scraplk 23
ကိုယ်လွှတ်မထားရင်ဘဲ မလွတ်တော့မယ့် လူတွေကျနေတာပဲ "လွှတ်ထားလိုက်ပါကွာ" လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရတယ်။ ငါ့မှာဆိုရင် မနာလိုစိတ်ကလဲ အရမ်းကြီးတယ်။ တနေ့ တနေ့ မနာလိုရတာနဲ့တင် ဆဲလ်တွေအများကြီး သေဆုံးသွားတယ်။ တယောက်ယောက် သောတာပန် ဖြစ်လို့ ဖြစ်နေပြန်ပြီ။ တယောက်ယောက် စျာန်ရလို့ ရနေပြီ။ မနာလိုစိတ်နဲ့ဆိုတော့ လေညှင်းကလေးနဲ့တောင် ကိုယ်တွေလက်တွေနာတယ်။ ငါ့မှာ ပူလောင်ရလိုက်တာဆိုတာ အချိန်များစွာမှာ နားရွက်ကို ကိုင်ကိုင်ထားရတော့တာပဲ။ သူတပါးကို ရက်ရက်စက်စက်ပြောရမယ်ဆိုရင်လည်း ခွန်အားကအပြည့်နဲ့။ ဒေါမာန်ဟုန်နဲ့။ ကိုယ့်ကိုယ်ကိုယ် သိပ်ကောင်းလှပြီ ထင်တာမဟုတ်ပေမယ့် အကုန်လုံးက ကိုယ့်ထက်တော့ အာရုံခံစားမှုအရ ပိုတော်မနေဘူးလို့ ကမ္ဘာဦးရဲ့ ပထမဆုံး နေမင်းအလင်းရောင် ဝင်နေတာပေါ့။ "ဒါဟာ လိုအပ်ချက်တွေနဲ့ ကမ္ဘာပဲ" အဲဒီဝါကျမျိုးနဲ့ အသွားတူတဲ့ စပ်ထည်ဝါကျတွေ ကဗျာထဲ ထည့်ထည့်ရေးတယ်။ ကမ္ဘာကြီးရဲ့ နေရာတော်တော်များများက ချွတ်ချုံကျမှုကို ဖော်ကျူးတာ မဟုတ်ဘဲ ဖြစ်ထွန်းနေတဲ့ကောင်တွေကို သတိပေးတဲ့ ကြေညာစာတမ်းရဲ့ ခေါင်းစီးပဲ။ ကမ္ဘာကြီး မအောင်မြင်တာ ငါ မအောင်မြင်လို့ပဲ။ တိတ်ဆိတ်ခြင်းဟာ တန်ဖိုးပဲလို့ ငါတိတ်ဆိတ်နေတဲ့အခါမှာ ယုံကြည်တယ်။ ငါ စကားပြောရရင်တော့လည်း ဖရီးဒမ်းအော့ အိတ်ပရက်ရှင်ပေါ့။ ငါ့ခေါင်းပေါ်မှာ မင်းတို့ဘုရားကိုတည်စမ်းပါ။ မင်းတို့ဘုရားကို ရှိခိုးတိုင်း ငါ့ကိုပါရော ရှိခိုးရမယ်လို့ တောင်ကုန်းတခုလို လူစားတွေကတော့ သိပ်ပေါတယ်။ ငါကတော့ ငါကိုယ်တိုင်က ဘုရားဖြစ်ချင်တာ။ ဒီတော့ တာဝန်ယူရတာတွေကလည်း သိပ်များတာပေါ့။ ပြုံးပြရတယ်။ ရပါတယ်ကွာ ဒါတွေက ဒီလိုပါပဲ လို့ ပြောရတယ်။ လွတ်လပ်စွာ ပြောဆိုကြပါလို့ ငါစတေးတပ်တင်တယ်။ ပြီးတော့ အားလုံးကို အန်ဖောလိုးလိုက်တယ်။ ဉာဏ်ကောင်းတော့ အင်အားကြီးတဲ့ စကားလုံးတွေကလည်း ငါ့ကို မနိုင်ဘူး။ လူ မနိုင်ရင်တော့ ငါက သည်းခံလိုက်တယ်။ များလာတော့လဲ ဓားတွေ ငါ့အိပ်ရာပေါ်မှာ များလာတယ်။ ငါ့ဦးခေါင်းဟာ ငါ့ အငုံ့စိတ်တွေနဲ့ ချင်းချင်းနီပေါ့။ သို့သော် ငါကား ဦးမညွတ်ဆိုတာမျိုး။ တံစက်မြိတ်အောက်မှာ ဒေါသနဲ့ ငြိမ်နေတဲ့ ခိုတကောင်အလားပဲ။ ဒါပေမယ့် တကောင်းတည်း သင်းကွဲ ခို ဆိုတာ ရှိလို့လား။ ငါ ဟာ ခရမ်းရောင်သမ်းနေတဲ့ လည်တိုင်နဲ့ ပဲစေ့တွေဆီ အစောဆုံး ရောက်ရှိသွားတဲ့ အားလုံးထဲက ခိုတကောင်ပါပဲ။
လင်းခါး