လူငယ်တစ်ယောက်
မြနေတဲ့ ဝါကျနဲ့ ဂစ်တာကို ဓါးလို လွယ်ထားပေါ့
ထိုလူငယ်တစ်ယောက်
ဘယ်ဘက်လက်မောင်းမှာ
တယောနဲ့ တယောပေါ်က စာအုပ်တစ်အုပ်ပုံ မင်ကြောင်ထိုးထားတဲ့
လူငယ်တစ်ယောက်
လက်ဖက်ရည်ဆိုင် စားပွဲထိုးကို ငေါက်မိတယ်
ငေါက်ပြီး ပြန်ဝမ်းနည်းနည်းနေတတ်တဲ့ လူငယ်တစ်ယောက်
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဘောလုံးလို ပစ်ကန်ထည့်လိုက်ပြီး
မင်းမဲ့ဝါဒီကိုလည်း မီးတောက်လို တောက်ထုတ်ပစ်ခဲ့
၎င်းလူငယ်တစ်ယောက်
အိမ်ပေါ်က သုံးကြိမ်မြောက်ဆင်းခဲ့တော့
လောကလမ်းဆိုတာ ဒုက္ခိတပြေးလမ်းပဲဆိုတာ သိခဲ့
လူငယ်တစ်ယောက်
နိုင်ငံရေးဟာ ခေါင်းအုံးအောက်က ရည်းစားစာထက်ပိုပြီး
စကားလုံးအလှရွေးချယ်ကြတာကို သိလာတယ်
လူမှုရေးဟာ ကိုယ့်လက်က ၀ဲကို သူ့ကို ကူးစေပြီး
သူ့လက် ထဲက အဆိပ်က ကိုယ့်ကို လူးစေမှန်း သိလာတယ်
လူငယ်တစ်ယောက်
မျက်ရည်ကိုက နီနေတယ်
လူငယ်တစ်ယောက်
လက်မ ခဏခဏ ထောင်တယ်
ခေါင်းမော့မော့ထားတယ်
ဒူးထောင်ပေါင်ကားထားတယ်
လူငယ်တစ်ယောက်
လက်သီးကို ဆုပ်ကြည့်တယ် ဖြန့်ကြည့်တယ်
လက်သီးဆုပ်ကို ကြည့်ရင်း သဘောကျတယ်
လူငယ်တစ်ယောက်ဟာ
မြစ်ကို ဖြတ်ကူးဖို့ တောင်တက်ဖို့ ပင်လယ်ခရီးသွားဖို့
ညလယ်မှာ သီချင်းအော်ဆိုဖို့
သေနတ်ဖောက်သံစောင့်နေတဲ့ အပြေးသမားလို စောင့်နေတယ်။
လူငယ်တစ်ယောက်
နားကပ်ကို ချေ ပုံရှိမလား ရှာဝယ်တယ်။
လက်ပတ်ကို ဂျွန်လင်နွန်
ခေါင်းစည်းကို ထူးအိမ်သင်
တီရှပ်ဟာ ဗိုလ်ချုပ်ပုံနဲ့
လူငယ်တစ်ယောက်
ကြုံးဝါးတယ်၊ အော်ဟစ်တယ်၊ ဂနာမငြိမ်ဘူး
လူငယ်တစ်ယောက်
ဘယ်တော့မှ ဒီအရွယ် ပြန်မရတော့ဘူးဆိုတာသိတဲ့
လူငယ်တစ်ယောက်
လူငယ်တစ်ယောက်အတွက်တော့
နေ့တိုင်း လမ်းရွေးရတယ်။
ရွေးလိုက်တဲ့ လမ်းပေါ်
နောက ်တစ်ခါ လမ်းဖြာတော့
နောက်တစ်ခါ ရွေးရတယ်။
လူငယ်တစ်ယောက်ကို
နောက်လူငယ်တစ်ယောက်က ပြန်သုံးသပ်တဲ့အခါ
ဒီမြားတွေဟာ ပစ်မှတ်ဆီကို သွားနေတာပါ
ဒါပေမယ့် ပစ်မှတ်တွေဟာ ဘယ်မှာရှိမှန်း
ဒီမြားတွေ မသိကြပါဘူး တဲ့။
အဲဒီလူငယ်တွေဘက်က
ကျနော်တို့က လောင်းထားကြရတာပါပဲ။ ။
လင်းခါး
11-6-2013
ပိတောက်ပွင့်သစ် မဂ္ဂဇင်း