နှုတ်ဆက်တယ်

၀၉.၀၂.၂၀၂၃

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်

နှုတ်ဆက်တယ်

နှုတ်ဆက်တယ်

ကျေးငှက်သာရကာတွေရယ်

ဟိုဘက်ဒီဘက် ဖောက်မြင်နေရတဲ့

ငါးလေးတွေရယ်

ဘာရှိမလဲ သိချင်စိတ်နဲ့

မြစ်ကို ဖြတ်ကူးလာသူတွေရယ်

ကိတ်မုန့်ချိုလေးပေါ်က ယင်ကောင်ရယ်

ဒီကဗျာဆီက ဆန်တစ်စေ့ ဆီတစ်စက်မှ မရလို့

ဝမ်းနည်းလှည့်ပြန်သွားရတဲ့

အဖိနှိပ်ခံ မျက်နှာမွဲလေးတွေရယ်

နှုတ်ဆက်တယ်

အကုန်လုံးကို နှုတ်ဆက်တယ်။


ထွေးခံထဲက အရာတွေမှာလည်း

အသားဓာတ် သံဓာတ် ရေဓာတ်တွေနဲ့

အခြား လူ့ကိုယ်ခန္ဓာထဲ လိုအပ်တာတွေရော

မလိုအပ်တာတွေရော။


ပန်းပုရုပ်ကလေးနဲ့

၅ လက်မ ၉ လက်မအရွယ်

ကျွတ်ကျွတ်အိတ်ထဲက ထမင်းဖြူစေ့တွေ။


ငှက်တွေ ရုတ်တရက် ထပျံတဲ့ပုံ

တမင်လုပ်ယူထားတဲ့ ဓာတ်ပုံ။

ဓာတ်ပုံစာသားက လွတ်လပ်မှု

အမှန်တော့ ဒီငှက်တွေ လန့်ပြီးထပျံအောင် လုပ်ထားတာ

အဲဒါတွေကိုလည်း နှုတ်ဆက်တယ်။


သံလွင်ခက်ကို ဘယ်ငှက်ကိုက်ချီလာလာ

ဘိန်းထုပ်တွေကို ဘယ်သူမီးရှို့ရှို့

တောင်တရုတ်ပင်လယ်ကို ဘယ်သူပိုင်ပိုင်

သေနတ်တွေကို ဘယ်သူတရားချချ

ငြိမ်းချမ်းရေးကို ဘယ်ပါးစပ်ကထွက်ထွက်

ပျားရည်နဲ့ ဘယ်ဝမ်းချချ

ခွေးကို ဘယ်သူ ကျည်တောက်စွပ်စွပ်

နှုတ်ဆက်တယ်။


တစ်ညလုံး စောင့်ခဲ့ရသမျှ

မိုးလင်းတော့ သံကြိုးစာဟာ ရင်ကျိုးစရာတွေ

တစ်နေ့လုံး ကြီးမြတ်ခဲ့သမျှ

ညအခါ ခေါင်းမီးစွဲတယ်လို့ အိပ်မက်မက်တာတွေ

လွမ်းအောင် သူဖန်တာတွေ

ကိုယ္က ဒီလိုပါ

သူတို့ကို နှုတ်ဆက်ချင်ရုံ သက်သက်ပါ

နှုတ်ဆက်တယ်

ဘယ်လောက်အထိ နှုတ်ဆက်သလဲဆိုတော့

စွန့်ချလိုက်တဲ့ အညစ်အအကြေးကို

နောက်ဘယ်တော့မှ မမြင်ရတော့မှာမို့

နှုတ်ဆက်သလိုကို နှုတ်ဆက်တယ်

နှုတ်ဆက်တယ်နော်။ ။

လင်းခါး

၈-၂-၂၀၁၄

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.