လက်လျှော့ထားပေမယ့်လဲ အိပ်မပျော်ရတဲ့အကြောင်းတွေ
အိပ်စက်ခြင်းကို မယုံပေမယ့်လဲ
လူဟာ အိပ်ရတာဘဲ
ဓာတ်လိုက်ပြီး ကားသွားတဲ့
ခြင်သေတွေဆီ အိမ်မြှောင်တွေရောက်မလာဖို့
ဘယ်သူမှ မတတ်နိုင်ဘူး
တညလုံး ကျွတ်ကျွတ်အိတ်ထဲ ကြွက်က အစာရှာနေတယ်
အကုန်လုံး ဒီလိုပါပဲ
ဘုရင်ဖြစ်ဖြစ်ချင်း ပထမဆုံးချမှတ်တဲ့ အမိန့်တော်က
သတ်စေ တဲ့
အဲဒီ ကာတွန်းဖတ်ပြီး ရယ်လိုက်ရတာ
ကာတွန်းဟာ တကယ့်ဘဝကလာတာပါလို့
ငါ့ကို တယောက်မှ သတိမပေးဘူး
ရယ်ရင်း ငါသေသွားနိုင်တယ်
အားလုံး ဒီလိုပါပဲ
ဖြစ်စရာရှိတာတွေက ဖြစ်ဖို့စောင့်နေတာ
တနေ့လုံးမှ တကြိမ်သာ ပိတ်ရတဲ့ တံခါးမကြီးမှာ ဖားပျံတကောင် ညပ်သေတာ
ဒီအချိန် ဒီနေရာမှာမှ ဒီကဗျာကို ဖတ်ရတာ
ဘယ်သူမှ မ တတ်နိုင်ဘူး
ငိုလို့ ရယ်လို့ နောက်ကျွမ်းပစ်လို့ ရတယ်
သေလို့ ရှင်လို့ နှာချေလို့ရတယ်
ကျောက်တုံးကိုမ,မနိုင်ရင် သေးနဲ့ပန်းလို့ရတယ်
မအိပ်ချင်ဘဲတော့ အိပ်လို့ကို မရဘူး။ ။
လင်းခါး
၂၀၁၈ စက်တင်ဘာ