scraplk 38
အာပုတ်စော်ဟာ တော်တော်ဆိုးတယ်၊၊ နောက်ပြီး ထိန်းချုပ်လို့မရဘူး၊၊ ခွေးတွေရဲ့ရာသီကို ရောက်တဲ့အခါ ခွေးမတွေရဲ့ ကိုယ်အတွင်းပိုင်းကနေ အနံ့တမျိုးထုတ်လွှတ်တယ်၊၊ အဲဒီအနံ့ဟာ ခွေးပုရိသတွေအတွက်တော့ ရူးသွပ်ဖွယ်ပဲ၊၊ တောက်လောက်စေတယ်၊၊ နေ့တဓူဝ အားလုံးကို ဖုံးလွှမ်းပစ်လိုက်နိုင်တယ်၊၊ ခွေးထီးတိုင်းဟာ အနံ့လာရာဆီ မားစ်ဂြိုဟ်ဆီသွားတဲ့ အာကာသယာဉ်တွေလို စုပြုံတိုးဝှေ့သွားကြတယ်၊၊ ပြီးတော့ တက်ခွဖို့ ကြိုးစားတယ်၊၊ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်တယ်၊၊ သွေးထွက်သံယိုဖြစ်တဲ့အထိ တိုက်ခိုက်ရတယ်၊၊ ပါးစပ်ကိုဖြဲထားရတယ်၊ ပန်းနုရောင်သွားဖုံးတွေအပေါ်က သွားတွေဟာ အနံ့တခုအတွက် နေရောက်အောက်မှာ တောက်ပြောင် ဖြဲကားလို့ပဲ၊၊ တချို့ကောင်တွေ အမြီးကုပ်သွားတယ်၊၊ နောက်တလှမ်းဆုတ်သွားတယ်၊၊ သို့သော်လည်း အနံ့ဆီကနေ ဝေးရာကို ထွက်သွားဖို့ သူ့မှာ အင်အားမရှိ၊၊ သူ့အင်အားဟာ သူ့ကိုယ်တွင်းမှာသာ ရှိတယ်၊၊ ဒါကို တက်ခွခြင်းနဲ့ အဆုံးသတ်ရမယ်၊၊ အဲဒါတွေ အားလုံး ခွေးမ ဖင်က လာတဲ့ အနံ့ကြောင့် ဖြစ်ရတာတွေချည့်ပဲ၊၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါဟာ ကွန်ပျူတာ စာစီသမား လုပ်ခဲ့တာ၊၊ တနေ့တနေ့ ငါဟာ အိတ်ဆဲနဲ့ ဇယားကွက်တွေ တည်ဆောက်တယ်၊၊ ပေ့ခ်ျမိတ်ကာနဲ့ စာမျက်နှာများစွာ ပြုလုပ်ရတယ်၊၊ ငါ့ဘေးမှာတော့ ဇယားထဲသွင်းဖို့ ကိန်းဂဏန်းတွေ ပြောပေးတဲ့ လူတယောက် သို့မဟုတ် အက်စ်ဒီကျအောင် အက်စ်ဒီကျအောင်နဲ့ ကြားဖြတ်ထည့်ထည့်ပြောတတ်တဲ့ ရုံးစာတိုင်ပေးသူတယောက် အမြဲရှိတတ်တယ်၊၊ ပြဿနာက အာပုတ်စော်ပဲ၊၊ တချို့ရက်တွေမှာ ငါဟာ ပျို့အန်တော့မတတ် ခဏ ခဏ ဖြစ်တယ်၊၊ ခင်ဗျား အာပုတ်စော်ကြီးက နံလိုက်တာဗျာလို့ ပြောလို့ မဖြစ်တော့ ငါရဲ့ စာစီသမားဘဝနေ့ရက်ရဲ့ အချိန်တော်တော်များများကို အသက်အောင့်ထားရင်းနဲ့ ကျော်လွန်ခဲ့ရတယ်၊၊၊ (အခုဆို တခါတလေ ကွန်ပျူတာရှေ့ထိုင် ကီးဘုတ်ပေါ် လက်တင်လိုက်မိတိုင်း ယောင်မှားပြီး အသက်အောင့်နေမိသေးတယ်) အဲဒီနေ့ရက်တွေကတော့ လူအမျိုးမျိုးရဲ့ အာပုတ်နံ့အထွေထွေကို ရှူရှိုက်နေခဲ့ရတဲ့ ရက်များပါပဲ၊၊ အဲဒီဒုက္ခကို စာစီသမားမဖြစ်ခဲ့ဘူးပဲ ဘယ်တော့မှ သိလိမ့်မယ် မထင်နဲ့၊၊ အာပုတ်စော်ဟာ လူတယောက်ကို သိက္ခာချနေသလိုပဲ၊၊ ဒါပေမယ့် အာပုတ်စော်မနံအောင် ဘယ်လိုနေထိုင်ရမယ်လို့ ကျန်းမာရေးဗဟုသုတကျတော့ ရှာရခက်လိုက်တာ၊၊ အဲဒီကာလတွေတုန်းက ငါက ခပ်ပိန်ပိန်ရယ်၊ ပြီးတော့ ငါဟာ သေတဲ့အထိတောင် အာပုတ်စော်နံမှာမဟုတ်၊ ဘဝတလျှောက်လုံး အိပ်တိုင်းဟောက်မှာမဟုတ်ဘူး လို့ ယုံကြည်ခဲ့တာ၊၊ အာပုတ်စော်နံခြင်းကိုလဲ ကိုယ်ကျင့်တရား နည်းပါးသူလို ရောထွေး မုန်းတီးနေမိခဲ့သေးတာ၊၊ ငါ့အသက် တဆယ့်ကိုးနှစ်သားတုန်းက ရှားရှားပါးပါး ငြိခဲ့တဲ့ စော်လေးတဗွေကို အာပုတ်စော်နံလွန်းလို့ ချစ်စိတ်ပြယ်ခဲ့ဖူးတယ်၊၊ ပြီးတော့ ပြတ်သွားတာပေါ့၊၊ (ငါဟာ တော်တော်မိုက်တဲ့ကောင်ပဲ ကောင်မလေး လှကလှနဲ့) ခုတော့ ငါ တဖြည်းဖြည်းဝလာတယ်၊၊ အိပ်တိုင်းဟောက်တယ်၊၊ ပြီးခဲ့တဲ့ တရက်က ပြောမနာဆိုမနာ ဘော်ဒါက ပြောတယ်၊၊ ဟေ့ရောင် မင်း ပါးစပ်ကြီးက နံလိုက်တာ တဲ့၊၊ ငါ တကယ် ထိရှ သွားတယ်၊၊ ပါးစပ်ရှေ့မှာ လက်ဝါးထောင်လို့ ဟားခနဲ တချက်လုပ်ကြည့်တယ်၊၊ ဘာအနံ့မှမရဘူး၊၊ တကယ်တော့ ဘယ်သူမှ ကိုယ့်အာပုတ်နံ့ကို ကိုယ်ပြန်မရမှန်း ငါသိပါတယ်၊၊ ဟုတ်ကဲ့လားရယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်တင်ဖို့ အားထုတ်ကြည့်တာ သက်သက်ပဲ၊၊ အရာလဲ မထင်ဘူး၊၊ ဒါတောင် ငါဟာ အသားစားသူတယောက်မဟုတ်ဘူး၊၊ အလွန်ဆုံး ကြက်ဥ ဘဲဥသာ စားခဲ့တာ ငါ့ကျမှ ဒီလိုလာဖြစ်ရတယ်လို့ အကြီးအကျယ် ဆုံးရှုံးနစ်နာရမှုကြီးလို ငါ့မှာ ခံစားနေရတယ်၊၊ အဲဒီနေ့ကစလို့ ငါ့မှာ ယုံကြည်မှုမဲ့သွားလိုက်တာ၊ လူတယောက်ကို တည့်တည့်ကြည့်ပြီး စကားပြောဖို့တောင် မရဲဘူး၊၊ နေ့စဉ် နေ့တိုင်း ငါအာပုတ်နံ့ဟာ ငါ့ဘဝအသိလိုပဲ ငါ့ကို အမြဲ ခြိမ်းခြောက်နေတော့တယ်၊၊ ဒီစာဖတ်ရင်း အာပုတ်စော်များ နံနေရင် ခွင့်လွှတ်ပါနော်