အရေးတော်ပုံလင်မယား
ကြက်ကလေးငှက်ကလေးလို
အရေးတော်ပုံကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကဖမ်းသွားတော့
သူ့ချစ်သူဟာ အဲဒီစိတ်နဲ့ ရူးသွားတယ်
အဲဒီကနောက် ကြားကာလမှာတော့
နိုင်ငံရေးအပြောင်းအလဲတွေကို ဟိုလူရှဲ ဒီလူရှဲ
သနားဖို့ကောင်းတဲ့ ချစ်စရာအရူးမကလေးကလွဲ
ဗဟုသုတတွေတောင် ဗဟုသုတမဲ့ကုန်ကြတယ်ထင်တယ်
ငယ်ဂုဏ်ကလေးနဲ့တုန်းကတော့ လှတယ် လွယ်လဲလွယ်တယ်
ဟင့်အင်းကို အလွယ်တကူကျော်ဖြတ်တယ်
ကြောက်ရွံမှုကနေ ထမင်းချိုးဟင်းချိုးမို့ လွတ်ကင်းတယ်
အချစ်အကြောင်းကို အခက်အခဲမရှိ ဒက်ခနဲသိခဲ့ကြပါတယ်။
လူတော်တော်များများကတော့ မေ့တတ်ဆဲ တရားသေဆဲ
နံနံပင်ကအချစ် ပူစီနံကအမုန်း အတုံးလိုက်ကြီးမှတ်နေဆဲ
ဒီနေ့ပြီးရင် နောက်တနေ့လာမှာပဲ ဆိုတာကိုတောင် မေ့
"ပူစူးမကို မေးလိုက်ပါ
နင့်မ ှာ ဆယ့်ခုနှစ်သမီးတုန်းက လက်ဗွေရာမျိုး ရှိသေးရဲ့လား"
အိုမင်းမှုဟာ ရွတ်တွလာစေတယ်
အရေးတော်ပုံပြန်လာလဲ အဆွေးတော်ပုံအဖြစ်နဲ့ပဲ။
အချည်းနှီးဖြစ်ဖို့ရာတောင် ခဲယဉ်းတဲ့ခေတ်ကြီးပါကွာ
အခုတော့ ဟာသတွေ ဖြစ်ကုန်ပြီ
"အာခံတွင်းငုံထားချင်ပေမယ့်
အရေးတော်ပုံက သေးပေါက်ချရင် ဘယ်လိုလုပ်မလဲ"
"တော်လှန်ရေးနဲ့ သောက်ကမြင်းမက လှနေ"
"ကျစ်ဆံမြီးကလေးချထားတဲ့ ဒို့အရေး ဒို့အရေး"
"သီရိသူအလှဆုံးမိန်းကလေး အဓွန့်ရှည်ပါစေ"
နံပတ်တုတ်တွေတောင် နာကျင်ကုန်ကြရတယ်။
ထီးဖိနပ်ပြင်ဂက်စ်မီးခြစ်ဂက်စ်ထည့်
ဒန်ဝယ်တယ်ကြေးဝယ်တယ်ဘတ်ထရီအိုးအပျက်တွေဝယ်တယ်
မီးပူအဟောင်းရေမော်တာအစုတ်တွေဝယ်တယ်
ခေတ်ကပြောင်းလာတယ်
ဖုန်းအစုတ်တွေဝယ်တယ် အဲကွန်းအပျက်တွေဝယ်တယ်
ကြေညာစာတမ်းအဟောင်းကြွေးကြော်သံအစုတ်တွေဝယ်တယ်
ဟိုဘက်နှစ်တွေဟာ ကလက်တက်တက် ဖင်လှုပ်ကနေဆဲ
"အဲဒီမရင့်ကျက်မှုတွေကိုပါ ဝယ်တယ်"
လွန်ခဲ့တဲ့ဆယ်နှစ် ကြက်ကလေးငှက်ကလေးတွေဟာ
ဒီနေ့တော့ ကြက်ကြီးငှက်ကြီးတွေဖြစ်လာတယ်
တချို့လဲ ဇာတ်မြှုပ်သွားတယ် တချို့လဲ ကြက်ဥ
ချစ်သူနှစ်ဦး တမလွန်မှာ တိတ်တိတ်ကလေးကြည်နူးတုန်း
မဲဆွယ်ကားဟာ သွေးသံရဲရဲသီချင်းနဲ့ဖြတ်မောင်းသွား
ဟာ
မြို့ထဲမှာ ဘာတွေဖြစ်နေပြန်ပြီလဲ။ ။
လင်းခါး
၂၀၁၉ ဧပြီ