အတိဒုက္ခ
အတိဒုက္ခကို
ကဗျာထဲထည့်စပ်လိုက်ပါတယ်
ပါဒထဲ ဝါကျအပိုတွေပါလာပေါ့
အတိဒုက္ခကိ
သေနတ်ထဲထည့်လိုက်ရင်တော့
ကျည်ဆံအနေနဲ့ထွက်လာမှာ
အတိဒုက္ခကို
အိပ်မက်ထဲ ထည့်မက်တော့
အိပ်မက်ဆိုး။
အတိဒုက္ခကို
ဆန်အိုးထဲ ထည့်မိရင်
ထမင်းငတ်တော့တာပဲ။
အတိဒုက္ခကို
နိုင်ငံတော်ထဲ ထည့်လိုက်ရင်တော့
အရေးတော်ပုံတွေ ထွက်လာမှာ။
အတိဒုက္ခဟာ
စန္နရားခလုတ်တွေပေါ် ပြေးသွားတော့
တေးသွားတွေ ထွက်လာ
တေးသွားတွေဟာ သွေးအားနည်းစရာ။
အတိဒုက္ခကို
ပန်းချီကားထဲ ထည့်ဆွဲမိတဲ့ ပန်းချီဆရာ
စိတ်ကျဝေဒနာ ပြင်းထန်စွာရ
ပန်းချီကတော့ ကမ္ဘာကျော်ခဲ့ပေါ့။
အတိဒုက္ခဆိုတာ
ဘီလူးတို့စက်ပဲ။
ကောင်းကင်ပေါ်ပစ် မိုးခေါင်
ရေပြင်ပေါ်ပစ် ရေကြီး
လူမိုက်လက်ထဲရောက် နျူကလီးယား။
အတိဒုက္ခဟာ
သပိတ်စခန်းကို
သူပုန်စခန်းလို ဝင်မွှေခဲ့
ကျောင်းသားသမဂ္ဂကို
သူပုန်ဌာနချူပ်လို ဖြိုခွင်းခဲ့
ဆေးရုံကို
ရန်သူ့ဘန်ကာတစ်ခုလို ချေမှုန်းခဲ့
အတွင်းဝန်ရုံးကို
စက်သေနတ်နဲ့ ဝင်မွှေခဲ့။
အတိဒုက္ခဟာ
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
အတိဒုက္ခသွားလေရာ
အတိဒုက္ခများစေတော့တာပဲ။
ဒါကြောင့်
အတိဒုက္ခကို ကဗျာထဲ ထည့်စပ်လိုက်တယ်
ဝါကျတွေဟာ ကျိုးကြေနေတော့တာပါပဲ။ ။
လင်းခါး
၂၀၁၃-၂၀၁၄
ချင်းတွင်း မဂ္ဂဇင်း