ယနေ့တလမ်းသွား
ချိန်းကြိုးစက်သီးကြီးများဖြင့်
တဗျစ်ဗျစ်ဆွဲတင်လိုက်သည့်အခါ
ယနေ့သည် ပုံပျက်ကာ ရောက်ရှိလာရပြီ
ယနေ့ကို ကတ်ထူခန့်ချုပ်အဖုံးများဖြင့်
မွှမ်းမံထားသည်
နေပြင်းလျှင် ကော့တက်လာပြီး
ရေစိုလျှင် ပြဲရွဲသွားတော့မည်
လူစုစုမို့ ပြေးကြည့်မိရာ
ယနေ့သည်
ဝါဒအသစ်၊
လမ်းလယ်ရုတ်တရက်ဟာသ၊
အချစ်တပွဲ စသဖြင့် မဟုတ်ဘဲ
ယနေ့မှာ တွေဝေစရာကြီးပင်
ယနေ့သည် အတိတ်ကာလကြာပွတ်များအတိုင်း
ခုများကြည့်တော့ အရည် တရွှမ်းရွှမ်း
ထိုတုန်းကပေါ့ကွာ
နောင်များ မသေချာတော့သော ရှိမှု
ယနေ့သည် ကွမ်းထွေးပုံးအတွင်းက
သတင်းစာစက္ကူများ ဖြစ်ပါသည်
စာလုံးဒီဇိုင်းအမျိုးမျိုးဖြင့် ဂျာနယ်များဖြစ်သည်
ပူပန် တွေးတော တုန်လှုပ် နေနိုင်သည်ကလွဲ
အခြားရွေးစရာမရှိသည့် လေးရပ်သော ဒိုင်းမင်းရှင်း
ယနေ့သည် ရေးရင်း ရေးကာ ရှည်လျားလာသော်လည်း
သင် ထုတ်နှုတ်နှစ်သက်ရန်
ဒိုင်ညောင်တကြောင်းမှ မပါသေး
ယနေ့ နေပြင်းပြင်းသာသည်
လေပြင်းပြင်းတိုက်သည်
ခပ်ပျင်းပျင်းရှိသည့်နှင့် ယနေ့ကို ငေးကြည့်မိရာ
အရက်ပြင်းပြင်းတခွက်သောက်မှ
မေ့ပစ်နိုင်မည့်
ပျင်းစရာအကြောင်းအရာ ဝေဝေဆာဆာ ပုံနှင့်တကွ
ယနေ့ဟာ ယနေ့တုန်းကတော့ ထိတ်လန့်စရာ
နောင်ပြန်ပြောပြတော့ အသောကလေးဖြင့်
ယနေ့မှာ
စစ်ဘုရင်တွေလည်း ပါတော်မမူ
ဘတ်စတီးအကျဉ်းထောင်လည်း မဖောက်
စာအုပ် မီးတင်ရှို့ကြရအောင်လည်း
လည်ပတ်တဲ့ခေါင်းဆောင်များက မပြောသေး
ကျွန်ုပ်၏ ယနေ့အကြောင်းများ တော်ပါပြီ
ယနေ့အကြောင်း
သင်တဦးတည်း၏ သီးခြားဘဝအမြင်နှင့်ပေါင်းစပ်ကာ
တခြားမှာ သွားပြောလေ။ ။
ဧပြီ ၅ ၂၀၁၇