သေဆုံးသူတို့ရဲ့ အသံလွှင့်ရုံ
ရေဒီယို အစီအစဉ်တွေထဲက
သေနတ်သံတွေက ပြတ်သားကြည်လင်လှ
သွေးတွေကို လက်နဲ့ကိုင်ကြည့်လို့ရတဲ့အထိ
အသံက စေးပျစ်နေ
လမ်းပေါ်ကနေ ပစ်တယ်
အိမ်ထဲဝင်ပစ်တယ်
အပစ်ခံရလို့ သေသွားတဲ့ သူရဲ့နာရေး
သူ့နာရေးပို့ဆောင်သူတွေကို ပစ်တယ်
ဖအေ့ရင်ခွင်ထဲက ကလေးတွေကို ပစ်တယ်
ကုတင်ပေါ်က အဘိုးအဘွားတွေကို ပစ်တယ်
အဖေ အမေတွေကို ပစ်တယ်
ဦးလေးနဲ့ အဒေါ်ကို ပစ်တယ်
ညီလေး ညီမလေးကိုပစ်တယ်
မိဘပြည်သူများခင်ဗျာ
အားလုံးကို ပစ်နေတာပါ
ခင်ဗျားတို့အသက်ရှူသံဟာ သူတို့ပစ်မှတ်ပဲ။
ရေဒီယိုက အသံတွေဟာ လမ်းပေါ်ထွက်လာ
လမ်းပေါ်က သေနတ်သံ သွ ေးသံတွေနဲ့အတူ
ရေဒီယိုထဲ ပြန်ဝင်သွားတယ်
ရေဒီယိုထဲအထိ စက်သေနတ်အတွဲလိုက် လိုက်ပစ်
ခုမနက်
သေဆုံးသူ ရေဒီယိုရဲ့ နာရေး။
သေဆုံးသူတွေက ဘာမှ မပြောတော့တဲ့အခါ
မသေဆုံးသူတွေရဲ့ နားဟာ ခံနိုင်ရည်မဲ့သွား
မရှိတော့တဲ့ အသံတွေဟာ
ပေါက်ထွက်လာတဲ့ ဦးနှောက်အထွေးလိုက်လို
ခုန်ထွက်လာတဲ့ အဆုတ်တလုံးလို
တိတ်ဆိတ်မှုဟာ
ပဲ့တင်တထပ်ထပ် ထပ်နေ
မတ် ၂၉ ၂၀၂၁