ပါးနုနု သွေးခြည်ဥအောင် ဖြတ်ရိုက်ခြင်း
ငါ့မှာ ရှေးရိုးစဉ်လာ အယူအဆအစွဲတွေ ရှိတုန်းပဲ
အောင်မြေသွားနင်းတာ၊
အိမ်ထဲမှာ လက်သည်းမညှပ်တာနဲ့
မွေးနေ့မှာ ဆံပင်မညှပ်တာမျိုးတွေ၊
ငါ့မှာ ကြိုရေးထားတဲ့ ကံကြမ္မာနဲ့ ချိန်းတွေ့ဖို့လောက်
စိတ်ထက်သန်နေမိတာပဲ။
ငါ့မှာ လုပ်အားကတော့ ကုန်ခမ်းသွားပြီ
ဆိုပေမယ့် ငါ့မှာ လိင်စိတ်ကတော့ အထူးနိုးကြား၊
ဆိုပေမယ့် တနေ့ငါးမိနစ်လောက်
ဝိပဿနာ အားထုတ်ဖို့လည်း ဆန္ဒကရှိတုန်းပဲ။
ငါက တန်းတူညီမျှမှုကို ချစ်တယ်ဆိုပေမယ့်
သူတောင်းစားလေးက ပုခုံးလာကိုင်တော့
ငါ အလန့်တကြားထခုန်မိတယ်၊ ပုခုံးကိုတစ်ရှူးနဲ့ သုတ်မိတယ်
ဆိုပေမယ့် သူထွက်သွားတာနဲ့ မျက်ရည်ကျမိပါတယ်။
ငါဟာ တယောက်တည်း မြစ်ကမ်းဘေးမှာထိုင်
ငါဟာ မြစ်ရေပြင်ကိုကြည့် ကျောက်ခဲတွေမြစ်ထဲပစ်ချ
ငါဟာ တောင်ပေါ်ကိုတက် ရှုခင်းတွေကြည့်
ငါဟာ ငါ့နာမည်ရှေ့မှာ ပြည်သူ့အတွက်လို့
ဆိုပေမယ့် ငါဟာ မသိနိုးနားတွေကို
ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုချင်ပြန်တယ်။
ငါဟာ ဘယ်လိုပါလိမ့်
မမေးပါနဲ့ ငါဟာ ဘယ်လိုပါလိမ့်လို့
ငါဟာ ဘယ်လိုပါလိမ့်
သင် ပြောကြည့်လေ။ ။
လင်းခါး
၂၀-၅-၂၀၁၅
မိုးလုံးမှိုင်း ၂၀၁၅ ဒီဇင်ဘာ