လူငယ်တယောက်၏ စိတ်ကူးယဉ်ရုပ်ဝါဒ
သခင်ဘဟိန်း ပန်းချီကားအောက်
လူတယောက် ထိုင်နေ
သူနံဘေး ခွေးမတကောင်
ရှေ့လက်နှစ်ဖက်ပေါ် ခေါင်းတင်လျက်
ချစ်ကြင်ပြီးစ ခွေးနှစ်ကောင်ရဲ့
ခွာမရတဲ့ တရားကို ငေးနေတယ်
စနစ်ဟာ ထိုးသွင်းဆက်ဆံခံရမှုတွေများလာ
ပန်ကာတလက်
လေးစက္ကန့်ခွဲတခါ လှည့်လှည့်လာ
လေအေးအေးနှင့် ဓနရှင်လောကများ တိုက်ခတ်သွား
ဗျိုင်းတကောင်ကိုလည်း မြင်ရ
မီးပွိုင့်ကိုလည်း မြင်ရ
အပူပိုင်းဒေသလည်းဖြစ်
ရေပေါ် ဂျွမ်းထိုးထိုးတက်လာတဲ့
လင်းပိုင်တွေကိုလည်း အားကျရပြန်
မုတ်ဆိတ်ကလေး ဆယ့်လေးငါးမျှင်ကို လိပ်ကစားနေရင်း
လူတယောက်ဗျာများနေ
ကဗျာကလည်း ပြားနေ
သခင်ဘဟိန်းကိုလည်း သတိရ
ခြောက်ထပ်တိုက်ပေါ်ကလည်း ခုန်ချချင်
ရေနံမြေမှ ရောက်လာသော မိုးသားတိမ်လိပ်များ
ထိုခံစားမှုများနှင့် ဝေဘူချောင်ခြေရင်းမှာ သွားငိုနေ
မြင်းလှည်းတစီး ခွာတချက်ချက်ကလဲ ပေါက်နေ
ပြောင်းဖူးပေါက်ပေါက် တဖျောက်ဖျောက်လည်း ဖောက်နေ
သခင်ဘဟိန်းပန်းချီကားများတွင်
သခင်ဘဟိန်းကား အမြဲညှိုးငယ်လျက်
ကုန်ခဲလိုက်တဲ့ အချိန်တွေ
နှစ်တရာဟာ မြန်လိုက်တာ
အုတ်ဂူပေါ်က ကြောင်တွေကိုကြည့်
ဘာကိုမှန်းမသိ လူတယောက် ဝန်လေးနေမိ။
လင်းခါး
July 2017