အချစ်နဲ့ ဟင်းလင်းပြင်
ငါ ငိုနေစဉ်
မုန်ညှင်းတွေ ချဉ်သွားခဲ့
မင်း ရယ်နေတုန်း
ဒိုင်နိုဆောတွေ မျိုးသုဉ်းခဲ့
ငါ အိပ်နေတုန်း
*ဇီမာလမ်းဆုံ*
*အနာဂတ်အတွက်ကဗျာ*
*ပန်းခြံအတွင်း၌ ကျဆုံးသူများ*
ကြီးမြတ်တဲ့ ကဗျာတွေ
အချိန်နဲ့ ဟင်းလင်းပြင်ထဲ တွားသွားနေကြ၊
နောက်နှစ်တသန်းမှာ
ပိရမစ်ကြီးတွေ ကမ္ဘာပေါ်က ပျောက်သွားမယ် တဲ့
အချစ်ရေ
လယ်ပြင်မှာ ဆင်များသွားနေ
စကြာဝဠာကြီး ရူးမိုက်စွာ
ကျယ်ပြောပြန့်ကားနေ
မင့် ဆံပင်တွေကို ငါဖိအိပ်မိလို့
မင့် နာကျင်မှု
ငါ့ လက်မောင်းပေါ် မင့် ခေါင်းတင်အိပ်လို့
ငါ့ နာကျင်မှု
အကြာကြီး မပျောက်ဘူးနော် သိလား၊
ကြယ်ပွင့်ကစားသမားတွေ
အမေရိကားရောက်ရသလို
ခင်သန်းနု လှတုန်းကပုံ ကြည့်ရသလို
ဘယ်သူ့မှာမှ မရှိတဲ့ အဓိပ္ပာယ်၊
အလင်းနှစ်ပေါင်း ဘီလီယံချီကလာတဲ့
ကြယ်တွေကို
ငါ အရည်အဖတ်မရ ငေးခဲ့
ငါ ဉာဏ်မမီတဲ့ သီအိုရီအတွက်
တညလုံး ငါ အချိန်ပေးခဲ့
မေတ္တာတရားဟာ
ထည့်တွက်ရမယ့် ဒိုင်မေးရှင်း
မေတ္တာတရားဟာ
သီအိုရီအော့ အဲဗရီးသင်းပဲ၊
ငါ ယူကျုံးမရ ဖြစ်ခဲ့
အချစ်ရေ
ငါ ယူကျုံးမရ ဖြစ်နေတုန်း
လိပ်မဟာ ဥ ဥဖို့ ကမ်းပေါ်ကို
တက်လာနေခဲ့ပြီ။ ။
လင်းခါး
Feb 2016