စစ်ရာဇဝတ်
#scraplk
စစ်ရာဇဝတ်ဆိုတဲ့ နာမည်ကို သူ့အဖေဘယ်လိုများ ပေးလိုက်သလဲလို့ ကောင်လေးကိုမေးကြည့်တယ်။ သူက မသိပေမယ့်လဲ ကြိုးစားပြီးဖြေနေပုံက နေ့လယ်ဆယ့်တနာရီနေလို ထင်ရှားတယ်။ ဒါပေမယ့် ငါက မော့တောင်မကြည့်ပါဘူး။ သူပြောပုံက ဒီလို အဲဒီတုန်းက ကျနော်တို့နယ်မှာ စစ်ရာဇဝတ်မှုတွေ အရမ်းကို ဖြစ်နေခဲ့တယ်တဲ့။ အဲဒီတုန်းကဆိုတာ သူ့အမေဗိုက်ထဲကနေ သူဗြွတ်ခနဲထွက်မလာရသေးခင် ဗိုက်ထဲမှာပဲ ရှိနေခဲ့သေးတဲ့အချိန်ကိုပြောတာ။ သူ့အမေကို ငါ စဉ်းစားကြည့်တယ်။ ဗိုက်ဖုံးအင်္ကျီနဲ့ အဲဒီဗိုက်ဖုံးအင်္ကျီပေါက်ထွက်သွားအောင်ထိုးလိုက်မယ့်ဘက်နက်နဲ့ သွေးညှီနံ့တွေကလဲ စားကျက်ပေါများတဲ့ သူတို့ဒေသရဲ့ နွားနို့တို့ နွားချေးတို့ဆီကတောင် ရနေတဲ့အချိန်ကြီး။ တော်တော်ကြီးကို ခက်ခဲမှာ။ ငါလဲ သူ့အမေကို သနားသွားတယ်။ ဒါပေမယ့် စစ်ရာဇဝတ်ဆိုတဲ့ ငနဲလေးက သူ့နာမည်သူ စာလုံးပွိုင့်အကြီးကြီးတွေ၊ ခန့်ချုပ်ကြီးတွေနဲ့ သမိုင်းစာအုပ်တွေထဲမှာ ပါတတ်တာမှန်းသိလို့ ဂုဏ်ယူနေတာသေချာတယ်။ ဒါပေမယ့် သေချာအောင်တော့ မေးရတယ်။ နေစမ်းပါဦးကွာ မင်းတို့နယ်ဆိုတာ ဘယ်ဒေသကို ပြောတာလဲ။ မင်းမွေးတဲ့ခေတ်ကြီးတခုလုံးဟာ နေရာဒေသတိုင်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေခဲ့ကြတာလို့ ငါမေးတယ်။ မေးနေရင်းနဲ့လဲ သူ့အဖေနဲ့ အမေရဲ့ ဥာဏ်အမျှော်အမြင်ကို ချီးကျူးချင်သလိုဖြစ်လာလို့ မင်းမဖြေလဲ ရပါတယ်လို့ ငါ ဆက်ပြောလိုက်တယ်။ သို့ပေမယ့် ဇာတိကို ဘယ်ကလဲ မေးတာဟာ ဝမ်းနည်းစရာမှမဟုတ်တာ။ ခဏ ခဏ အမေးခံရတာမျိုး။ ကောင်လေးကလဲ ဘာလို့မှန်းတော့ မသိဘူး မဖြေချင်ဘူး။ ကျနော့်နာမည် စစ်ရာဇဝတ်ဖြစ်နေတာနဲ့ပဲ ခဗျားမေးသမျှတော့ မဖြေနိုင်ဘူးဗျာလို့ သူပြောတယ်။ အဲဒါလဲ မှန်ပါတယ်။ တကယ့်ကိုမှန်တာ သူက တရားခံမှ မဟုတ်တာ၊ တရားရုံးနဲ့ ပတ်သက်လို့ နာမည်တခုခု ညွှန်းပြုစရာဆိုရင်တောင် သူက သက်သေဖြစ်ရမှာထင်တယ်။ ဒါပေမယ့် အဲဒါကိုသိလို့ မဖြေချင်တာမျိုးတော့လည်း မဟုတ်ဘူး။ အမေးအဖြေတွေကို တော်ပါပြီဗျာဆိုတဲ့ဟန်နဲ့ ထိုင်နေတဲ့ သူ့ကိုပဲ ငါငေးကြည့်နေမိတယ်။ စစ်တပ်တွေ ထင်ရာလုပ်တဲ့ ဒေသတွေကနေ လွတ်ထွက်လာတဲ့ကလေးတွေ အများကြီး ငါမြင်ဖူးတယ်။ တကယ့်ကို မျက်ရည်လည်ဖို့ကောင်းတယ်။ ဒါပေမယ့် တချို့က ဘောလုံးသမား၊ တချို့က အဆိုတော်၊ တချို့က ရူပဗေဒပညာရှင်တွေ ဖြစ်သွားကြတယ်။ ဘာမှမဖြစ်တာတွေလည်း အများကြီးပေါ့။ အကုန်လုံးကတော့ ခဲယဉ်းကြတာတွေချည့်ပဲ။ တချို့က ဆက်လက်သယ်ဆောင်တယ်။ တချို့က နွံထဲက ရုန်းထွက်တယ်။ ဒါပေမယ့် ငါ့မျက်စိရှေ့က အခု ဒီကောင်လေးလို နာမည်က စစ်ရာဇဝတ်ဖြစ်နေပြီး တပ်ထဲမှာ ဒုတပ်ကြပ်ရာထူးနဲ့ ထမင်းချက်ဖြစ်နေတာမျိုးတော့ အတော့်ကိုရှားတယ်။ ဒီကောင်လေးပုံစံကြည့်ရတာလဲ ငှက်ပစ်တာနဲ့ ရေကူးတာကို တပြိုင်တည်းလုပ်လို့ရမယ် ထင်နေတဲ့ ရုပ်မျိုး။ စဉ်းစားပုံကလဲ သူု့စဉ်းစားပုံကို တယောက်ယောက်ကများ သိရင် အဲဒီတယောက်ယောက်ဟာ မင်းဘယ်လိုတွေတောင် စဉ်းစားလိုက်တာလဲလို့ နှစ်ခါပြန်စဉ်းစားသွားရမယ့် စဉ်းစားပုံမျိုး။ အခုမျက်စိရှေ့မှာ ဒီကောင်လေးကို မြင်နေရတာကိုက တော်တော်ကြီးကို ဆန်းကြယ်တဲ့ အဖြစ်ပဲ။ ငါက မေးခွန်းတချို့တောင် မေးလိုက်နိုင်သေး။ ဒါပေမယ့် အဖြေတော့ မရပါဘူး။ ဒီတော့ ငါလဲ မကျေနပ်ဘူး၊ တခုတော့ ထပ်မေးပါရစေကွာ မင်းအဖေနဲ့ အမေက မင်းကို အထူးတလည် မှာကြားခဲ့တာတွေများ မရှိဘူးလား လို့ ငါဆက်မေးတယ်။ ကျနော် လူမှန်းသိတော့ အဖေနဲ့အမေ မရှိတော့ဘူးဗျလို့ နာကျည်းတာလုံးဝမပါတဲ့ အသံနဲ့ ပြောရင်းတဆက်တည်း ဂုဏ်ယူဝံကြွားတဲ့လေကို ပြောင်းသွားပြီးဆက်ပြောတယ်။ ဒါပေမယ့် အခုက ကျနော့်မှာ အဖေအမေအသစ်ရှိနေပြီလေ။ သူတို့ကျေးဇူးနဲ့ အခုကျနော်ဟာ ငှက်တကောင်လို ပျံနိုင်တယ်။ ခြင်္သေ့တကောင်လို ခွန်အားရှိနေခဲ့တာလေ တဲ့။ အဲဒီစကားကို သူပြောနေချိန်မှာ အားပါပါနဲ့ ထခုန်ပြလိုက်သေးလို့ သူ့ တောစီးဖိနပ်က ငါ့ခြေမကိုတောင် တက်နင်းမိသွားတယ်။ ငါယုံပါတယ်ကွာ မင်းက စစ်ရာဇဝတ်ပဲလေ လို့ ငါ ထောက်ခံလိုက်ပါတယ်။
လင်းခါး
၂၀၁၉ မေ