ရွှေ့ပြောင်းဘုရား

၂၅.၀၁.၂၀၂၃

scraplk

အိမ်ကို ဒေသစာရီ ကြွချီတော်မူလာခဲ့တဲ့ ကိုယ်တော်ဟာထိုင်လျက်ကြွရောက်လာခဲ့စဉ်တုန်းကတော့ ရွှေရောင်။ ကိုင်ကြည့်ရင် မျက်နှာတော်ကအစဗြုတ်တွေနဲ့။ ထစ် ထစ် ထစ် ထစ် ဖြစ်နေတယ်။ သို့သော်လည်း တကယ် သပ္ပါယ်တော်မူခဲ့ပါတယ်။ ဘုရားဆိုပေမယ့်လည်း ဥာဏ်တော်ကား ရှိလှ လေးငါးလက်မ ထက်ဝယ်ဖွဲ့ခွေလို့ မျက်လွှာချလို့ အဲဒီအတိုင်း တဆယ့်သုံးနှစ်ကြာတော်မူခဲ့တယ်။ စောင်းတန်းတခုခုကနေ ကိုယ်တော်မြတ်ကြီး ကြွချီတော်မူလာခဲ့တယ်လို့ ကျနော်မျိုးမှတ်မိတယ်။ မှန်ပေါင်းချောင်လေးထဲ သီတင်းသုံးပါတယ်။ ဘုရားအမှန်တကယ် ဖြစ်ပါစေကြောင်း (ထင်ပါရဲ့) အနေကဇာထင်တယ်။ ထို့နောက် သောက်တော်ရေ၊ ဆီမီးတို့ ပူဇော်ထားတယ်။ တပတ်တကြိမ် ဘုရားရှေ့က ကြေးဝါကျည်တောက်ထဲ ဘုရားပန်းထည့်တယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်တုန်းက ငရဲမှာပဲ ရှိဦးမယ့် ပိုးလောက်လန်းတွေ ကြေးဝါကျည်တောက်ထဲ အမြဲရှိတယ်။ ထိုကိုယ်တော်မြတ်ကြီး အိမ်မှာ သီတင်းသုံးတာ တပတ်လောက်ကြာတော့ ရွှံနဲ့ပြုလုပ်ထားတဲ့ တရားနာဟန် ဦးဇင်းငါးပါး ထပ်ရောက်လာတယ်။ သူတို့က ငါးလက်မလောက်သာရှိမယ့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တဝက်လောက်သာရှိမယ်။ ဒါပေမယ့် သင့်တော်တော်မူပါတယ်။ ပဉ္စဝဂ္ဂီငါးပါးလို့ ထင်တယ်။ ထိုဦးဇင်းငါးပါး တပါးနဲ့တပါး တရားနာဟန်မတူ ထိုင်ပုံထိုင်နည်းမတူ။ ထိုးငါးပါးကို ဘုရားရှေ့ အနည်းငယ်စီခြားလို့ ဟိုနေရာ ဒီနေရာ သင့်ရာ နေရာချပေးထားတယ်။ ရှစ်နှစ်နေတော့ ရွှံရုပ် ဦးဇင်းတပါး ပျောက်သွားတယ်။ ကြောင်ချီတော်မူတယ်ထင်ပါရဲ့။ ထို့နောက် သုံးလကြာတော့ ကြေးစည်နေရာချရင်း ဦးဇင်းတပါး ထက်ပိုင်းပြတ်လို့ သင့်တော်ရာ စွန့်ပစ်ရတယ်။ (ဦးဇင်းမို့ အတွေးအခေါ်မုန်တိုင်းဆင်ဖို့မလို ပြဿ နာမများ) သုံးပါးကျန်ပေမယ့်လဲ ဥတုရာသီ အလီလီဆွေးတော့ မူလရုပ်သဏ္ဍာန်မှ ဖယ်ခွာလာကြရာက ဦးဇင်းများရုပ်ကလေးတွေဟာ သင်္ကန်းရောင်မရှိတော့။ ထို့နောက် မြို့ရေကြီးတဲ့နှစ်မှာ ခြေပစ်လိုက်သလို ထူးဆန်းစွာ ကြေမွကုန်လို့ ထပ်မံ စွန့်ပစ်ရပါတယ်။ ဘုရားတပါးသာ မှန်တိုက်ကလေးထဲ ကျန်ခဲ့တယ်။ ယနေ့ ထိုဘုရားကို ကြည့်ပါလျှင် ရွှေရောင်ဆေးကျွတ်၍ ရင်ဘတ်တော်၊ မျက်နှာတော်တို့ မဲညစ်လို့နေပါပြီ။ သို့နှင့်တနေ့ အသစ်ကျပ်ချွတ်ရုပ်ပွားတော် ဘုရားတဆူ ပွဲစျေးတန်းက ဝယ်ခဲ့တယ်။ မှန်ပေါင်းချောင်မှ အရှင်ဘုရားကို ထုတ်၊ အရှင်ဘုရားအသစ်ကိုထည့် ဘုရား ဘုရားချင်း ဒဲ့လဲခဲ့ရတယ်။ သို့သော်လည်း ငါးလက်မအရွယ် ယခင် ကိုယ်တော်မြတ်ကြီးကို ဘယ်သို့ ဘယ်ပုံ နေရာချထားရမည်မသိတော့။ ဘုရား ဘုရားချင်း တစင်ထဲ ဘေးကပ်ထားမည်ဆိုတော့လည်း တနေ့ တနေ့ ဘေးကဘုရား အားနာနေရမည်နှင့် လိုရင်းတရားဆီ ရောက်မည်မဟုတ်။ ညစ်စုတ်အမှိုက်တွေနဲ့ တတန်းထဲထား အမှိုက်ပုံသို့ စံမြန်းရန်ပို့ဆောင်ပါကလည်း မသင့်တော်။ ရုပ်ပွားတော်အဟောင်းတဆူရောင်းရန်ရှိသည်ဆိုတော့လည်း မဖြစ်သေး။ ဆယ့်သုံးနှစ်ကြာ နေ့စဉ်ဦးတိုက်ရှိခိုးခဲ့သည့် မိမိဘုရားမိမိမို့ သံယောဇဉ်ကလည်းရှိ ထိုဘုရားအဟောင်းအား မည်သို့စီမံရမည်ကို အဖြေရှာမရဖြစ်နေပါသည်။ ဘုရားတဆူ အရေးတကြီးလိုအပ်နေသူများ အမြန်ဆက်သွယ်ပါ။ လှူဒါန်းချင်ပါသည်။ ရင်ဘတ်တော်နှင့် မျက်နှာတော် ဆေးသားပျက်ပြီဆိုသော်ငြား တွဲလျက်ပလ္လင်တော်ပါ ပါဝင်ပါမည်။ ရွှေဆေးသုတ်က မူလရှိစဉ်ကသို့ တဖန်သက်ဝင်ကြည်ညိုဟန် ရောက်ပါဦးမည်။ အွန်လိုင်းဒလီဗယ်ရီမှ တဆင့် ဘုရားစင်ပေါ်အရောက် ပို့ဆောင်ပေးပါမည်။ နယ်ဝေးဖြစ်ပါက ပို့ခကို သင်တို့က ကျခံပေးပါ။

လင်းခါး

အမျိုးအစား -စကားပြေအရေးအသား
ဆက်စပ်မှုများ-
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.