိန်းမတယောက်ရဲ့ နောက်ကျောကတော့ အလှဆုံးပဲ
သူ့ဘရာစီယာကြိုးချောင်းကလေးကအစ
အတွင်းခံအနားပြားသွေးကြောပမာများအထိ
အားငယ်နေတဲ့ မိန်းမတယောက်ရဲ့နောက်ကျောကတော့
ကမ္ဘာပေါ်မှာ အသေးဆုံးနဲ့
အကြေကွဲရဆုံးပဲ
သိမ့်သိမ့်တုန်လို့နေတယ်
သိမ့်သိမ့်တုန်နေတဲ့ နောက်ကျောကျဉ်းကျဉ်းကို ကြည့်ဖို့
ဘယ်ယောကျာ်းမှာမှ ခွန်အားမရှိဘူး။။
လင်းခါး
2020