အဆင်မပြေပါဘူး သားရီးရာ

၁၈.၀၁.၂၀၂၃

၂၀၂၁ နောက်ပိုင်းရေးဖြစ်တဲ့ကဗျာတွေ

အဆင်မပြေပါဘူးသားရီးရာ


ခုမနက်ထဲ

ငါရောက်ရှိလာပုံကတော့

တကယ့်ကို အဓိပ္ပါယ်တွေနဲ့ ပြည့်ဝနေတယ်

ငါ ဖျားနေတယ်

ချောင်းဆိုးလိုက်တိုင်း သလိပ်ဖတ်ဝါဝါတွေက

လည်ချောင်းထဲကနေ လျှာပေါ်ထိ ခုန်တက်လာကြတယ်


ငါ့ကိုယ်လက်တွေကလဲ ကိုက်ခဲနေလို့

လူရှင်းပြီး တောက်ပနေတဲ့ လမ်းပေါ်

တနေ့တုန်းက တစ်ဘက်စေ့လေး တစ်စေ့ကောက်ရသလို

ပါရာစီတမောလေး တလုံးလောက်ကို ငါတောင့်တ


ဒါပေမယ့် ငါက သက်ဝင်နေတုန်းပဲ

စီဘီဒီနဲနဲများတဲ့ ဝိတတိုင်သောက်

ခုမနက်ကို ငါ ဘယ်လိုရောက်လာတာပါလိမ့်လို့

ကျေနပ်နေမိတယ်


"နက်ဖြန်တို့ကို လက်ခံဖို့ပဲ"

ငှက်တကောင်လူလိုအော်လိုက်သမို့ မော့ကြည့်မိ

ငှက်တွေကိုကြည့်ပြီး

လေဟုန်စီးချင်လာတယ်


မရီရတာတွေ ရီပြီးပြီလေ

မကြိုက်တဲ့ကဗျာတွေလဲ ဖတ်ပြီးပြီ

ယုံကြည်တာအတွက်

မယုံကြည်တာတွေကိုလဲ ဆန့်ကျင်ပြီးပြီ


သေမတတ်ကြီး ခံစားပြီးမို့

မုန်းစရာတွေတောင်မှ မေ့လိုက်ဖို့ကြိုးစား

ချစ်ဖို့ကတော့ မြန်လိုက်တာ

ပြီးရင် ပြုံးပြ ပြန်ထွက်သွားရုံ

ငါ ဒီနေ့ အဆင်ပြေသလိုနေခဲ့သားပဲ


အဆင်မပြေတဲ့ခေတ်ကြီးထဲ

အဆင်ပြေသလိုနေရတာလဲ

အဆင်မပြေပါဘူး သားရီးရာ


လင်းခါး

27 Dec 2022

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.